ဘာလိုလိုနဲ့


ဘာလိုလိုနဲ့ နိုင်ငံခြားဇာတ်ကားတွေ နိုင်ငံခြားသီချင်းတွေကို
ပိတ်သိမ်းခဲ့တာ ဆယ်စုနှစ်တစ်ခုစာလောက်တောင်
ရှိတော့မှာဘဲ …

ကောင်းတယ် …
ကျုပ်ကတော့ ထောက်ခံတယ် …
လူသတ်မှု မုဒိမ်းမှုတွေ ကျူးလွန်ကြတာ
ဒီ အင်္ဂလိပ်ကားတွေကြောင့် …

အိမ်ထောင်ရေးတွေ ဖောက်ပြန်ကုန်တာ
ဒီ ကိုရီးယား ကားတွေကြောင့် …

အခုလို လုပ်လိုက်တာ သိပ်ကောင်းတယ်
အခုဆို တစ်နိုင်ငံလုံး မြန်မာကား ဘဲကြည့်ရတော့တယ်
အခွေဆိုင်တွေမှာလဲ နိုင်ငံခြားကားတွေ မရှိတော့ဘူး
ရုပ်သံလိုင်းတွေကလဲ မလွှင့်တော့ဘူး
ရုပ်ရှင်ရုံတွေမှာတောင် မတင်ရတော့ဘူး

ဒါတောင် နိုင်ငံခြားကားကို ဖြတ်မရတဲ့ လူတွေက ရှိသေးတယ်
အဲ့သည်တော့ ဘယ်လိုလုပ်လဲဆိုတော့
အိမ်တံခါးတွေ အလုံပိတ်ပြီး ခိုးကြည့်ကြတယ်

ရပ်ကွက်က သတင်းပို့လို့ တက်ဖမ်းရင်
တရားမဝင် ရန်းနင်းမန်းအခွေတွေနဲ့ ကွိခနဲမိပြီး အိမ်လုံးကျွတ်
ထောင်တွေတန်းတွေ ကျကုန်ကြကော …

တချို့လူငယ်တွေလဲ ဖုန်းထဲမှာ နိုင်ငံခြားကားတွေ ခိုးထည့်
ပြီးရင် တိုက်ကြိုတိုက်ကြားမှာ အုပ်စုဖွဲ့ပြီး
ကြည့်ကြတာ …
နိုင်ငံခြားကားတွေကို အောက်လမ်းက ဝယ်ဖို့
မိဘတွေဆီက ပိုက်ဆံတောင်း …
မရရင် သောင်းကျန်း …
တချို့ဆို ခြေလွန် လက်လွန်တွေဖြစ်ပြီး
ထောင်ကျ …

နောက်တော့ ဥပဒေအသစ်တစ်ရပ် ထပ်ထွက်လာတယ်
နိုင်ငံခြားကားစွဲနေတဲ့ သူမှန်သမျှကို ပစ်မိန့်ပေးလိုက်တယ်
တစ်နှစ်ထဲမှာတင် လူပေါင်းသန်းချီ သေတာ
လမ်းကြိုလမ်းကြားမှာ blue ray အခွေကြီးပိုက်ပြီး
သေနတ်ဒဏ်ရာနဲ့ သေနေတဲ့ လူတွေ …
ရဲစခန်းအရှေ့ရောက်မှ
အင်္ဂလိပ်သီချင်း ring tone ထည့်ထားတဲ့
ဖုန်း ထမြည်လို့ သေပွဲဝင်ခဲ့ရတဲ့ လူတွေ …
မိုက်ပါပေ့ …

တချို့ နိုင်ငံခြားကားစွဲနေတဲ့ လူတွေလဲ
ကိုယ်တိုင်လာ အဖမ်းခံကြတာပေါ့
ဆေးရုံတွေမှာ နိုင်ငံခြားကား လာဖြတ်တဲ့လူတွေလဲ ဒုနဲ့ဒေး
တချို့ဆို အခု နိုင်ငံခြားကားပြတ်ပြီး
မြန်မာကားတွေ ကြည့်တဲ့ လူကောင်းပြန်ဖြစ်နေကြပြီ
တချို့ကတော့ နိုင်ငံခြားကား မကြည့်ရမနေနိုင်တာကြောင့်
ခြေတုန် လက်တုန်တွေ ဖြစ် ကယောင်ကတမ်းတွေ ပြော
ဆေးရုံက ပြတဲ့ မြန်မာကားကြည့်နေရင်း တန်းလန်း
မျက်လုံးကြီးပြူး ပါးစပ်ကြီးဟ ပြီး
အသက်ဆုံးရှုံးခဲ့ရတဲ့ လူတွေလဲရှိပါတယ်

ကျုပ်လား …
မြန်မာလို ဝတ္ထုရေးတယ် ဇာတ်ညွှန်းရေးတယ်
မြန်မာကားကို ကျုပ်ကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီးရိုက်တယ်

ဘာနိုင်ငံခြားကားမှ မကြည့်ဘူး
ကိုယ်ပိုင်အတွေးနဲ့ ရေးချင်တာ ရေးတယ်
ရိုက်ချင်သလို ရိုက်တယ်
ကြည့်ချင်တဲ့လူ ကြည့်မှာဘဲလေ

ကြွားရအုံးမယ် …
ကျုပ်က အပေါင်းအသင်းလဲ တယ်ဆန့်သကိုးဗျ
ကွန်ဂျူရင်တို့ စောတို့ ရိုက်တဲ့ဒါရိုက်တာ သိတယ်ဟုတ်
ဖက်စ်အန်ဖျူးရီးယက်စ်ဆိုလား ဘာလား
အလကားနေ ကားမောင်းပြနေတဲ့ကားလေ
(ကိုယ်တွေဆီက ဘီအမ်ကားတွေလောက်တောင်
မမြန်ဘဲနဲ့များ ရုပ်ရှင်ရိုက်ပြနေသေးတယ် )
အယ် … အဲ့ကား တစ်ကားလဲ ရိုက်ခဲ့သေးလေရဲ့
ဘယ်သူရှိမလဲ …
မလေး တရုတ် ဒါရိုက်တာ ဂျိမ်းစ်ဝမ် လေ
ဒီကောင်ကြီးက နိုင်ငံခြားကားတွေရိုက်ရတော့
ဘဝင်လေဟပ်ပြီး ကျုပ်ကို မဆက်သွယ်တော့တာ ကြာပေါ့

အခုကျတော့လဲ အိမ်ကိုရောက်ချလာတာ ဗြုန်းစားကြီး …
"ဟေ့ကောင် ငဇေ …
မင်းတို့နိုင်ငံက ဘာအချိုးချိုးတာလဲ"

ခရီးရောက်မဆိုက် ကျုပ်ကို ရန်တွေ့ပါလေရော …
"ဘာကိုတုံး ငဝမ်ရ"
"နိုင်ငံခြားကားတွေ မကြည့်ရဘူးဆို"
"အင်းလေ … မင်းတို့ကားတွေက
ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနေတာကိုး"

"ဘယ်လို … ဘယ်လို"
"မင်းရိုက်တဲ့ ဖက်စ်အန်ဖျူးရီးယပ်စ် ကားလေ"
"အင်းလေ အဲ့ဒါဘာဖြစ်လဲ"
"အတုခိုးမှားလို့ ငါတို့နေပြည်တော်အမြန်လမ်းမှာ
သေတဲ့လူ မနည်းဘူး"

"အယ်"
"နောက် ဟို သရဲကားမှာလဲ ဆွဲကြိုးချ သေတဲ့အခန်းက
ရိုက်ပြရသေးတယ်"

"အောင်မာ … မင်းတို့ မြန်မာကားမှာကော မပါလို့လားကွ"
"ပါတယ်လေ … ဒါပေမဲ့ မပီပြင်ဘူး
မင်းတို့က ပီပြင်တယ် အဲ့ဒါ့ကြောင့် ပိတ်တယ် ကဲ"

"ဟင်"
ဂျိမ်းစ်ဝမ် ရှူးရှူးရှားရှား ဖြစ်သွားတယ်
"အေး မင်းတို့ မြန်မာကားတွေကိုလဲ
ငါတို့ဆီမှာ တရားစီရင်တဲ့ နေရာမှာဘဲ သုံးတာကွ ရှင်းလား"

"ဆိုစမ်းပါအုံး"
"သေမိန့်ကျတဲ့လူကို ကြိုးမပေးတော့ဘူး
မြန်မာကားကို မကြည့်မနေရ ထိုင်ကြည့်ခိုင်းတယ်
မျက်စိ တစ်ခါမှိတ်တာနဲ့ နားရင်းတစ်ချက်အုပ်တယ်"

"ဟယ် အဲ့သည်တော့ …"
"ကားတစ်ဝက်မှာတင်ဘဲ ကိုယ့်ကိုယ်ကို
လည်ပင်းညှစ်ပြီး သတ်သေကုန်ကြတယ်လေ"

"ဟင်"
ဒါတော့ ဒီတရုတ် တဆိတ် လွန်သွားပြီ
ဧည့်သည်မို့လို့ သည်းခံနေတာကို အကောင်းမှတ်နေတယ်

"ဒီမှာ ငဝမ် …
မြန်မာကားကို မကြည့်ဖူးဘဲနဲ့
မြန်မာကားမကောင်းကြောင်း ဝေဖန်တဲ့လူကို
ငါ အမုန်းဆုံးဘဲ …"

"ဒါဆို မင်းရဲ့ ကောင်းလှပါချည်ရဲ့ဆိုတဲ့
ဇာတ်ကားလေး တစ်ကားလောက် ငါ့ကို ပြလေ"

အဟက် … ပွဲကတော့လှပြီ
ကျုပ် မခိုးမခန့် ပြုံးလိုက်တယ်

"အေး မြန်မာကားဆိုတာ ဘာဆိုတာကို
မင်းသိစေရမယ် ငဝမ်
မင်းသိစေရမယ် "

ကျုပ် အိမ်ခန်းထဲဝင်ပြီး အခွေတစ်ခွေ ထုတ်လာခဲ့တယ်
"ရော့ ဒီအခွေကို မင်းလက်နဲ့မင်း စက်ထဲထိုးလိုက် ငဝမ်
အဲဒါ ငါကိုယ်တိုင်ရေး ငါကိုယ်တိုင်ရိုက်ထားတဲ့ ငါ့ကား"

ငဝမ် အခွေကို လှမ်းယူပြီး cover ပေါ်က နာမည်ကို
အသံထွက်ဖတ်လိုက်တယ်

"ဟင် …
Love/Like/Break up/Married ဆိုပါ့လား"

"ချစ်ကြိုက်ကွဲညားကို အင်္ဂလိပ်လိုရေးထားတာလေ"
"ဟင် … သြော်"
"အဟင်း …
ကားနာမည်ကို မင်းကြွေသွားပြီမလားကွ ဟေ
ဒီခေတ်မှာ ဘယ်မြန်မာကားမှ မြန်မာနာမည်မပေးတော့ဘူး
အကုန်ခေတ်မီကုန်ကြပြီ ဟင်း ဟင်း "

ဂျိမ်းစ်ဝမ် ဘာမှပြန်မပြောနိုင်ရှာဘူး
တုန်ချိ တုန်ချိနဲ့ အောက်စက်ထဲ အခွေထိုးထည့်လိုက်တယ်

စ လာလာချင်းမှာ ကွင်းပြင်ကျယ်ကြီးထဲမှာ
မင်းသားနဲ့ မင်းသမီး တဖက်စီကနေ လျှောက်လာတယ်
တီးလုံးကလဲ ကောင်းဘွိုင်ကားတွေက တီးလုံးမျိုး

မင်းသားကလဲ ဘာမှမရှိတဲ့ ကွင်းပြင်ကြီးကို
ခေါင်းကို ချာလပတ်ရမ်းပြီး လိုက်ကြည့်တယ်
မင်းသမီးကလဲ ဘာမှမရေးထားတဲ့ စာအုပ်အလွတ်ကြီးကို
အသဲအသန် ဖတ်နေတယ်
ဒါပေမယ့် သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်
လုံးဝမကြည့်ဘူး
မြင်တယ်နော် … ဒါပေမဲ့ မကြည့်ဘူး

"ဝုန်း"
"အံမလေး"
အပြင်က ငဝမ်ပါ ဖင်တကြွကြွ ဖြစ်သွားတယ်
"ဟာ အလွတ်ကြီးကို ဝင်တိုက်ပဟ"
"အေး အဲ့ဒါ မင်းသားနဲ့ မင်းသမီး
အမှတ်မထင် စ တွေ့တဲ့အခန်း
ကိုရီးယားကားတွေလို တေ့လွဲတာ မဟုတ်ဘူး
ပေါ်တင်တိုက်တာ … အဲ့ဒါမြန်မာကွ ဟက်"

မင်းသမီးရဲ့ စာရွက်အလွတ်တွေကို မင်းသားက
ကူကောက်ပေးတယ်
နောက်ဆုံးအရွက်မှာ လက်ချင်းထိမိသွားတယ်

"အို"
မင်းသမီး ရှက်သွေးဖြာတယ်
အပြင်က ငဝမ်ပါ မရိုးမရွဖြစ်သွားတယ်
မင်းသားနဲ့ မင်းသမီး အကြည်စိုက်တယ်
နောက်ခံသီချင်းက L လွန်းဝါရဲ့ အချစ်မျက်ဝန်း

"ငဝမ် ကြည့်နှင့်ကွာ ငါရေချိုးလိုက်အုံးမယ်"
ကိုယ်ရိုက်ထားတာ ကိုယ်သိတယ်လေ
အဲ့အခန်းက တော်တော်နဲ့ ပြီးမှာမဟုတ်ဘူး ကြာမှာ
သီချင်းဆုံးတဲ့အထိ မင်းသားမျက်လုံးနဲ့ မင်းသမီးမျက်လုံးကို
တလှည့်စီ ရိုက်ပြခဲ့တဲ့ ဥစ္စာ … ဟိ ဟိ

ကျုပ်ရေချိုးခန်းထဲက ထွက်လာတော့
သီချင်းဆုံးတာနဲ့ ကွက်တိ

တီးလုံးသံ တိခနဲရပ်သွားတယ်
မင်းသားက မပွင့်တပွင့်လေး ပါးစပ်ဟ လာပြီ

"ဖရူး … ဖရူး … ဖရူး …"
"ဟဲ့ … သောက်ပလုတ်တုပ်
ဘာသံကြီးတုံး "

"ကွင်းထဲမှာ ဆိုတော့ လေတိုးသံဝင်တာပါ ငဝမ်ရာ
သရဲကား ရိုက်နေပြီး ကြောက်ပြနေတယ်"

"မင်း … မင်း … မင်းသားက ဘာပြောလိုက်တာလဲ ဟင်"
"မင်းကိုချစ်တယ် လို့ပြောတာ"
"ဟင် သြော်"
နှစ်ယောက်သား ဆက်ထိုင်ကြည့်ကြတယ်
မင်းသမီး မျက်နှာလေး ငုံ့သွားတယ်
ပြီးတော့ ဖြည်းဖြည်းချင်း ပြန်မော့လာတယ်

"ဖရူး ဖရူး ဖရူး"
"ဘာ ဘာပြောတာလဲ"
သြော် … ဒီတရုတ်က တမျိုး
ကြည့်ရတာ ဖီးလ်ပျက်ပါ့

"ကျွန်မ စဉ်းစားပါရစေအုံး လို့ပြောတာကွာ"
မင်းသမီး စဉ်းစားတယ်
လေးလေးနက်နက် စဉ်းစားတယ်
ဘဝနဲ့ရင်းပြီး ချစ်သင့်မချစ်သင့်ကို စဉ်းစားတယ်

"တွေ့လား အဲ့ဒါ ငါတို့မြန်မာကွ
အချစ်ကိစ္စကို ဘဝနဲ့ရင်းပြီးကို စဉ်းစားတာ
မင်းတို့လို ဘားမှာတွေ့ပြီးတာနဲ့
ကုတင်ပေါ်ရောက်သွားတာ မဟုတ်ဘူး"

မင်းသမီး စဉ်းစားလို့ဝတော့
ခေါင်းညိတ် ပြတယ်
ပါးစပ်ကလဲ ပြောတယ်

"ဖရူး ဖရူး"
လေတိုးသံ …
"ဘာတဲ့လဲ မင်းသမီးက"
"ပထမ ဖရူးက ချစ်
ဒုတိယ ဖရူးက တယ်
ချစ်တယ် လိုပြောတာ"

"ဟယ် သောက်ကျိုးနဲ
မင်းပြောတော့ ဘဝနဲ့ရင်းပြီး စဉ်းစားတာဆို"

"အေးလေ … စဉ်းစားပြီးပြီဘဲဟာ
ဘာလဲ နှစ်နဲ့ချီပြီး စဉ်းစားပြရမှာလား
ရှူတင်စရိတ် မင်းပြန်ပေးမှာ မို့လား "

"အယ် ငါပြောတာက …"
"မပြောနဲ့ … ငါဒါရိုက်တာ ငါသိတယ်
ကြည့်စရာရှိတာ ဆက်ကြည့်"

"အု"
မကြာဘူး မင်းသားနဲ့ မင်းသမီး ချစ်သူတွေဖြစ်သွားတယ်
ပန်းခြံထဲ မှာ လိုက်တမ်းပြေးတမ်း ကစားကြတယ်

"ကြည့်ထား ငဝမ်
ငါတို့နိုင်ငံက လပ်ဖ်ဆင်းန် ဟာ ဘယ်လောက်သန့်ရှင်းလဲ
ဆိုတာ …
မင်းတို့လို ကစ်ဆင်ဆွဲပြမှ လပ်ဖ်ဆင်းန် ဖြစ်တာမဟုတ်ဘူး
စိန်ပြေးလိုက်တမ်းနဲ့လဲ လပ်ဖ်ဆင်းန် ဖြစ်တယ်ကွ
မှတ်ထား …"

"အေးနော်"
သစ်ပင်တစ်ပင်အနောက်ကို မင်းသမီးက ပြေးပုန်းတယ်
မင်းသားက အပင်ကို ပတ်ရှာတယ်
မင်းသမီးက ပတ်ပုန်းတယ်

"ဒါက တူတူပုန်းတမ်း"
"ဟင် … သြော်"
"ဟောဒါက ကြက်ဖ ခွပ်တမ်း"
"မင့် … မင့်ဟာက လပ်ဖ်ဆင်းန်ပါနော်"
"လပ်ဖ်ဆင်းန်ပါကွ"
အဲ့သည်အချိန်မှာဘဲ ချုံတွေထဲကနေ
လူဆိုးတွေ ထွက်လာတယ်

မင်းသားက တစ်ယောက်
လူဆိုးက ငါးယောက်

ဒါပေမဲ့ တစ်ယောက်ချင်းစီ တန်းစီပြီး
မင်းသားနဲ့ ချရတယ်
အလှည့်ကျော်လို့တောင် မရဘူး

"မင်းတို့နိုင်ငံက ရန်ဖြစ်တာ တစ်မျိုးပါလားဟ"
"အဲ့ဒါ စည်းကမ်းရှိတာ
တန်းစီပြီး တစ်ယောက်ပြီးမှ တစ်ယောက်ချခွင့်ရှိတယ်
မင်းတို့နိုင်ငံမှာ အဲ့သည်စနစ်ရှိလား ပြော"

"ဟင် အယ် မရှိ"
လူဆိုးက မင်သားကို ထိုးတယ်
မင်းသားမရှောင်ဘူး ဒါပေမဲ့ မထိဘူး
လူဆိုးက ချော်ထိုးတာလေ

"ဟာ မင့် မင်းသားကလဲ မရှောင်ပါ့လား"
"ဟ မင်းသားက မင်းသားလေ
သူ့ကို ကုန်းကုန်းကွကွ ရှောင်ခိုင်းလို့ရမလား
ချွေးတွေ ထွက်ကုန်ရင် မိတ်ကပ်ပျက်မှာပေါ့ဟ"

"ဟယ်"
"မပူနဲ့ လူကြမ်းတွေ သူတို့ဖာသာ ချော်ထိုးလိမ့်မယ်"
ဘယ်ချော်ထိုးတယ် ညာချော်ထိုးတယ်
မင်းသားက လူဆိုးကို နဖူးတောက်လိုက်တယ်
လူဆိုး နှစ်ပတ်ဂျွမ်းပစ်ပြီး ပက်လက်လန်ကျသွားတယ်

"ဟာ"
ငဝမ် ကြွေသွားပြီ
မကြွေခံနိုင်ရိုးလား …
နဖူးတောက်တဲ့အခန်းကို စလိုးမိုးရှင်းနဲ့ကိုပြတာလေ အဟင်း

အဲ့သည်အချိန်မှာ လူကြမ်းတစ်ယောက်က
အိတ်ထဲကို လက်နှိုက်ပြီး ဖြည်းဖြည်းချင်း ပြန်ထုတ်တယ်

"ဟင် လက်ညှိုးကြီး"
"ဓားထည့်ရိုက်ရင် အတုခိုးမှားပြီး
ဓားထိုးမှုတွေ ဖြစ်ကုန်မှာပေါ့"

"ညှယ်"
"လက်ညှိုးဆိုတော့ အပြင်မှာ တကယ်လုပ်လဲ
ကလိဘဲထိုးလို့ရမှာ ဟိ ဟိ"

လူကြမ်းက မင်းသားကို လက်ညှိုးနဲ့ ပြေးထိုးတယ်
"ဇွပ်"
"ဟင် ဇွပ် တဲ့"
မင်းသား မျက်နှာရှုံ့မဲ့သွားတယ်
ပါးစပ်ကနေ တံတွေးတွေ စီးကျလာတယ်

"ဟာ သွေး … သွေးထွက်ရမှာ မဟုတ်ဘူးလား"
"သြော် ကဲ …
သွေးထွက်သံယိုတွေ မရိုက်ပါဘူးဆို"

"ဟင် … သြော်"
မင်းသား ခွေကျသွားတယ်
"မောင် ဟောင် ဟောင် ဟောင်"
ဘာအမိုးမှ မရှိတဲ့ ပန်းခြံထဲမှာ
မင်းသမီးရဲ့ အက်ကိုးသံကြီးက ဟီးလို့ …

"သေသွားရောလား"
"မသေပါဘူး ဆေးရုံခဏတင်ထားရုံပါ"
မင်းသားအနားမှာ မရှိတော့ မင်းသမီးခမျာ
အိမ်ထဲမှာ ငုတ်တုပ်ထိုင်ပြီး လွမ်းတာပေါ့
ကုတင်ပေါ်မှာလွမ်းတယ်
ဝရံတာမှာ လွမ်းတယ်
ခြံထဲမှာ ဒန်းစီးပြီးလွမ်းတယ်
လက်ပိုက်ပြီး မတ်တပ် မတ်တပ် လွမ်းတယ်

အဲ့သည်အချိန်မှာဘဲ လူတစ်ယောက် ဗြုန်းဆို
အိမ်ထဲဝင်လာတယ်

"သူ … သူက…"
"ပထွေး"
"ဘယ်လိုဖြစ်ပြီး ဒီဆင်းန်ကျမှ ပေါ်လာတာလဲ"
"ဒီဆင်းန်မှာဘဲ လိုလို့ပေါ့ကွ"
"သြော်"
လူကြီးက မင်းသမီးကို ပွေ့ချီလိုက်တယ်
"ရှင် ဘာလုပ်တာလဲ
လွှတ်နော် …"

"ကိုကြီးက ချစ်လို့ပါကွာ"
မင်းသမီးကို ကုတင်ပေါ် တင်လိုက်တယ်
"ကြည့်ထား ငဝမ်
ငါတို့မြန်မာကားမှာ အယုတ်ညံ့ဆုံး
sex အခန်းကိုတောင် ဘယ်လို သိမ်မွေ့အောင်
ပညာသားပါပါ ရိုက်ပြထားသလဲ ဆိုတာကို
ကြည့်သွားလိုက် …
ဟား ဟား … အဲဒါ မြန်မာကွ"

ကောင်းခန်းကတော့ စ ပြီ
"ရှင် မယုတ်မာနဲ့
အို အမေ့ …"

ငဝမ် တံတွေးမျိုချတယ်
နိုင်ငံခြားကား ရိုက်နေပြီး ခုထိ ဏှာဗူးထတုံး

"အား …………"
မင်းသမီးရဲ့ အော်သံ …
ကင်မရာက မျက်နှာကြက်က ပန်ကာကို ရိုက် ပြတယ်

"ဟာ"
ပင့်ကူအိမ်တွေကို ရိုက်ပြတယ်
နောက်ခံတီးလုံးကလဲ ကြမ်းပေ့ဆိုတာကို
သုံးထားတာ
ဘယ်သူ စိတ်မလှုပ်ရှားဘဲ နေမလဲ

"ကြည့်ထား ငဝမ်
အဲ့ဒါ ပညာကွ ဟား ဟား ဟား"

ပြတင်းပေါက်ကနေ ဟိုဘက်ခြံထဲက သရက်ပင်က
သစ်ရွက်ကို ဇူးမ် ဆွဲပြတယ်
နောက်ဆုံး ခြံရှေ့မှာ ဆောင့်ကြောင့်ထိုင်ပြီး
အင်းပါနေတဲ့ ခွေးကို
ရိုက်ပြတယ်

ဟိုဘက်ခြံက သစ်ရွက်ကြွေအကျ
ကိစ္စပြီးလို့ ခွေးလဲဖုတ်ဖတ်ခါ အထ

"ခလွမ်း "
"ဟာ … ဘာ ဘာသံကြီးလဲ"
"မင်းသမီး အပျိုရည်ပျက်တဲ့အသံ"
"ဟင် …အကျယ်ကြီး"
" ခွီးထဲမှ …
အဲ့ဒါကြောင့် မင်း ပိန်းတိန်းတိန်း
နိုင်ငံခြားကားဘဲ ရိုက်နေရတာ"

"အုမ်"
"အဲ့ဒါ ပန်းအိုးကွဲတဲ့အသံ"
"အပျိုရည်ပျက်တာနဲ့ ဘာ … ဆိုင်…"
"ဒီနိုင်ငံမှာက ပန်းအိုးကွဲရင် အပျိုရည်ပျက်တာကွ
မှတ် နော် မှတ် "

"ညှယ်"
မင်းသမီး ငိုပြီ
ငိုနေရင်းနဲ့ ဘေစင်ဆီကို ထပြေးပြီး အန်တယ်

"ဟင် ဒါ ဒါက "
"ကိုယ်ဝန်လေ "
"ဟယ် ချက်ချင်းကြီး"
"မင်းတို့ဆီက ဒါရိုက်တာတွေ
ဟိုအခန်းဘဲရိုက်တတ်တယ်
ဗိုက်ကြီးရကောင်းမှန်းတော့ မသိဘူးမလား"

"ဟေ့အေး"
ငတိ မျက်လုံးလေး အဝိုင်းသားနဲ့ ခေါင်းခါပြတယ်
နောက်ပြီး မျက်ရည်တွေ စို့တက်လာတယ်

"ငါ နားလည်သွားပါပြီ သူငယ်ချင်း
တကယ်တော့ မင်းတို့မြန်မာကားတွေကသာ
ခေတ်အမီ ဆုံးပါ"

"အဲ့ဒါ "
"ဘားတွေ ကလပ်တွေ မပါဘဲ
ကွင်းပြင်ကြီးထဲမှာတင် ဖူးစာဆုံလို့ရတယ်ဆိုတာ
ငါတို့မသိခဲ့ဘူး"

"အေး"
"စိန်ပြေးလိုက်တမ်း ကစားရုံနဲ့
လပ်ဖ်ဆင်းန်ဖြစ်မှန်း မသိခဲ့ဘူး"

"ဥာဏ်သုံးရတယ်"
"ငါတို့မှာ ဖိုက်တင်ခန်းကို
မင်းတို့လို စည်းကမ်းရှိရှိ တန်းစီပြီး ချရကောင်းမှန်း မသိဘူး"

"တဖြည်းဖြည်းချင်း ပြု ပြင်ပေါ့ကွာ"
"စိတ်အနာဆုံးက မုဒိမ်းခန်းကို
ဒီလိုရိုက်ပြလို့ရမှန်း ငါမသိခဲ့ဘူး သူငယ်ချင်း"

"အဲ့ဒါ အနုပညာဘဲလေ"
"ငါကြိုးစားမယ်"
"ကြိုးစား"
"ဖက်စ်အန်ဖျူးရီးယက်စ်မှာ
ကားတွေကို အလုအယက်ပြိုင်မမောင်းခိုင်းဘူး
စည်းကမ်းရှိရှိ တန်းစီပြီး မောင်းခိုင်းမယ်"

"မောင်းခိုင်း"
"စောကား အသစ်ရိုက်ဖြစ်ရင် သွေးအစား
တံတွေးသုံးမယ်"

"သုံး"
"လူသတ်ခန်းတွေပါရင် မျက်နှာကြက်ကို ရိုက်မယ်"
"ရိုက်"
"ပင့်ကူအိမ်ကို ရိုက်မယ်"
"ရိုက်"
"ငါကြိုးစားမယ် တစ်နေ့မင်းလို အရည်အချင်းပြည့်ဝတဲ့
ဒါရိုက်တာ တစ်ယောက်ဖြစ်အောင် ကြိုးစားမယ်"

"ဝမ်းသာလိုက်တာ သူငယ်ချင်းရာ"
နောက်တော့ ကျုပ်ရိုက်ထားတဲ့ မြန်မာကားတွေ
အထပ်လိုက်ကြီး မ ပြီး ပြန်သွားလေရဲ့

"အင်း ပီတိဖြစ်မိတယ် ငဝမ်ရာ"
ဒါပေမဲ့ သူဆီက အခွေတစ်ခွေကျန်ခဲ့လေရဲ့
ဘာရယ်တော့ မဟုတ်ပါဘူး
အပြုသဘောနဲ့ ဝေဖန်ကြည့်တာပ ဆိုပြီး
စက်ထဲထိုးလိုက်တယ်

"အံမယ် … ကာလာလေးက စိုသားဟ
ဒီကောင်ရိုက်ထားတာတော့ ဟုတ်ဟန်မတူဘူး"

ကားက ကျုပ်လို ဝါရင့် ဒါရိုက်တာ တစ်ယောက်တောင်
စိတ်ဝင်စားလောက်အောင် ကောင်းနေတယ်
ထူးထူးခြားခြား ဒီအင်္ဂလိပ်ကားက ကျုပ်ရိုက်တဲ့
ကားတွေထက်တောင် ကောင်းနေသေးတယ်
သရုပ်ဆောင်ထားတာကလဲ အပို အလိုမရှိ ကွက်တိ

မင်းသားနှစ်ယောက်စလုံးက တကယ့်ဝါရင့်တွေ ဖြစ်ပုံရတယ်
တစ်ယောက်က အရပ်ရှည်တယ်
တစ်ယာက်က ညိုညို ပုပု
အတွဲလဲညီတယ် စကားလဲနည်းတယ်
တကယ့် အက်ရှင်ကား စစ်စစ်

"ဒီမင်းသား နှစ်ယောက်တော့ မြန်မာနိုင်ငံကို
ဖိတ်ပြီး ငါ့ဇာတ်ကားထဲ ထည့်ရိုက်အုံးမှပါ
မှန်းစမ်း နာမည်တွေ…"

အခွေ cover ပေါ်မှာ Tom & Jerry ဆိုတဲ့ နာမည်နှစ်ခုက
ထင်းလို့ …

"ခေါ်ရိုက်မယ် … အသွားအပြန် ခရီးစရိတ်ခံပြီးတော့ကို
ခေါ်ရိုက်အုံးမယ် … ဟိ … ဟိ"

[7.10.2016 ရက်နေ့ထုတ် IJ MOBILE ဂျာနယ်၌ ဖော်ပြပြီး ]
Credit:Zayar

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း