ဒီမှာ လူငယ်




ဒီမှာ လူငယ်

ဒီမှာ လူငယ်
မင်းမွေးတာ ရွှာငယ် ၊ နေရပ်ဟာ ဇနပုဒ်မှာမို့
မျက်နှာငယ် သတဲ့လား ...
မင်းလို ဇနပုဒ်မှာ မွေးခဲ့တဲ့   ဦးသန့် ဆိုသူဟာတော့ဖြင့်
ကမ္ထာ့ ကုလသမဂ္ဂမှာ အတွင်းရေးမှူးအထိ ဖြစ်သွားဖူးသကွဲ့ ...
“ ကိုယ့်တာဝန် ကိုယ်ယူလိုက်စမ်းပါ ”
ဒီမှာ လူငယ်
မင်းကိုမွေးတာ ရုပ်ရည်မချော
လူတောမှာ မပေါ်လွင်လို့ စိတ်အားငယ်သတဲ့လား …
မသန်ပေမယ့် စွမ်း နေတဲ့ စုပုံချစ် ဆိုတဲ့ ညီမလေးက
မင်းအဖြစ်ကို ရယ်မကွဲ့ ...
“ ကိုယ့်တာဝန် ကိုယ်ယူလိုက်စမ်းပါ ”

ဒီမှာ လူငယ်
မင်းကိုမွေးတာ ခေတ်ပျက်
ယိုယွင်းတဲ့ နိုင်ငံရေး စနစ်ကြောင့်
မင်းတက်လမ်းဟာ နှောင့်နှေးသတဲ့လား …
ဒီ့ထက်ဆိုးတဲ့ ကျွန် ခေတ်မျိုးမှာ
အောင်ဆန်းဆိုတဲ့ လူငယ်တစ်ယောက်
အာရှတိုက် တစ်ခွင် (ကမ္ဘာ့ တစ်ခွင်)
မှတ်တမ်းဝင်ဖို့ အစွမ်းကုန် ထုတ်ပြခဲ့ဖူးသတဲ့ ...
“ ကိုယ့်တာဝန် ကိုယ်ယူလိုက်စမ်းပါ ”

ဒီမှာ လူငယ်
မင်းကိုမွေးတာ မြန်မာနိုင်ငံ …
နိုင်ငံတကာမှာ လူရာမသွင်းဘူးလို့
တလွဲဆံပင် စိတ်ထဲဝင်နေရော့သလား …
သူရို့ဆီမှာ စီးပွားတန့်ချိန်
အားနဲ့ မာန်နဲ့ ခြေကုန် ဆန့်လို့  … စီးပွားရှာခဲ့သူ
မြန်မာလူမျိုး  ဖီးလစ်မောင်ကိုတော့ဖြင့်
အိမ်ဖြူတော် ကတောင် ဖိတ်ကြား …
သင်ဘယ်လိုများ စီးပွားရှာပါသလဲ
စူးစမ်းရတယ်တဲ့ …
“ ကိုယ့်တာဝန် ကိုယ်ယူလိုက်စမ်းပါ ”

ခေတ်ကို အပြစ်တင်
စနစ်ကို အပြစ်တင်
မင့်ဆွေ မင့်မျိုးကို အပြစ်တင်
မင့်မိဘနဲ့ ပတ်ဝန်းကျင်ကို
အပြစ်တင်မယ့် အစား …

လူငယ်တစ်ယောက်ရဲ့ အား ..
ယုံကြည်ချက်နဲ့ စွန့်လွှတ် စွန့်စားရဲမှု
မာန်တုလို့ ယှဉ်မယ့် “ဇွဲရယ် ၊ ခွန်အား”  စွဲမြဲမှုတို့နဲ့ အတူ …

“ ကိုယ့်တာဝန် ကိုယ်ယူလိုက်စမ်းပါ ”
“ ကိုယ့်တာဝန် ကိုယ်ယူလိုက်စမ်းပါ ”
“ ကိုယ့်တာဝန် ကိုယ်ယူလိုက်စမ်းပါ ”

ကိုဇင်ဇေ
Photo:Credit

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း