ခင်မြဇင်



ခင်မြဇင်

          မင်းဘူးခရိုင် ဆင်ဖြူကျွန်းမြို့၌ အဖ ဦးမြခင်၊ အမိ ဒေါ်လေးသောင်းတို့က ၁၉၅၆ ခု၊ မေလ (၂)ရက်နေ့တွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဒေါ်ဌေးဌေးမြင့်ဖြစ်၍ မွေးချင်း ခုနစ်ယောက်တွင် အကြီးဆုံးဖြစ်သည်။
          ဆင်ဖြူကျွန်းမြို့ ပရိက္ခရာရပ် အစိုးရမူလတန်းကျောင်းတွင် စတင်ပညာသင်ယူခဲ့သည်။ ထို့နောက် ဆင်ဖြူကျွန်းမြို့ အစိုးရအထက်တန်း ကျောင်းတွင် သတတ္တမတန်းအထိ၊ ကျောက်ဆည်မြို့ အမှတ်(၁)အစိုးရအထက်တန်းကျောင်းတွင် အမတန်းမှ ဒသမတန်းအထိ သင်ယူခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ စီးပွားရေးပညာဘွဲ့(ဘောဂဗေဒ) ရရှိခဲ့သည်။ တောင်ငူမြို့၊ ကဝမြို့၊ ရန်ကုန်မြို့ စသည့် စာရင်းရုံး များတွင် စာရင်းစစ်မးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၇ တွင် ဦးသန်းအုန်း(မိုးဝေ မဂ္ဂဇင်းအယ်ဒီတာ၊ စာရေးဆရာ မောင်စု)နှင့် လက်ထပ်ခဲ့ သည်။ ၁၉၈၈ တွင် တစ်ဦးတည်းသောသား မောင်အုန်းခိုင်ဇင်ကို မွေးဖွားခဲ့သည်။
          ၁၉၇၅-၇၆ ခုနှစ် ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ပညာသင်ယူနေစဉ် ရန်ကုန် ဝိဇ္ဇာသိပ္ပံ တက္ကသိုလ် အနုပညာအသင်း ပန်းချီခန်းမ၌ ဆရာကြီးဦးသိန်းဟန်၊ ဆရာကြီး ဦးလွန်းကြွယ်တို့ထံမှ ပန်းချီပညာသင်ယူခဲ့သည်။ ရန်ကုန် ဝိဇ္ဇာသိပ္ပံတက္ကသိုလ် နှစ်ပတ်လည်ပန်းချီပြပွဲ၊ စီးပွားရေးတက္ကသိုလ် ပန်းချီပြပွဲ၊ အနုပညာအသင်း ငွေရတုပန်းချီပြပွဲတို့တွင် ပါဝင်ပြသခဲ့သည်။ ထို့နောက် (၁၉၉၅) မှ ယနေ့အထိ ကံ့ကော်ရွာ ပန်းချီပြပွဲတွင် လည်းကောင်း၊ အခြားစုပေါင်း ပန်းချီပြပွဲများတွင် လည်းကောင်း ပူးပေါင်းပြသခဲ့သည်။
          ရန်ကုန် ဝိဇ္ဇာသိပ္ပံတက္ကသိုလ် အနုပညာအသင်း ပန်းချီခန်းမ နံရံကပ်စာစောင်တွင် “ အိမ်အပြန် ” (စာညွန့်)မှ စတင်၍ “ ခင်မြဇင် ” ကလောင်အမည်ကို အသုံးပြုသည်။ (၁၉၇၅-၇၆) ခုနှစ် စီးပွားရေးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းတွင်ပါသော “ တစ်နပ်စာ ” ဝတ္ထုတိုသည် ပထမ ပုံနှိပ်စာဖြစ်သည်။ မိုးဝေမဂ္ဂဇင်း(ဇွန် ၁၉၇၉)၊ ကလောင်သစ်ကဏ္ဍတွင်ဖော်ပြခဲ့သော “ အမေဆရာမ ” ဝတ္ထုမှစ၍ ပြင်ပစာနယ်ဇင်း အသီးသီးတွင် ဝတ္ထုတို(၁၆၇)ပုဒ်၊ ဝတ္ထုလတ်(၄)ပုဒ်၊ မဂ္ဂဇင်းဝတ္ထုရှည်(၁၂)ပုဒ်၊ အနုပညာနှင့် အခြားဆောင်းပါး(၇ဝ)ခန့် ရေးသားခဲ့ပြီးဖြစ်သည်။ “ အမေဆရာမ ” ဝတ္ထုတိုကို ဂျပန်၊ ရုရှားဘာသာတို့ဖြင့်လည်းကောင်း၊ “ ချောင်းခြားတေး ” ဝတ္ထုတိုကို အထူအပါး (ဂျပန်ဘာသာပြန်)[၁၉၉၈] ဝတ္ထုတိုပေါင်းချုပ်တွင် လည်းကောင်း ဖော်ပြခဲ့ကြသည်။ ပန်းချီခန်းမထုတ် “ စွယ်တော်ပွင့်ချိန် ”၊ “ ရောင်စုံဝေဒနာ ” ဖယောင်းလှည့် ကဗျာစာအုပ်များ၊ “ အနာဂတ်ရဲ့ ကွာလတီ ”၊ “  သြဂတ်စ်ရစ်သမ် ”၊ “ ရသမိုးကောင်းကင် ” နှင့် မဂ္ဂဇင်းများတွင် ကဗျာများရေးသားခဲ့သည်။
ပန်းတစ်ပွင့်၏ အရောင်အသွေး(၁၉၉၆)၊ စိတ်ကူးမြစ်၏ တစ်ဖက်ကမ်းပါး(၂ဝဝ၄)လုံးချင်းဝတ္ထုရှည်များ၊ မိုးရွာပြီးစ ညနေခင်း(၂ဝဝ၆) ကဗျာစာအုပ်၊ ကြိုးမဲ့နှောင်အိမ်(၂ဝဝ၆)၊ ယောင်တောင်တောင် တစ်ရာ့ကိုးဝင်၏ ကြောင်တောင်တောင် ဖွင့်ဟဝန်ခံချက်များ(၂ဝ၁ဝ) ဝထ္ထုတိုပေါင်းချုပ်များ၊ မျိုးဆက်(၃)ဆက် မြန်မာအမျိုးသမီး ပန်းချီဆရာမများ(၂ဝဝ၇)၊ မြန်မာအမျိုးသမီးပန်းချီဆရာမများ(၂ဝဝ၉)[အင်္ဂလိပ် ဘာသာဖြင့်]  စသည်တို့ကို ထုတ်ဝေခဲ့ပြီးဖြစ်သည်။ 

(ဆရာမ ခင်မြဇင်၏ ဝတ္ထုတိုစာအုပ်မှ လေးစားစွာဖြင့် ကူးယူဖော်ပြခြင်းသာ ဖြစ်ပါသည်။) 




           

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း