သူဇာပျို့
၈၄။ ဆက်ဆက်ဆယ်ခါ၊ မညှာမတန့်၊ သက်ကိုစွန့်၍၊ ပွားပြန့်မေတ္တာ၊
ချစ်စရာဟု၊ စေတနာပြတ်ပြတ်၊ ကျွန်ုပ်မှတ်သည်၊ လှမြတ်မဉ္ဇူ၊ မင်းနုအူ။ ။
ရှင်လူကျိုးမဲ့၊ မကဲ့ရဲ့စေ၊ စစ်မြေတပါး၊ မသွားရဘဲ၊ ယှဉ်နွှဲမြဲနှောင်၊
ပျော်ရအောင်ကို၊ ရည်ဆောင်လုံ့လ၊ ကြံပါမှဟု၊ ချစ်လှမေတ္တာ၊ စေတနာနှင့်၊
ထွေသာပျံ့ကြည်၊ သနားဘွယ်သာ၊ မိန့်ရာမှာကား၊ စစ်ဟာရပ်မြေ၊ ချီလေခန့်စ၊ အလျင်ကပင်၊
နေကျမြဲမှတ်၊ စစ်ထမ်းလွတ်အောင်၊ ခွေညွတ်ဆန်းကြည်၊ ဥပါယ်တမျဉ်၊ ကြံစည်ယှဉ်သော်၊
နုယဉ်သာကြည်၊ လွတ်တော့မည်ဟု၊ ဆောက်တည်စိတ်ရှိ၊ အောက်မေ့မိ၍၊ သံတိသံလှိုင်း၊
အောက်မေ့တိုင်းကို၊ ထုံ့ပိုင်းရည်ထင်၊ အားထုတ်လျှင်လည်း၊ သာရွှင်ချမ်းသာ၊
ပြီးတိုင်ရာ၏၊ လိမ္မာကြံဆန်း၊ ခွေဝန်းသွေးချော်၊ တတ်အားသော်လည်း၊ ကျူးကျော်အထူး၊
ကျေးဇူးလွန်လှ၊ မိဘတို့ကို၊ မဆိုနှင့်ဦး၊ တထူးသူ့အား၊ လှည့်စားချွတ်လွဲ၊
စဉ်းလဲစဉ်းစား၊ မမှန်ကာဟူ၊ ပြုသသူကား၊ လူကစုတိ၊ သေသည်ရှိသော်၊ ဂတိယုတ်လား၊
ပါယ်လေးပါးသို့၊ သွားမည်ကြောင့်သာ၊ ထင်စွာဖြစ်၍၊ ဘုန်းဟေ့မြတ်ဖျား၊ ဘုရားလူ့ဆွေ၊
ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ၏၊ အလျာအလောင်း၊ သူတော်ကောင်းတို့၊ ကျင့်ဟောင်းမဟုတ်၊
ကျင့်ယုတ်စင်စစ်၊ ဖြစ်ခဲ့သည်ရှင်၊ လူ့ပြည်တွင်နှိုက်၊ များဖြင်ရှိမဲ့၊
လူကဲ့ရဲ့ကို၊ သွယ်နွဲ့ကွေ့လည်၊ ကြံစည်တတ်ကျော်၊ လွတ်ငြားသော်လည်း၊ ထဲပေါ်အစဉ်၊
နတ်တို့မြင်က၊ စိတ်တွင်စုံမက်၊ မနှစ်သက်၍၊ စဉ်ဆက်နေကြ၊ မ, မစဘဲ၊ ထွန်းပဘုန်းတန်း၊
မလန်းမဖြိုး၊ အကျိုးပင်သာ၊ နည်းပါးရာခဲ့၊ လိမ္မာထဲသံ၊ စံလွတ်ကြံမှ၊ မြဲမြံကြည်ဖြူ၊
ချစ်၏ဟူ၍၊ ယူမည်မိန့်ချက်၊ ငယ်စိတ်လက်ကို၊ မပျက်မြဲစွာ၊ မလွတ်ပါက၊ ကြံရာခဲလွန်၊
ကျွန်ုပ်ကျွန်မှာ၊ မတန်လွန်းစွာ၊ ဝန်လေးရာတွင်၊ ထပ်ကာတမြင့်၊ သားငယ်ဆင့်ကို၊
မိုးပြင့်ချစ်မွမ်း၊ အချစ်လွမ်းတွင်၊ လျှမ်းလျှမ်းဖြိုးမောက်၊ ကြောက်လွန်လှောက်၍၊
ညှိုးခြောက်ခန္ဓာ၊ မကြာမတင်၊ သေမည်ထင်ခဲ့၊ မင်းရှင်အူနု၊ သည်အယူကို၊ လွယ်ကူခဏ၊
လွှတ်ပါမှသာ၊ ချမ်းမြသက်သာ၊ မထောင်းတာလျက်၊ စစ်ရာမက်ရေး၊ နီးဝေးကြီးကျယ်၊
အသွယ်သွယ်ကို၊ လျင်လွယ်ပြီးတိုင်၊ စီရင်နိုင်၍၊ မပြိုင်ရန်ထောက်၊
ပြန်ရောက်သာပျော်၊ မျက်နှာတော်ကို၊ ရှုမြော်သာရွှင်၊ မြင်ပါရမည်၊ ဖြစ်ပါသည်ရှင်၊
သို့မှုတ်လျှင်သည်။ ။ ကြံအင်ကိစ္စခဲလုံ့လ။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment