ဆဌဂံ အိပ်မက်အကြောင်း



ဆဌဂံ အိပ်မက်အကြောင်း

          ဆဌဂံအိပ်မက်ဆိုသည်နှင့် ဝတ္ထု(၆)ပုဒ်၊ သို့မဟုတ် စာရေးဆရာ(၆)ဦး စသည်ဖြင့် ရိပ်မိသိရှိပြီး ဖြစ်ပေလိမ့်မည်။ မှန်ပါသည်။ စာရေးသူ(၆)ဦး၏ ဝတ္ထုတိုလေးများကို စုစည်းထားခြင်းသာ ဖြစ်သည်။ ပါဝင်သည့် စာရေးသူ(၆)ဦးမှာ ရွှေရည်စိုး၊ ဌေးပုလဲ၊ တင်တော်၊ ဗိုလ်(မြန်မာစာ)၊ ရှဥ့်ညိုလေးနှင့် သိုက်စိုးထွန်း(နတ်ရွာ)တို့ ဖြစ်သည်။ တစ်ဦးလျှင် သုံးပုဒ်နှုန်းဖြင့် ဝတ္ထုတို(၁၈)ပုဒ်ပါပါသည်။ ဝတ္ထုတိုအားလုံးနီးပါးမှာ မဂ္ဂဇင်းစာမျက်နှာများ၊ ဂျာနယ်များတွင် ပုံနှိပ်ဖော်ပြပြီးသည့် စာမူများ ဖြစ်သည်။ ထို့ကြောင့် တချို့ဝတ္ထုတိုများကို စာဖတ်သူတို့ ဖတ်ပြီးသား ဖြစ်နေနိုင်သည်။ ပါဝင်သည့် ဝတ္ထုတိုများမှာ…

(၁) သမ္ဘာရင့်ဝါရင့်
(၂) အိပ်ပျော်နေသူ
(၃) ချင်းတွင်းမှသည် ဆော့လော်ဆီသို့
(၄) ဂမ္ဘီရသော့
(၅) တစ်မျက်နှာ တစ်ကွက်စာ
(၆) ဓားတောင်အတွင်းက ကျောက်စက်ရေ
(၇) ခွင်းပစ်လာ မေ့အချစ်မြားက သည်းမြွာမှာစူး
(၈) လွတ်ငြိမ်းချမ်းသာခွင့်
(၉) ဝေးလေဖော်မဲ့ တစ်ကိုယ်တော်နွမ်း
(၁၀) မုန့်ကြိုးလိမ်
(၁၁) ငါရယ်…ကုသရယ်…ကံကောင်းရယ်
(၁၂) ဖယောင်းတိုင် တစ်တိုင်၏ အတ္ထုပ္ပတ္တိ
(၁၃) အိပ်မက်ပျောက်တဲ့မြစ်
(၁၄) တောင်တန်းများ
(၁၅) ဘကြီးဖြိုး စာရေးနေသည်
(၁၆) တစ်ဝမ်းတစ်ခါး
(၁၇) ဇာတာတော်တစ်သိရ်မြင့်ချိန်မို့
(၁၈) နှစ်ကိုယ်သစ္စာထားချင်ရဲ့
တို့ ဖြစ်သည်။ ထို့အပြင် စာရေးသူ(၆)ဦး၏ ကိုယ်ရေးအကျဉ်းကိုလည်း ၎င်းတို့၏ ဝတ္ထုတိုများရှေ့တွင် အသီးသီးဖော်ပြမိတ်ဆက်ထားပါသည်။
အမှာစာကို စီစဉ်သူ ဆရာနေမင်းသန်းနှင့် ဆရာခြိမ့်သဲတို့မှ ချီးမြှင့်ပေးထားသည်။ အသက်အရွယ်ကြောင့် စာကြာကြာ မကြည့်နိုင်သည့်တိုင် ဝတ္ထုတိုတိုင်းကို သေချာစေ့ငှစွာဖတ်ပြီး အမှာစာချီးမြှင့်ပေးသည့် ဆရာကြီးနှစ်ဦးကိုလည်း အထူးပင်ကျေးဇူးတင်ပါကြောင်း လေးစားစွာ ပြောပြလိုပါသည်။
စာအုပ်မျက်နှာဖုံးဒီဇိုင်းနှင့် အပြင်အဆင်မှာ ကိုဝင်းလွင်ဦး(ပန်ဝတ်ရည်) ဖြစ်သည်။ ထို့အပြင် ဆဌဂံအိပ်မက်ဆိုသော စာအုပ်အမည်ကို ရွေးပေးသူမှာလည်း ကိုဝင်လွင်ဦး(ပန်ဝတ်ရည်)ပင် ဖြစ်ပါသည်။ သူရွေးချယ်ပေးသည့် ခေါင်းစီးလေးကြောင့် စာရေးသူ(၆)ဦး၏ ဝတ္ထုတိုစုစည်းမှုလေးမှာ ပို၍လှပသက်ဝင်နေသည်ဟု ခံစားမိပါသည်။ (ကျွန်တော် ရွေးချယ်ထားသည့် အိပ်မက်များနဲ့ ဆဌဂံ ဆိုသောအမည်မှာ စာအုပ်ခေါင်းစည်းထက် ဝတ္ထုခေါင်းစဉ် ပိုဆန်နေသည်ဟု ခံစားမိသောကြောင့် ဖြစ်ပါသည်။) စာအုပ်ဒီဇိုင်းသာမက စာအုပ်ခေါင်းစည်းလေးကိုပါ လှပစွာရွေးချယ်ပေးသည့် ကိုဝင်းလွင်ဦး(ပန်ဝတ်ရည်) ကိုလည်း ကျေးဇူးတင်ရပါသည်။
(၂၀၁၈) ဧပြီလတွင် ပထမအကြိမ်အဖြစ် ချင်းတွင်းဂုဏ်ရည်စာပေမှ အုပ်ရေ(၅၀၀)၊ တန်ဖိုး(၂၅၀၀)ကျပ်ဖြင့် ဖြန့်ချိခဲ့ပါသည်။ ဝယ်ယူအားပေးလိုပါလျှင် ကဗျာဆရာ မင်းဆွေနှစ်၏ ချင်းတွင်းအိမ်စာပေတွင်လည်းကောင်း၊ ဆရာ(ဦး)နေမင်းသန်း(ချင်းတွင်းဂုဏ်ရည်)(၀၉-၇၉၁၁၇၁၅၄၅)နှင့် ထူးအောင်ဝင့်(၀၉-၄၀၀၃၀၈၄၄၃) တို့ထံတွင်လည်းကောင်း ဆက်သွယ်ဝယ်ယူနိုင်ပါသည်။

(PS:ရှဥ့်ညိုလေး၏ ဝတ္ထုတိုများကိုမူ https://www.facebook.com/authorshintnyolay နှင့် https://shintnyolay.blogspot.com တို့တွင် သွားရောက် ဖတ်ရှုနိုင်ပါသည်။)

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
(၁၄.၄.၂၀၁၈ နေ့လည် ၁း၄၁ မိနစ်)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း