အတ္တ


 အတ္တ

          ကျွန်တော့်မှာ သားနှစ်ယောက်ရှိပါတယ်။ သားကြီးနာမည်က ကောင်းဇေယျာလင်းဖြစ်ပြီး သားငယ်နာမည်က ကောင်းသုတပါ။ ဖခင်တစ်ယောက်အနေနဲ့ သားတွေကို မျှော်လင့်ထားတာ၊ ဖြစ်စေချင်တာတွေ ရှိပါတယ်။ စိတ်နေစိတ်ထားတွေ၊ သဘောထားခံယူချက်တွေက အရေးကြီးမှန်းသိပါတယ်။ ဒါပေမယ့် ဥပတိရုပ်နဲ့ပတ်သက်ပြီး၊ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ဖြစ်စေချင်တာလေးတွေ ပြောပြချင်ပါတယ်။ ဒါဟာ ကျွန်တော့်ပေ့ခ်ျမှာရှိတဲ့ သူငယ်ချင်းမိတ်ဆွေတွေကို ရင်းရင်းနှီးနှီး ရင်ဖွင့်တယ်လို့ပဲ သိထားစေ ချင်ပါတယ်။ (လူတွေဟာ ကိုယ့်ရဲ့အားသာချက်၊ လှပတဲ့ မျက်နှာကိုပဲ ထုတ်ပြတတ်ပေမယ့် ကျွန်တော်ကတော့ အားနည်းချက်၊ စိတ်ခံစားချက်အရ ကျွန်တော်မနှစ်သက်တာကိုလည်း ထုတ်ဖော်ပြောပြဖို့ ဝန်မလေးတတ်သူပါ။ ငတုံးလို့သတ်မှတ်ရင်လည်း ဒါဟာ ခင်ဗျားသဘောပါ)
          ကျွန်တော့်သားတွေနဲ့ပတ်သက်ပြီး ဖြစ်စေချင်တာတွေက
(၁)ကျန်းကျန်းမာမာ (ကိုယ်ခန္ဓာနဲ့ စိတ်မှာပါ) ချွတ်ယွင်းချက်ကင်းကင်း ဖြစ်စေချင်ပါတယ်။
          သူတို့တွေ ကိုယ်ခန္ဓာချွတ်ယွင်းနေရင် သူငယ်ချင်းတွေ၊ ဝန်းကျင်အသိုင်းအဝိုင်းကြားမှာ တစ်ဆင့်နိမ့်တဲ့အနေအထားနဲ့ ဖြတ်သန်းရမှာကို စိုးရိမ်မိတယ်။ ဆိုပါတော့ တခြားသူတစ်ဦးဦးက ထော့ကျိုး၊ ဆွေစောင်း စသည်ဖြင့် ခေါ်တာမျိုးပေါ့။ ကျွန်တော်ကတော့ မနှစ်သက်လို့ သူငယ်ချင်းအချင်းချင်း နာမည်ပြောင်မျိုးကို ဘယ်တော့မှ မခေါ်ဘူး။ သားတွေ အခေါ်ခံရမှာကိုလည်း မနှစ်သက်ဘူး။ အဲဒါကြောင့် ခန္ဓာကိုယ်ချွတ်ယွင်းထိခိုက်မှာကို စိုးရိမ်ပါတယ်။ နောက် စိတ်ချွတ်ယွင်းသွားမှာ။ တချို့မိဘတွေ သားသမီးကို ကြောက်လန့်အောင် ခြိမ်းချောက်လို့ ကလေးသည်းခြေပျက်ပြီး ကြောင်တောင်တောင်ဖြစ်သွားတာမျိုးတွေ တွေ့ဖူးတယ်။ တချို့မိဘကျ သားသမီးဖြစ်ထွန်းစေချင်လွန်းလို့ အိပ်မငိုက်အောင် စိတ်ကြွဆေးတွေကျွေးပြီး စာကျက်ခိုင်းတဲ့ မိဘကိုလည်း တွေ့ခဲ့ဖူးပါတယ်။ ကျွန်တော့်သူငယ်ချင်းပါ။ သူ့ကိုမြင်ရရင် စိတ်ကြွရောဂါရနေသူပုံစံမျိုးပေါ့။ အဲလိုတွေမြင်ထားတော့ သားတွေကို ကိုယ်ရောစိတ်ပါ ကျန်းကျန်းမာမာနဲ့ ဘဝကို ဖြတ်သန်းစေချင်ပါတယ်။
(၂)ကျားကျားယားယား ဖြစ်စေချင်ပါတယ်။
          သားတွေကို ခြောက်သွားမှာ(အခြောက်ဖြစ်သွားမှာ) သိပ်ကို စိုးရိမ်ပါတယ်။ ကျွန်တော်က အခြောက်တွေဆို သိပ်မုန်းပါတယ်။ ကျောင်းတုန်းက ခပ်ချောက်ချောက် သူငယ်ချင်းကို အတန်းဖော်တွေ ဝိုင်းစတာကို မနှစ်သက်ပါဘူး။ အနိုင်ကျင့်တယ်လို့လဲ ထင်မြင်မိပါတယ်။ ခင်ခင်မင်မင် မဟုတ်ပေမယ့် ပုံမှန်ပဲ ပေါင်းသင်းဖြစ်ပါတယ်။ နောက် စိတ်ထဲမှာ အခြောက်တွေကို စစ်သင်တန်းပေးသလို ကျားကျားယားယားဖြစ်သွားအောင် သင်တန်းပေးပစ်လိုက်ချင်တယ်။ (နှိပ်စက်ချင်စိတ်လည်း ပါမယ်ထင်ပါတယ်။ ကနွဲ့ကယ မလျှောက်နိုင်လောက်အောင် လမ်းလျှောက်ခိုင်းတာမျိုးပေါ့။ စစ်သမီးတွေ စစ်ထဲဝင်လာတော့ စစ်ဝတ်စုံလေးတွေနဲ့ တင်လိမ်လျှောက်လို့။ နောက်ခရီးရှည် ချီတက်ခိုင်းပြီးတဲ့အခါမှာတော့ ဘယ်စစ်သမီးမှ တင်လိမ်မလျှောက်တော့ဘူး။ ပုံမှန်လျှောက်ကြတယ်လို့ ဖတ်ဖူးတယ်ဗျ။ တကယ်တော့ နွဲ့ရလို့၊ လိမ်လျှောက်ရလို့ လျှောက်နေကြတာ မဟုတ်လား။) စာစုံဖတ်ဖြစ်လာတဲ့နောက်တော့ အခြောက်ဆိုတာ ဝဋ်ကြွေးမကင်းသူတွေပါဆိုတာ သိလာရတယ်။ အတိတ်ဘဝဝဋ်ကြွေးပေါ့။ အဲဒီနောက်တော့ အခြောက်မြင်ရင် နှိပ်စက်ချင်စိတ်နဲ့ မကြည့်တော့ဘူး။ သလဲသီးများလို သူ့အကန့်နဲ့သူပေါ့။ အဲဒါကြောင့် နေရာဆိုတဲ့ ဝတ္ထုတိုလေး ရေးဖြစ်တာပါ။ သူဘာဆိုတာကို ရိုးရိုးသားသားဝန်ခံလာတဲ့ တစ်ယောက်ကို သူငယ်ချင်းအဖြစ် လက်ခံဖူးပါတယ်။ နောက်တော့ ဆက်သွယ်မှုက ပုံမှန်ထက် ပိုလာတယ် ထင်လို့ ဖြတ်လိုက်ပါတယ်။ ကျွန်တော့်သဘောထားက အတိတ်ကံကြောင့် လူတွေ ခြောက်ချင် ခြောက်၊ ဂေါက်ချင် ဂေါက်၊ အရက်သမားဆိုလည်း သောက်ချင် သောက်ပေါ့။ ဘော်ဒါသူငယ်ချင်းအဖြစ် လက်ခံလို့ ရပါတယ်။ ဒါပေမယ့် ငါ့ကို ခင်ရင် ဒီတစ်ခွက်တော့ သောက်ဆိုတဲ့ ဘယ်အရက်သမားကိုမှ မခင်နိုင်ပါဘူး။ ကျွန်တော့်သားတွေကို အဲလို သူငယ်ချင်းတွေ တွေ့မှာစိုးရိမ်တယ်။ သူတို့ကိုယ်တိုင်လည်း ခြောက်မှာ၊ ဂေါက်မှာ၊ သောက်မှာကိုတော့ ဖခင်တစ်ဦးပီပီ အတ္တကြီးကြီးနဲ့ စိုးရိမ်ပါတယ်။
(၃)သန့်သန့်ပြန့်ပြန့် သပ်သပ်ရပ်ရပ် ဖြစ်စေချင်ပါတယ်။
          သန့်သန့်ပြန့်ပြန့်ဆိုတာ ရုပ်ရည်ကို ပြောတာပါ။ လှစရာ မလိုဘူး။ ဒါပေမယ့် သန့်သန့်ရှင်းရှင်းတော့ နေရမယ်။ အသန့်လွန်နေတဲ့ (မခြောက်ပေမယ့် ခြောက်တောက်တောက် လူတွေလည်း ဆုံဖူးလို့ပါ။ မိန်းမလည်း ယူထားတယ်။ အသန့်လွန်ပြီး နည်းနည်းခြောက်နေသလိုလူမျိုးပေါ့) လူလည်း မဖြစ်စေချင်ဘူး။ တချို့တွေကျ လှချင်တာ။ ယောက်ကျားလေးတန်မယ့် လက်သည်းကို ပန်းရောင်ပြေးတဲ့ အဝင်းလေးဆိုးထားတယ်။ နောက် အလုပ်လာတာ သူ့အိတ်ထဲမှာ ရေမွှေး၊ မျက်နှာသစ်ခရင်၊ နောက်ပြီး လိမ်းစရာဗူး၊ ဂျယ်ဗူး စသဖြင့်ပေါ့ အလှပြင်စရာ ခြောက်မျိုး၊ ခုနစ်မျိုးလောက်ပါတယ်။ တချို့တွေကျ လက်သည်းအမည်းကြီးတွေ ဆိုးတယ်၊ လက်သန်းတစ်ဖက် လက်သည်းရှည်ထားတယ်။ နားယားလို့ကလော်ချင်လည်း ကော်တွန်ဘတ်လေးတွေ၊ နားကလော်စရာလေးတွေ ရှိပါတယ်။ လက်သည်းရှည်ရင် ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ရွံစရာ ကောင်းပါတယ်။ ရုပ်ရှင်မင်းသမီးတွေကတော့ သူတို့ဝမ်းရေးမို့ တမျိုးပေါ့။ ယောက်ျားတစ်ယောက်ဟာ လှပနေဖို့ မလိုဘူး၊ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်နေဖို့တော့ လိုတယ် မဟုတ်လား။ သားတွေကို ကိုယ်ယူတဲ့ပစ္စည်း သူ့နေရာ သူပြန်ထားတဲ့၊ စည်းကမ်းရှိတဲ့သူတွေ ဖြစ်စေချင်ပါတယ်။
(၄)တက်တူးထိုးတာ၊ နားကပ်ဖောက်တာ မဖြစ်စေချင်ဘူး
          ရှေးဆန်တယ်လို့ ညှာပြောပြော၊ တောကျတယ်လို့ တည့်ပြောပြော တက်တူးထိုးတာ၊ နားကပ်ဖောက်တာဆို လုံးဝကြည့်မရပါဘူး။ တက်တူးကတော့ ယောက်ျားထိုးထိုး၊ မိန်းမထိုးထိုး ကလေကလွင့်လို့ပဲ ခံစားမိပါတယ်။ နားကပ်ဖောက်တာကတော့ ရှေးခေတ်မှာ ဘယ်လိုရှိတယ် မသိပေမယ့် ဒီနေ့ခေတ်မြင်ရတာတော့ တော်တော့ကို မကြိုက်တာပါ။ နားကပ်ကြီးပန်ထားပြီး တိုက်ပုံရောင်စုံဝတ်ထားတဲ့ သတို့သားကို မြင်ရတာ ကျက်သရေရှိတယ်လို့ မခံစားမိပါဘူး။ နောက် မိန်းကလေးတွေ နားကပ်ဖောက်ပြီး ဝတ်ထားတာ တချို့တွေဆို နားတစ်ဖက် လေးငါးပေါက်လောက်ဖောက်ပြီး ဝတ်ထားပန်ထားကြတာပါ။ သူတို့မြင်ရတာ တယ်ရီယာခွေးလေးတွေ နားရွက် မွှားကောင်တွယ်နေသလိုပဲ မြင်မိပါတယ်။ ထားပါ… ပြောချင်တာက ကျွန်တော့်သားတွေကို တက်တူးမထိုးစေချင်ဘူး၊ နားကပ် မဖောက်စေချင်ဘူး။ ကလေကလွင့် မဆန်စေချင်ဘူး။
          ဒါဟာ ဖခင်တစ်ယောက်ရဲ့ သားတို့အပေါ်ထားတဲ့ အတ္တပါ။ ဒါမှမဟုတ် ကျွန်တော့်ရဲ့ အတ္တလို့လည်း တံဆိပ်ကပ်နိုင်ပါတယ်။

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
(၁၈.၃.၂၀၁၈ ည ၇း၂၀ မိနစ်)

(PS: ဒီနေ့ သားတို့အမေက သားငယ်ကောင်းသုတကို ဆံပင်ညှပ်ဆိုင်သွား ညှပ်ပေးထားတဲ့ပုံက ကလေကလွင့်ပုံပါ။ နားထင်ဘေးအပြောင်မှာ ဓားခြစ်ရာနဲ့ စာလုံးပုံဖော်ထားတာပါ။ မြင်ရတာ ဦးခေါင်းကွဲလို့ ပြန်ချုပ်ထားတဲ့ အမာရွတ်ကြီး မြင်ရသလိုမို့ စိတ်အနှောက်အယှက် တော်တော်ဖြစ်ရပါတယ်။ သင်္ကြန်နီးလို့ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် ဆံပင်ညှပ်ဆိုင်ကတော့ မြှောက်ပေးမှာပါ။ ကျွန်တော်တောင် ဆံပင်သွားညှပ်ရင် ဆေးဆိုးပါလားဆိုပြီး အမြဲပဲ တိုက်တိုက်တွန်းတွန်းပြောတယ်။ ဘယ်တော့မှ မဆိုးဘူး။ ဒီနေ့တော့ သားတို့အမေက ဆံပင်ညှပ်ဆရာ လျှောက်ပြောတိုင်း လုပ်လာခဲ့တာမို့ စိတ်ရှုပ်ရှုပ်နဲ့ ရေးမိတဲ့စာတစ်ပုဒ်ပါ။)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း