သင်ခန်းစာ(၆၂)
သင်ခန်းစာ(၆၂)
အဘိုးအိုတစ်ဦး ငါးမျှားသော နေရာသို့ ရောက်ခဲ့သည်။ ကျွန်တော်က မိတ်ဖွဲ့သည့်အနေဖြင့် ပြုံးပြလိုက်သည့်အခါ သူကခေါင်းတစ်ချင်ညိမ့်ပြီး အသိအမှတ်ပြုသည်။ ကျွန်တော်က

“အဘဒီလိုငါးမျှားနေတာ ဘယ်လောက်ကြာပြီလဲ”
“ ငါမွေးကတည်းကပဲ ”
တဲ့။ သူ့အဖြေကြောင့် ကျွန်တော်အံသြသွားရသည်။ မဖြစ်နိုင်တာဟု တွေးလိုက်မိသည်။
အဘိုးအိုက ကျွန်တော့မျက်လုံးကို scan ဖတ်ရှုလိုက်ပြီးနောက် ……………
“ ဟုတ်တယ်၊ ငါပြောတာမင်းနားလည်မှာမဟုတ်ဘူး။ ငါမွေးလာကတည်းက အမြဲတမ်းလိုလို တစ်စုံတစ်ခုကို စောင့်ဆိုင်း မျှော်လင်ခဲ့ရတာ။ မျှားယူခဲ့ရတာ။ ငယ်ငယ်တုန်ုးက ပညာကို မျှားတယ်။ အရွယ်ရောက်လာတော့ ငွေကိုဖမ်းဘို့  မျှားရတယ်။ ကြင်ယာရဖို့လဲ ကောင်မလေးတွေကို မျှားရပြန်တယ်။ အခုငါးတွေကိုမျှားနေတယ်။ အခု အသက်ကြီးသွားပြန်တော့ တရားတွေ၊ ဘာသာရေးတွေကို မျှားနေရတုန်းပဲလေ။”
သူမျက်ဝန်းထဲမှာ စိတ်ရှည်လက်ရှည် ငြိမ်သက်ခြင်းများနှင့်နူးညံ့ပါးလျားသောမျှော်လင့်ချက်များ ရီဝေနေကြသည်။ အချိန်တစ်ရွေ့ ရွေ့ ဖြတ်သန်းသွားကြ၏။ ကျွန်တော်က
“ အဘဟာ တစ်သက်လုံး မုဆိုးကောင်းတစ်ယောက်ဖြစ်ခဲ့တာပဲ ”
သူခေါင်းကို ခါရမ်းလိုက်ပြီး……………………..
“ ငါလည်း အဲဒါကိုပဲ ဝေခွဲမရဖြစ်နေတာ။ ငါဟာ မုဆိုးလား သားကောင်လားဆိုတာကိုပေါ့။ ငါက ငါးတွေကို ဖမ်းပြီး ဒီကနေပြန်သွားတယ်။ နောက်တစ်နေကျတော့ ဒီနေရာကိုပဲ ပြန်လာရတယ်။ နေ့တိုင်းနေ့တိုင်းလာရတယ်။ ငါးဖမ်းတယ် ပြန်သွားတယ်။ ပြီးတော့ ဒီကိုပဲ ပြန်ပြန်လာရပြန်ရော။ ဘယ်တော့မှ ဆုံးနိုင်မှာလဲ။ ငါဟာ မလွတ်လပ်တော့ဘူး။ ငါးတွေက ဘယ်တော့မှ ကုန်သွားတာရယ်လို့ မရှိဘူး။ တကယ်ကုန်ခမ်းသွားတာက ငါ ပဲ။ ငါပြောတာမင်းနားလည်းလား။ ငါးတွေက ငါ့ကို ပြန်မျှားနေကြတာ။ ငါဟာ မုဆိုးမဟုတ်ဘူး သားကောင်ပါ။”
အဘိုးအိုက လေးလံသောခြေလှမ်းများဖြင့် ကျွန်တော့်အနီးနီးမှ တရွေ့ ရွေ့ ထွက်ခွါသွားသည်။
(Credit:မင်ခိုက်စိုးစံ၏ ကျွန်တော်နှင့်မုဆိုးမှ ထပ်ဆင့်ပွားယူထားသော အတွေးလှိုင်းများဖြစ်ပါသည်။ မင်းဥာန်သာ)
(PS: မုဆိုးလား သားကောင်လား၊ မင်းဘာကောင်လဲ ငါဘာကောင်လဲ ဆိုတာ စဉ်းစားရင်းနဲ့ ကျွန်တော်တို့အားလုံး နေဝင်သွားတယ်။ တကယ်တမ်း စားသွားတာက အချိန်တွေရယ်လေ...)
ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
https://web.facebook.com/htooaungwintt/

Comments
Post a Comment