သက်တံ့

သက်တံ့ 

 
လိုက်ခဲ့မယ်နော်
လက်မောင်းမှာ
နှုတ်ခမ်းပေါ်မှာ
အိပ်ပျော်မှာပါ
နွံလွှာနက်နက်
ခြေတစ်ဖက် ကျွံနစ်
ရုန်းထွက်ဖို့ မဖြစ်နိုင်တော့ဘူးကွယ်။
ဟောသည်မှာလေ
တိမ်တွေတောင် ကြေမွကုန်ပြီ
( တွေ့လား )
ယုံလိုက်စမ်းပါ မန်းသီတာရယ်
တကယ်ပါ
ဇာခန်းစည်းလေးကို လွင့်သွားနိုင်စေတာပါ။
အချိုခန်းသွားတဲ့ ပန်း
လွမ်းတတ်ရင်တော့ လွမ်းဖို့ကောင်းတာပေါ့
တစ်ထစ်လျော့စရာ
သိက္ခာ ....
မာန ....
ဘာမျှ မကျန်ရစ်တော့လို့ပါ။
ဟင့်အင်း
ပိုင်ဆိုင်ခြင်း နဲ့ ဆုံးရှုံးခြင်းအကြား
တခြားဘာမျှမရှိရ
တစ်ခါတစ်ရံဆိုတဲ့စကား
တရားမမဲ့လွန်းဘူးလားဟင်
သွားလိုက်ပါတော့လေ
သည်နေရာမှာပဲ နေခဲ့မယ်။
လမ်း ၃၀
လွယ်အိတ်အဖြူ၊ စာအုပ်ထူများ
စကားပန်းပွင့်၊ ခွာမြင့်ဖိနပ်
အမှတ် ၁ ဘတ်စ်ကား
အားလုံးကို ကျေးဇူးတင်ပါတယ်။
ငွေရှာတာ မဟုတ်ဘူး
ရွှေရှာတာ မဟုတ်ဘူး
အချိုရှာတာပါ ကိုကိုရယ်
သစ္စာဆိုတာ ဒါလား
ဘီယာလိုပဲ ခါးတယ်နော်။ ။
 
ဂျူး

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း