သူဇာပျို့
၅၇။ ဤသို့ထူးချွန်၊ ချစ်ကြိုးလွန်၍၊ ခြောက်တန်နတ်မှာ၊
ပဒေသာသို့၊ လိုရာမတ၊ ကာလမီးမိုး၊ အဘိုးနဂ္ဃ၊ နဝရောင်ညီး၊ ကျောက်ဖြင့်ပြီးသား၊
အံ့ချီးစရာ၊ တန်ဆာစုံအင်၊ လဲလှယ်ဆင်လျက်၊ ပူပင်ဒုက္ခ၊ ကြောင့်ကြမဆံ၊
ချမ်းသာစံသော်၊ တရံရောခါ၊ မင်းသူဇာ၏၊ ရတနာဂဗ္ဘ၊ ဝမ်းတော်လျဝယ်၊ မြတ်လှသန္ဓေ၊
တည်လျှင်းလေ၏၊ နေ့ရေလည်းမြင့်၊ ချိန်ခါသင့်သော်၊ ဘုန်းရင့်သမ္ဘာ၊ အင်္ဂါညီညွတ်၊
ယောက်ျားမြတ်ကို၊ ညှာလွတ်ချပ်ပြေ၊ နတ်ပန်းကြွေသို့၊ ကြက်သရေတိုက်ဝှမ်း၊
မယ်တော်ဝမ်းမှ၊ သာချမ်းသန့်စင်၊ မျက်နှာမြင်၏၊ မထင်ပြစ်ဆာ၊ ထိုဘွားခါဝယ်၊
ရတနာပြိုးပြက်၊ မြကွန်ရက်နှင့်၊ ခင်းကြက်သာကြည်၊ ခံရသည်ကို၊ ရည်၍တကြောင်း၊ တပ်ပေါင်းမြို့စား၊
တလွှားရပ်စည်၊ ရှမ်းပြည်ယွန်းပြည်၊ စရှိသည်ဝယ်၊ ထီး, စည်, ဝေါရ၊ ဒေသမြို့ပြား၊
မင်းမင်းများက၊ ပတ္တမြားစသည်၊ ထူးလည်မြားစွာ၊ ရတနာတိ၊ ရှိကြာဦးတည်၊
ဆက်ရောက်သည်ကို၊ ရည်၍လည်းကောင်း၊ ကျော်သောင်းလွှံ့ကြား၊ ထိုမင်းသားကို၊
ထူးပြားသာယာ၊ ရတနာပဉ္ဇ၊ မည်မှည့်ကြ၏၊ မာဂဓအလို၊ ထိုထိုမြန်မာ၊ ပြန်သောခါမူ၊
ရတနာစု၊ နုသည်နာမ၊ ခေါ်ဆိုရသည်။ ။ ဒိဗ္ဗမာလု - ပမာတည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment