ကျေးဇူးပြု၍ ဤမေးခွန်းကို ဖြေပါ
ကျေးဇူးပြု၍ ဤမေးခွန်းကို ဖြေပါ
တစ်နေ့က ကျွန်တော့်အိမ်သို့ ကိုထိန်ရောက်လာသည်။
“ စာရေးဆရာ၊ ဘယ်လိုလဲ အပြင်မထွက်ပါလား ”
ကျွန်တော်က လေသံတိုးတိုးဖြင့်
“ အေးကွ၊ အပြင်မထွက်ဖြစ်တာ ကြာပြီ ”
“ မင်း လေသံက တစ်မျိုးပါလား၊ အသံဝင်နေတာလား၊ နေမကောင်းတာလား ”
“ နေကောင်းတယ်ကွ၊ သူက အပြင်မထွက်ရဘူးဆိုလို့”
အိမ်ထဲဘက်သို့ လက်မဖြင့် ညွှန်ပြရင်း ပြောလိုက်သည်။
“ မိန်းမ ခွင့်ပြုချက် မရလို့ပေါ့၊ ဒါနဲ့များ ငါ့ကျ သတ္တိမရှိတော့ဘူးလေး ဘာလေးနဲ့ စာလုပ်ရေးသေးတယ်”
ကျွန်တော်က လေသံကို ထပ်နှိမ့်လိုက်ပြီး
“ မင်းက သတ္တိ မရှိတာလေ၊ ငါက ချစ်တာကွ၊ ချစ်လိုက်တာမှ တုန်လို့”
“ ထွီ၊ ကြောက်လိုက်တာ တုန်လို့ လုပ်စမ်းပါကွာ ”
ထိုစဉ် အိမ်ထဲမှ သာယာနာပျော်ဖွယ်ကောင်းလှသည့် အဆီအစ်နေသော ကြောင်ပြာမကြီး၏ အသံပြာရှရှသည် ထွက်ပေါ်လာလေသည်။
“ မောင် … ရေ … ”
“ လာပြီ … လာပြီ၊ ခုပဲ လာပြီ … ”
ကျွန်တော် ဝုန်းဆို ထအသွား လက်လှမ်းဆွဲသည့် ကိုထိန်၏လက်ကို ခါချထားလိုက်သည်။ ကိုထိန်ထံမှ ဘာပြောမှန်းမသိသည့် စကားသံတစ်ခု ထွက်လာသည်။
“……..”
ကျွန်တော် ဂရုမစိုက်အားပဲ အသံရှင်ရှိရာသို့ အပြေးအလွှား…။
ထိုနေ့က ကိုထိန်ဆိုသော သူငယ်ချင်းတစ်ဦးသည့် စာရေးဆရာ အမည်ခံ သူငယ်ချင်းတစ်ဦးနှင့် နာရီအနည်းငယ်မျှကြာအောင် စကားစမြည်ပြောပြီး ပြန်သွားပါသည်။ စာဖတ်သူ သူငယ်ချင်းတို့ ဤနေရာအထိ ဖတ်ပြီးပြီဆိုလျှင် ကျွန်တော်သိလိုသည့် မေးခွန်းတစ်ခုကို မေးလိုပါသည်။ ထိုမေးခွန်းမှာ
“ ကိုထိန်၏ သူငယ်ချင်း စာရေးဆရာအမည်ခံ၏ ကလောင်အမည် ဖြစ်ပါသည်”
ကောမင့်တွင် မန့်နိုင်ပါသည်။ အဖြေမှန်သူများ ကျွန်တော်၏ အိမ်သို့ကြွခဲ့ရန်ကိုလည်း ဖိတ်ခေါ်ပါသည်။ လက်ဖက်ရည်သောက် လိုက်ရန်အတွက် ကျွန်တော် စောင့်မျှော်နေပါသည်။
(မှတ်ချက်။ ။ ဤစာထဲမှ ကျွန်တော်မှာ ကျွန်တော် မဟုတ်ပါ။)
ပုံ/ ငမျှော်လေး
အဲလေ
ရှဉ့်ညိလေး
(၂၁.၁၁.၂၀၂၁)
Comments
Post a Comment