ခုထိအောင်လည်း...
ခုထိအောင်လည်း…
သတိရလိုက်တာ မယ်နီရယ်။ ဟိုတစ်ချိန်ကလို လွမ်းတယ်ဆိုတဲ့
စကားကို သုံးခွင့်မရှိမှတော့ သတိရတယ်လို့ပဲ ဆိုရတော့မှာပေါ့။ ဒီစကားသံတွေကို ကြားမိမယ်ဆိုရင်
မင်းရဲ့နှုတ်ခမ်းအစုံကို လှလှပပလေး မဲ့ပစ်လိုက်ဦးမှာ သေချာတာပေါ့နော်။
မလှောင်ပါနဲ့လား။ ခုချိန်မှာ ကိုယ် အရိုးသားဆုံးဝန်ခံရရင်
မင်းကို အလှိုက်လှဲဆုံး လွမ်းနေပါတယ် မယ်နီ။
" ဒါဖြင့် ရှင်ဘာဖြစ်လို့ ကျွန်မကို
ဥပက္ခာပြုထားလဲ။ ထားရစ်ခဲ့သူက ရှင်ပါနော်…"
မျက်လုံးလေးဝင့်ပြီး အဲဒီလိုများ ကိုယ့်ကို
စွပ်စွဲဦးမှာလား။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကိုယ် ဘယ်သူ့ကိုမှ၊ ဘယ်သူနဲ့မှ ပြောမပြချင်ဘူး။
မဖြေရှင်းချင်တော့ဘူး။ တစ်စုံတစ်ယောက်ရဲ့ သိက္ခာကို ချမနင်းရက်တော့သလို မဖြေရှင်းချင်လောက်အောင်
စိတ်ပျက်သွားတာလည်း တစ်ကဏ္ဍပေါ့။ ဒါကြောင့်လဲ မင်းအသိုင်းအဝိုင်းကြားမှာ ကိုယ့်အပေါင်းအသင်းကြားမှာ
" ဒီကောင် လူဆိုး…" ဆိုတဲ့ အဆိုကို ကိုယ် ကျေကျေနပ်နပ် ခေါင်းငုံ့လက်ခံခဲ့တာပေါ့
မယ်နီ။ ကာယကံရှင် ကိုယ်တို့နှစ်ဦးအပြင် တစ်ဦးတစ်ယောက် ကတော့ လမ်းခွဲရတဲ့ အကြောင်းရင်းကို
သိနေမှာပါ။ မင်းက ကိုယ့်ရဲ့ အချစ်ဦးတော့ မဟုတ်ခဲ့ဘူး။ ဒါပေမယ့် အချစ်ဆုံးပဲ။ ကိုယ့်ရင်ဘတ်ထဲက
အချစ်တုံးပဲ။ ချစ်ပေမယ့် ဝေးခဲ့ကြရတာလည်း အမှန်ပဲ မယ်နီ။ ကိုယ့်အတွက်တော့ ချစ်တိုင်းမညားတဲ့
သီချင်းတွေကို ဆိုညည်းနေဖို့ပဲ တတ်နိုင်တော့တယ်။
ဘာပဲပြောပြော မယ်နီရယ်။ ဟိုတစ်ချိန်တုန်းက
မင်းကို သိပ်ချစ်ခဲ့ပါတယ်ဆိုတာကိုတော့ အကြွင်းမဲ့ ယုံပါ။ ခုထိအောင်လည်း…။
*** *** ***
မှတ်မိသေးတယ် မယ်နီရယ်။ ကိုယ်တို့တစ်တွေ
တက္ကသိုလ်မြေမှာ ခြေတစ်လှမ်း ချမိတုန်းကပေါ့။ သူငယ်ချင်းတစ်ယောက်ရဲ့ မိတ်ဆက်ပေးမှုနဲ့
ခုံတန်းပြာလေးတစ်ခုအပေါ်မှာ တစ်ယောက်တည်းထိုင်နေတဲ့ မင်းနဲ့ကိုယ် သူငယ်ချင်းတွေ ဖြစ်ခဲ့ရတယ်နော်။
ရယ်စရာကောင်းတာတစ်ခုက မိတ်ဆက်ပေးခဲ့တဲ့ သူငယ်ချင်းက တခြားမေဂျာကဖြစ်ပြီး မေဂျာတူ ကိုယ်တို့နှစ်ယောက်က
သူမိတ်ဆက်ပေးမှပဲ မေဂျာတူ၊ အခန်းတူဆိုတာကို သိခဲ့ရတာ။
" ဟိတ် သူငယ်ချင်းတွေဖြစ်သွားပြီဆိုတော့
လမ်းတွေ့ရင်ရှောင်နော်…"
အဲဒီလို ရိုးအီနေတဲ့ ဟာသစကားတွေဆိုရင်း
ရုပ်ရှင်တွေထဲကလို ကိုယ်တို့သူငယ်ချင်းဖြစ်ခဲ့ရတာကို မှတ်မိသေးရဲ့လားမယ်နီ။ နေရာက ရူပဗေဒအဆောင်
(A)၊ အခန်း(၂)နဲ့ မျက်နှာချင်းဆိုင်က ခုံတန်းပြာလေး
ပေါ်မှာလေ။
တက္ကသိုလ်တက်စ ပထမနှစ်မှာပဲ ကံကြမ္မာက
ကိုယ့်အတွက် သိပ်ကိုလှပပြီး ချစ်စရာကောင်းတဲ့ လက်ဆောင်နှစ်ခုကို ရက်ရက်ရောရာ ပေးခဲ့တယ်။
နားလည်မှုအပြည့်အဝရှိတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ သိမ်မွေ့အေးချမ်းလွန်းတဲ့ ချစ်သူတစ်ယောက်ကိုပေါ့။
ဒီအကြောင်းကို မင်းကို ပြောပြလိုက်တော့ မင်းက ဒဿနတွေ၊ နိယာမတရားတွေ ကိုယ့်ကို ပြန်ပြောပြလိုက်သေးတယ်လေ။
သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်။ အလင်းနဲ့အမှောင်၊ အချစ်နဲ့ အမုန်း၊ ပျော်ရွှင်ခြင်းနောက်ကွယ်မှာရှိတဲ့
အရာတွေ။ မင်းပြောပြတာတွေကတော့ အများကြီးပဲ။ အဲဒီအထဲက ကိုယ်မှတ်မိနေတဲ့ စကားတစ်ခွန်း
ရှိသေးတယ်။
" ကိုဖြိုး ရှင် သူ့ကို တကယ်ချစ်တယ်ဆိုရင်
အဆုံးစွန်ထိ နားလည်ပေးနိုင်အောင် ကြိုးစားပေါ့။ ချစ်သူဘဝမှာပဲဖြစ်ဖြစ်၊ အိမ်ထောင်သည်ဘဝမှာပဲဖြစ်ဖြစ်
အချစ်နဲ့ဘဝကို အခြေခံထားပေမယ့် နားလည်မှုနဲ့ တည်ဆောက်ထားမှသာ ခိုင်မြဲမယ်ဆိုတာကိုတော့
မှတ်ထားပေါ့…"
အဲဒီလိုနဲ့ တမ်းတအောက်မေ့စရာတွေ အပြည်အသိပ်တင်ဆောင်ထားတဲ့
အချိန်ရထားကြီးက ပထမနှစ်ဆိုတဲ့ ကုန်းကမူကလေးကို ခပ်မြန်မြန်ဖြတ်ကျော်ခုတ်မောင်းသွားခဲ့တယ်။
ရင်ခုန်မူးရီပျော်မောခဲ့ရတဲ့ ကာလလေးတွေပေါ့ မယ်နီ။ ပြန်တွေးကြည့်တိုင်း ခုထိအောင်လည်း…။
*** *** ***
ပြောပြချင်သေးတယ် မယ်နီရယ်။ ဒုတိယနှစ်အရောက်မှာ
မင်းဟာ ကိုယ့်ရဲ့ရင်ဖွင့်ဖော် ဖြစ်လာတာ ကိုပေါ့။ သိမ်မွေ့အေးချမ်းလွန်းတဲ့ ကိုယ့်ချစ်သူနဲ့
ကိုယ့်ကြားမှာ ဘာပြဿနာမှ မရှိခဲ့ဘူး။ ဒါပေမယ့် သူ့အသိုင်းအဝိုင်း သူငယ်ချင်းတချို့ရဲ့
ဝင်ရောက်စွက်ဖက်တဲ့ မြှားတံတွေက အရေခွံပါးတဲ့ ကိုယ့်အတွက်တော့ အနှောင့်အယှက်ပဲ။ ပြဿနာပဲ။
ပျောင်းနွဲ့တဲ့ ကိုယ့်ချစ်သူရဲ့ အားနည်းချက်ကို သိထားတဲ့ သူတို့တစ်တွေက စကားလုံးတွေနဲ့
တိုက်စားပစ်ကြတယ်။ ကိုယ့်ရဲ့ခြေလှမ်းတိုင်းကိုလည်း စကားလုံးတွေနဲ့ပဲ ထိုးနှက်ခဲ့ကြတယ်။
" မဟုတ်ဘူး။ အဲဒါ ကိုယ်မဟုတ်ဘူး။
အဲဒီအချိန်တုန်းက …"
" နားလည်မှု လွဲနေပြီကွာ…။ ကိုယ်ပြောတဲ့
အဓိပ္ပါယ်က …"
ချစ်ဦးသူဆိုတော့လည်း ချစ်သူမျက်နှာညိုရင်
ကမ္ဘာပြိုမယ် ထင်နေတတ်တဲ့ကိုယ်။ ချစ်သူနှလုံးသားမှာ စူးနစ်နေတဲ့ သံသယဆူးတချို့ကို ဆွဲနှုတ်ပြီးတိုင်း
ယဲ့ယဲ့လေးပြုံးလာတတ်တဲ့ ချစ်သူ့မျက်နှာလေးကို ငေးရင်း ခံစားရတာ ပထမတော့ သာယာကြည်နူးမှု၊
နောက်တော့…။ နောက်တော့ လက်ဖက်ရည်ဆိုင်တွေ၊ ပန်းခြံတွေ၊ ကျောင်းဝင်းထဲက ခုံတန်းပြာလေးတွေက
သံသယရှင်းစရာနေရာ၊ ကိုယ့်အတွက် လျှောက်လဲချက်ပေးစရာ တရားရုံးလေးတွေလို့ မြင်လာမိတော့တယ်
မယ်နီ။ တက္ကသိုလ်ရောက်လို့ ခြေနှစ်လှမ်း မပြည့်သေးခင်မှာဘဲ ပေးထားတဲ့လက်ဆောင်နှစ်ခုအနက်
တစ်ခုကို ကံကြမ္မာက ပြန်တောင်းသွားခဲ့တယ်။ ဒီလိုနဲ့ ရိုးအေးသိမ်မွေ့ လွန်းတဲ့ ကိုယ့်ချစ်သူကို
ချစ်လျက်နဲ့ပဲ လမ်းခွဲခဲ့ရတယ်။ ကိုယ်ကတော့ သူ့အပေါင်းအသင်းတွေ လက်ညှိုးထိုး ခွင့်ရတဲ့
သိုးမည်းတစ်ကောင်ပေါ့။
တက္ကသိုလ်ပရိဝုဏ်ဆိုတာ ကျဉ်းကျဉ်းလေးပါ။ ရူပဗေဒ အသိုင်းအဝိုင်းလေးက ပိုပြီးတော့ ကျဉ်းတာ
ပေါ့။ ပြီးဆုံးခဲ့တဲ့ဇာတ်လမ်းလေးမှာ ကိုယ်ဟာ လူကြမ်းအဖြစ်နဲ့ သရုပ်ဆောင်ခဲ့ရတော့ အားလုံးရဲ့
မျက်လုံးတွေ က စိမ်းကားနေသလိုပဲ မယ်နီ။ အဲဒီတုန်းက အဖြစ်အပျက်တွေကို ပြန်တွေးရင် ကိုယ့်ဘက်မှာ
ရပ်တည် နားလည်ပေးတဲ့ တိုင်ပင်ဖော်မင်းကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိတယ်။ ခုထိအောင်လည်း
…။
*** *** ***
ထူးဆန်းအံ့သြဖို့ သိပ်ကောင်းတာပဲ မယ်နီရယ်။
အချစ်ဦးနဲ့ လမ်းခွဲပြီးတဲ့နောက်မှာ ကိုယ့်ရင်ခွင်ဟာ အချစ်မရှိ ဗလာသက်သက်လို့ မှတ်ထင်ခဲ့မိတယ်။
တက္ကသိုလ်ရောက်ပြီး နှစ်လှမ်းတစ်ဖဝါးလောက်မှာ ကိုယ့်ရဲ့ရင်ခွင်နန်းတော်ကို သိမ်းပိုက်သွားတဲ့
ကောင်မလေးတစ်ယောက်ကို ရည်းစားထားမိပြန်ရော။ ရည်းစားဆိုတာထက် ချစ်သူဆိုတဲ့စကားလုံးက
ပိုမှန်၊ ပိုရိုးသားမယ်ထင်ရဲ့။ နောက်ပြီး အရင်တစ်ယောက်နဲ့ မတူတဲ့ အချစ်တွေနဲ့ ပုံအောပြီး
ချစ်ခဲ့မိပြန်တဲ့ ကိုယ့်ကိုယ်ကိုပဲ အံသြရမလား။ အချစ်ဆိုတဲ့ အရာကိုပဲ အံ့အားသင့်ရတော့မှာလား
မသိတော့ဘူး။
ပြောဖို့တောင် မေ့နေတယ်။ ကိုယ့်ရဲ့အသည်းမှာ
နန်းစိုက်ခဲ့တဲ့ကောင်မလေးက မင်းကိုယ်တိုင်ပါပဲ မယ်နီ။ မင်းနာမည်ရိုးရိုးလေးကို ချစ်စနိုးနဲ့
မယ်နီလို့ ကိုယ်ပြောင်းခေါ်ခဲ့တယ်နော်။ အဲဒီအချိန်တုန်းက ဟန်ထူးလွင်ရဲ့ မယ်တင်ရေ နင့်ကိုလွမ်းပါရဲ့
ဆိုတဲ့ သီချင်းလေးခေတ်စားနေချိန်ပေါ့။
သင်္ကြန်ပြီးစ ဧပြီလရဲ့ ပွင့်ပွင့်လင်းလင်း
လှပနေတဲ့ နေ့တစ်နေ့မှာပေါ့။ သူငယ်ချင်းဆိုတဲ့ အဖြူရောင် မြစ်ကလေးကို နားလည်မှုဆိုတဲ့
တံတားကလေးထိုးလို့ ကိုယ်တို့ ဖြတ်ကျော်ခဲ့ကြတယ်နော်။ တကယ်တော့ မင်းဘက်က နားလည်မှုနဲ့
တည်ဆောက်ခဲ့၊ ကိုယ့်ဘက်ကို ဖြည့်တွေးပေးခဲ့တာပါ မယ်နီ။
" တို့နှစ်ယောက် ဘယ်တော့မှ လမ်းမခွဲကြေး…"
အဲဒီနေ့က ကိုယ်တို့မြို့ရဲ့ အထင်ကရ
ရေကန်ကြီးဘေးမှာ လက်သန်းချင်းချိန်၊ လက်မချင်းနှိပ်ပြီး ထားခဲ့ဖူးတဲ့ ကတိစကားတစ်ခွန်းကို
ကြားယောင်မိသေးတယ်။ ပြန်တွေးရင် မနေ့တစ်နေ့ကလိုပါပဲ။ ခုထိအောင်လည်း…။
*** *** ***
သိပ်ကို စိုးရိမ်နေမိတယ် မယ်နီရယ်။
ကိုယ့်ဘဝအတွက် ကံကြမ္မာရဲ့ လက်ဆောင်လေး ထပ်ပြီးဆုံးရှုံးရမှာကို ကြောက်နေမိတယ်။ အသိုင်းအဝိုင်း
ကျဉ်းကျဉ်းလေးထဲမှာ ကိုယ်နဲ့ပတ်သက်ပြီး မင်းအပေါ် ဖိအားတွေများသွားမှာ။ ဝေဖန်စကားတင်းဆိုခံရမှာ
အစိုးရိမ်ဆုံးပဲ။ ပထမနှစ်တုန်းက ကိုယ့်ရဲ့ကောင်မလေး သူငယ်ချင်းအုပ်စုနဲ့လည်း မင်းက
သူငယ်ချင်းတွေဆိုတော့လေ။ ဒါကြောင့် ကျောင်းဖွင့်ရက်တွေမှာ မင်းရဲ့အနား ကိုယ်မရှိခဲ့ဘူး။
အဆောင်မှာ၊ ထိုင်နေကျ လက်ဖက်ရည်ဆိုင်လေးမှာပဲ တွေ့ဖြစ်ခဲ့တယ်။ ပြန်တွေးကြည့်ရင် ကိုယ့်ဘက်က
ပျက်ကွက်မှုတွေ သိပ်ကို များပါတယ် မယ်နီ။
" ရှင့်ရဲ့ ချစ်စရာ ရှဥ့်သတ္တဝါလေးက
ဘာလဲ။ ဆရာကြီးလား…"
" အို ရှဥ့်ဆိုမှတော့ အမြီးဖွားလေးနဲ့
ဟိုကိုင်း ဒီကိုင်း လျှောက်လည်နေတဲ့ အသိုက်သိပ်မကပ်တဲ့ သတ္တဝါလေးပေါ့ကွာ…"
အဆောင်အတူနေ သူငယ်ချင်းမတချို့ရဲ့ ကိုယ့်အပေါ်အမြင်မကြည်လင်မှုကို
ပေါ့ပေါ့ပါးပါး ချေဖျက် ပစ်တတ်တဲ့ မင်းရဲ့ အရည်အချင်းတစ်ရပ်ကြောင့်လည်း စိုးရိမ်မှုဒီဂရီ
လျော့နည်းခဲ့ရဖူးတယ်။ မင်းချစ်စနိုးနဲ့ ခေါ်တဲ့ ရှဥ့်ညိုလေးဆိုတဲ့ နာမည်ပြောင်ကြောင့်
သူငယ်ချင်းတွေရဲ့နှုတ်ဖျားမှာ ကိုယ်ဟာ ရှဥ့်တစ်ကောင် ဖြစ်ခဲ့ရတယ်။ မင်းက ကိုယ့်ကို အလည်လွန်တဲ့ရှဥ့်တစ်ကောင်အဖြစ်
သတ်မှတ်ထားပေမဲ့ သူတို့ရဲ့အမြင်မှာ ကိုယ်ဟာ အလွန်လည်တဲ့ရှဥ့်တစ်ကောင်။
နောက်ပြီး ကိုယ်သိထားတဲ့ သတင်းတစ်ခုရှိသေးတယ်
မယ်နီ။ ကိုယ့်အဆက်ဟောင်းရဲ့ သူငယ်ချင်း အုပ်စုထဲက တစ်ယောက်က မင်းကို အသည်းအသန် ချဉ်းကပ်နေတယ်ဆိုတဲ့အကြောင်း၊
ကြွပ်ဆတ်ဆတ်နိုင်တဲ့ ကိုယ့်ထက် စကားပြောညက်ညက်နဲ့ သူတို့တစ်တွေနဲ့ အဖွဲ့ကျနေတတ်တဲ့
အဲဒီတစ်ယောက်ကို လက်တွဲလိုက်ဖို့ မင်းသူငယ်ချင်းတွေက တိုက်တွန်းနေကြတယ်ဆိုတာတွေရောပေါ့။
ဘာတွေပဲပြောပြော ကိုယ့်အတွက်တော့ ဒါတွေက
အနှောင့်အယှက်မဖြစ်ခဲ့ဘူး။ အဟန့်အတား လို့လည်း မယူဆမိခဲ့ဘူး။ ကိုယ် မင်းရဲ့ အချစ်ကို
ယုံတယ်။ မင်းရဲ့သစ္စာကိုလည်း ယုံတယ်။ နောက်ပြီး ကိုယ်တို့တစ်တွေက ချစ်ခြင်းတရားကို နားလည်မှုနဲ့
ခိုင်ခိုင်မြဲမြဲကြီး တည်ဆောက်ထားတာ မဟုတ်လား။
ချစ်သူတစ်ယောက်ရဲ့ တားမြစ်ပိုင်ခွင့်ကို
အသုံးချပြီး မင်းရဲ့လွတ်လပ်ခွင့်ကို မပိတ်ချင်ပါဘူး။ ချုပ်ချယ်မှ အချစ်ဆိုရင်လည်း သိပ်မခမ်းနားတဲ့
အချစ်တစ်ခုဖြစ်မှာပါ။ ကိုယ့်တစ်သက်တာ လက်တွဲသွားမဲ့ ဘဝကြင်ဖော်အတွက် ယုံကြည်မှုအလံကို
မြင့်မြင့်ကြီး လွှင့်တင်ထားခဲ့တယ် မယ်နီ။
ကိုယ်တို့ဝေးခဲ့ရတဲ့ အကြောင်းတွေထဲမှာ
မင်းကို မချုပ်ချယ်၊ မတားမြစ်ခဲ့တဲ့ အတွက်ကြောင့်ဆိုရင် ကိုယ်ဘယ်တော့မှ နောင်တရမိမှာ
မဟုတ်ဘူး။ ခုထိအောင်လည်း …။
*** *** ***
အထိတ်တလန့်နဲ့ ချောက်ချားတုန်လှုပ်စရာကောင်းလိုက်တာ
မယ်နီရယ်။ အဖြစ်အပျက်က မယုံနိုင်စရာကောင်းလောက်အောင်ကို မျက်စိတစ်မှိတ်အတွင်းမှာ ဖြစ်သွားခဲ့တာပဲ။
မြို့ကြီးတစ်မြို့လုံး ကိုယ့်မျက်စိရှေ့မှာတင်
ပျက်စီးသွားတာ။ အဆောက်အအုံတွေ အကုန်လုံးမြေပြင်ပေါ်မှာ ဗုန်းဗုန်းလဲပဲ။ သစ်ပင်တွေလည်း
အမြစ်က အကုန်လဲ။ ရေကန်တွေအားလုံးလည်း ခမ်းခြောက်လို့။ ဖြူးဖြောင့်နေတဲ့ လမ်းတွေကလည်း
ကျင်းတွေ၊ ချိုင့်တွေအတိနဲ့။ မကြာခင်အချိန်ပိုင်းလေးကမှ သာယာရွှင်မြူးစရာကောင်းတဲ့ ဒီမြို့လေးဟာ
အခုတော့ နာကျင်ညည်းတွား ငိုရှိုက်သံတွေ၊ ထိတ်လန့်ကြောက်ရွံ့မှုတွေနဲ့ အကျည်းတန် သွားလိုက်တာ
မယ်နီရယ်။ မယုံနိုင်စရာပါပဲ။
မြို့လေးရဲ့နာမည်က နှလုံးသားမြို့တော်တဲ့။
မင်းနဲ့ကိုယ်နဲ့တည်ဆောက်ခဲ့တဲ့ အချစ်မြို့လေးပေါ့။ ချစ်ခြင်းတရားကို ပန္နက်ချလို့ နားလည်မှုနဲ့
တည်ဆောက်ခဲ့တဲ့ မြို့တော်လေးတစ်ခုပေါ့။ ခုတော့မြို့ပျက်လေး ဖြစ်သွားပြီ။ အားလုံးပျက်စီးသွားပြီ။
" ဖြိုးကြီး ရော့၊ မင်းရှေ့မှာ
အဲဒီဇလုံထားလိုက်။ ပြီးရင် ကိုယ်ပြောတာ သေချာနားထောင်။ မင်းကောင်မလေး အခုမနက် အဆောင်ကို
ပြန်ရောက်နေပြီ။ မနေ့ညက ဟိုကောင်နဲ့…"
" အဲဒီကောင်က ဒီဘက်မှာ ဆရာကြီးနော်။
ဒီကိစ္စ မင်းဘယ်လိုရှင်းမှာလဲ…"
စာမေးပွဲကြီးနီးလို့ အဆောင်ကို မရောက်ဖြစ်ခဲ့တဲ့
ရက်ပိုင်းလေးအတွင်းမှာပဲ ဒီအဖြစ်အပျက်တွေက တကယ့်ကိုဖြစ်သွားခဲ့တာပေါ့ မယ်နီ။ ကြားလိုက်ရတဲ့သတင်းကို
လက်ခံနိုင်ဖို့ အတော်ကို ကြိုးစားခဲ့ရတယ်။ ကိုယ်တို့မြို့နဲ့ မြစ်တစ်စင်းခြားတဲ့ ရွာကလေးတစ်ရွာက
ဘုရားပွဲကို မင်းတို့တစ်အုပ်စုလုံးသွားခဲ့ကြတယ်။ သူငယ်ချင်းများ အစီအမံနဲ့ မင်းက ဟိုတစ်ယောက်ရဲ့
ဆိုင်ကယ်နောက်မှာပေါ့။ မိုးချုပ်တော့ အားလုံးပြန်လာ ကြတယ်။ မင်းနဲ့ ဟိုတစ်ယောက်သာ
…။ ကိုယ်လက်ခံလိုက်ရတဲ့ အဖြစ်အပျက်က ခါးသီးလိုက်တာ မယ်နီရယ်။ နောက်ဆက်တွဲပြဿနာတွေကို
ဖြေရှင်းနေတဲ့ ဟိုတစ်ယောက်ရဲ့ လုပ်ရပ်တွေကိုလည်း ကိုယ်ကြားနေရတယ်။
မင်းအပေါ်မှာ အပြစ်မတင်ဘဲ နားလည်ပေးနိုင်ဖို့အတွက်
ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် မနည်းကြိုးစားခဲ့ရတယ်။ တစ်ပတ်နီးပါး မင်းအဆောင်ကို မရောက်ဖြစ်အောင်
ကိုယ့်ခြေထောက်တွေကို မာနတွေနဲ့ ထူးခတ်ထားလိုက်တယ်။ ဒေါသတွေနဲ့ လောင်မြိုက်ရင်း အခန်းကျဉ်းလေးရဲ့
နံရံတွေနဲ့ ကိုယ့်လက်သီးက မကြာခဏပဲ မိတ်ဖွဲ့ဖြစ်တယ်။ အဲဒီနေ့ရက်တွေကတော့ ကိုယ့်အတွက်
သွေးပျက်ဖွယ် နေ့ရက်တွေပါပဲ။ ပြန်တွေးကြည့်တိုင်း ခုထိအောင်လည်း …။
*** *** ***
မြင်ယောင်နေဆဲပဲ မယ်နီရယ်။ တစ်ပတ်လောက်
ပျောက်နေခဲ့တဲ့ကိုယ်၊ အဆောင်ကို ရောက်လာတော့ မင်းရဲ့ကြိုဆိုပုံကိုလေ။
" ဟိတ် ဘယ်ပျောက်နေတာလဲ။ ရှဥ့်ညိုလေးတစ်ကောင်တော့
အသိုက်ကိုတောင် မေ့နေပြီထင်တာ…"
ပန်းတို့၏တန်ဖိုးသည် ပင်ယံထက်တွင်သာရှိကြောင်း
မင်းမသိခဲ့ပါလား မယ်နီ။ ကြွေလွင့်သွားတဲ့ ပန်းတစ်ပွင့်ကို သစ်ကိုင်းပေါ်ပြန်တင်ထားရုံနဲ့တော့
တန်ဖိုးတက်မလာနိုင်တော့ပါဘူး။ တချို့တွေကတော့ ကြွေလည်းမွှေး၊ ဝေလည်းမွှေးတဲ့ ခရေကို ကြိုက်တယ်။
ကိုယ်ကတော့ ခရေပန်းမကြိုက်တဲ့ ရှဥ့်တစ်ကောင် ပါကွယ်။
ဒီလိုနဲ့ တက္ကသိုလ်နောက်ဆုံးနှစ်မှာ
ကိုယ်ဟာ အသည်းကွဲဘာသာရပ်ကို ထူးထူးချွန်ချွန် ဂုဏ်ထူးနဲ့ အောင်ခဲ့ရတယ်။ စီးခဲ့မိတဲ့
အသည်းကွဲရထားရဲ့ နောက်ဆုံးဘူတာရုံအိုကို ဆိုက်ရောက်ခဲ့ပြီလို့ မှတ်ထင်ခဲ့တယ်။ တကယ်တော့
ဒါဟာ ဝေဒနာခရီးတစ်ခုရဲ့အစဆိုတာ ကိုယ်မသိခဲ့ရဘူး။ ကိုယ့်အတွက် အသည်းဆတ်ဆတ်ခါ နာကျင်ခဲ့ရတဲ့
အိပ်မက်ဆိုးပဲ။ ပြန်တွေးကြည့်တိုင်း ခုထိအောင်လည်း …။
*** *** ***
အဖြစ်အပျက်တွေကတော့ ကြာခဲ့ပါပြီ မယ်နီရယ်။
မင်းလည်း ဟိုတစ်ယောက်မဟုတ်တဲ့ နောက်တစ်ယောက်နဲ့ အိမ်ထောင်ကျသွားပြီဆိုတာလည်း ကြားလိုက်ပါရဲ့။
ကမ္ဘာခြားခဲ့ပြီဆိုပေမယ့် ဟိုတုန်းကအကြောင်းအရာတချို့ မေ့မရနိုင်သေးတာတော့ ဘယ်တတ်နိုင်ပါ့မလဲ။
နေရာဟောင်းလေးတွေ ရောက်တိုင်း နှလုံးသားဒိုင်ယာရီက တဖျပ်ဖျပ်လှန်တော့တာပဲ။ ဆေးရောင်ပြယ်လွင့်စပြုနေတဲ့
ပန်းချီကား တစ်ချပ် ပြန်လည်တောက်ပလာသလိုပါပဲ။
အကြောင်းတိုက်ဆိုင်လို့ ချင်းတွင်းတံတားပေါ်ရောက်မိတာနဲ့
ချင်းတွင်းတံတားဆောက်လက်စမှာ ကိုယ်နဲ့မင်း အသိတစ်ယောက်ရဲ့ မင်္ဂလာဖိတ်စာဝေရင်း အဲဒီဘက်ရောက်သွားတာကို
သတိရလိုက်မိတယ်။ နောက်တော့လည်း လွမ်းတယ်။ အတူတူသွားခဲ့ဖူးတဲ့
လမ်းလေးတွေရောက်တိုင်း လွမ်းတယ်။ အတူထိုင်ခဲ့ဖူးတဲ့ လက်ဖက်ရည်ဆိုင်ရှေ့ ဖြတ်သွားတိုင်းလည်း
လွမ်းတယ်။ လမ်းမခွဲကြေး ကတိထားခဲ့ဖူးတဲ့ ရေကန်ကြီးဆီ ရောက်တိုင်း လွမ်းတယ်။ တိုက်ဆိုင်တာတွေပြန်တွေးမိတိုင်း
လွမ်းတယ်။ တစ်ခါတစ်ရံ မနက်စောစော ဖျတ်ခနဲနိုးရင်လည်း လွမ်းမိတယ်။
ဟုတ်တယ် မယ်နီ။ ကိုယ် မင်းကို လွမ်းတယ်။
လွမ်းနေဆဲပဲ မယ်နီရယ်။ ဟိုတုန်းကလည်း လွမ်းတယ်။ ခုထိအောင်လည်း …။
ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
https://shintnyolay.blogspot.com
(အမှတ်
၂၈၁၊ ဧပြီ၊ ၂၀၁၃ ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း)
Comments
Post a Comment