သူဇာပျို့
၇၅။ သို့နှင့်သာပျော်၊ အိမ်တော်ရဝေ၊ ကြွရောက်လေသော်၊ ငံ့နေမနား၊
မူသည်များကို၊ လျင်လျားခေါ်မြောက်၊ အညီရောက်မှ၊ နှည်နှောက်စင်မော၊ စစ်ဆေးကြော၍၊
သဘောဖြောင့်မတ်၊ မျဉ်းခတ်သော့သွင်၊ ရွှေချိန်ခွင်သို့၊ စီရင်ကောက်ဘူ၊
ဖြတ်တော်မူသော်၊ ပြည်သူကလူက၊ အူအူစ၍၊ ရုက္ခဘုမ္မာ၊ အာကာငါးထပ်၊ ထက်ရပ်ထုတ်ချောက်၊
ဗြဟ္မာရောက်မှု၊ ချီမြှောက်ကျံကျံ၊ အသံသောင်းသောင်း၊ ထိန့်ထိန့်ခြောင်း၏၊
မြတ်လောင်းဧကရာဇ်၊ ထိုအဖြစ်ကို၊ စိစစ်မနှေး၊ လန့်ကြားမေးသော်၊ မိုက်မြှေးရှက်ခြည်၊
ပုဏ္ဏားသည်လျှင်၊ ဖြီးစည်အများ၊ တန်ဆိုးစား၍၊ တရားမှောက်လှန်၊ ပြောင်းပြန်လိမ်ကွေ့၊
စီရင်၍လျှင်၊ အိမ်ရှေ့ဘုရား၊ မူသည်များကို၊ သနားကြည်ဖြူ၊ ခေါ်တော်မူ၍၊
ချိန်တူဖြောင့်မှန်၊ စီရင်ဟန်ကို၊ အလွန်ကြည်ညွတ်၊ လူနှင့်နတ်တို့
လေးမြတ်ကောင်ခြီး၊ သီးသီးပတ်လည်၊ ဆိုကြသည်ဟု၊ မတ်ရည်ရှိများ၊ လျှောက်သည်ကြားသော်၊
မင်းဖျားရာဇာ၊ လူ့ထွတ်ချာကား၊ ဝမ်းသာစုံမက်၊ လွန်နှစ်သက်၍၊ ရွှေလက်ဆန့်ပြီး၊
လက်ဖျစ်တီးလျက်၊ ကောင်းခြီးရွှေခွန်း၊ ကြိုင်ပျံ့မွှန်းသည်။ ။ ဥဒါန်း ဤသို့မည်၏တည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment