သူဇာပျို့
၈၆။ ဗောဓိဉာဏ်ခိုင်၊ ရောက်တိုင်မငြို၊ အဆုံးကိုမျှ၊
မဆိုတည့်ရက်၊ ဖြစ်ဆက်ဆက်ဝယ်၊ ပြိုးပြက်လည်မာ၊ မျက်နီလာသို့၊ လည်မှာစတေ၊ ဆွဲရစေဟု၊
သံခြေဓိဋ္ဌာန်၊ ကျွန်ုပ်ပန်လျက်၊ မြဲမှန်အချစ်၊ ဆင့်ဆင့်ရစ်သည်၊ နုမျစ်နွဲ့သွယ်၊ မင်းလှငယ်။
။ ပျံ့ကြွယ်ထွေသာ၊ ငါးလကြာ၍၊ လွမ်းတာမမြင့်၊ ပါစေနှင့်ဟု၊ ထပ်ဆင့်လောင်းကာ၊
မိန့်ရာမှာရှင့်၊ ဖြူဝါနုရွ၊ မင်းရှင်လှသာ၊ ရူပမတည်၊ လွမ်းမည်မှတ်ပါ၊
မောင့်စိတ်မှာလည်း၊ ကလျာငါးအင်၊ မြေ့ရွှမ်းရွှင်သည်၊ မင်းရှင်ဖြူညက်၊
လွမ်းသည်ထက်ပင်၊ ဆတက်ထောင်ရာ၊ စစ်မြေတာဝယ်၊ အူချာပြတ်ကြွေ၊ သေလှုမြောမျှ၊
မချိလှအောင်၊ လွမ်းရမည်လျှင်၊ ဧကန်ပင်ကို၊ ကြာတင်မြင့်ဖြဲ၊ ဖင့်နွှဲစရာ၊
ဘယ်အာဏာဖြင့်၊ လွမ်းတာရှည်အောင်၊ ရည်ဆောင်ထဲသံ၊ ကြံရက်ပါ့မည်၊ ဝံ့ဆည်မရှောင်၊
လျင်လှအောင်ကို၊ အန်တောင်ကြီးထု၊ လုံ့လပြု၍၊ လွမ်းမှုမကြာ၊ ပြန်ပါမည်ပ၊ ကြာစွဆုံးမှာ၊
ငါးလသာဟု၊ ရေးရာညှာတာ၊ လျှောက်ရာမှာလည်း၊ ပြိုင်လှာရှုပ်ထွေး၊ စစ်မက်ရေးကို၊
မြှော်တွေးထွေလည်၊ စိုးရိမ်သည်ကြောင့်၊ ကြံစည်ခန့်ထောက်၊ မလျှောက်ဘူးရှင်၊
စစ်လေးအင်နှင့်၊ များဖြင်လုံးရင်း၊ ခြေခင်းလက်ရာ၊ မသာရောင်ကွန့်၊ ခရီးဓွန့်ကို၊
မခန့်နိုင်ပါ၊ ၍သာလျှောက်သည်၊ ဆောက်တည်နေကျ၊ ငါးလမျှစင်၊ မြင့်ကြာတင်မည်၊
မထင်ပါဘူး၊ စူးစူးသွားရောက်၊ တထောက်ကွန်းသာ၊ ချတိုင်းမှာပင်၊ စေ့ပါနေ့ရေ၊
မပြတ်စေနှင့်၊ သံခြေပျံ့စွာ၊ မိန့်ရာမှာလည်း၊ ဗျာပါမိုးမွှန်၊ ကျွန်ုပ်ကျွန်သည်၊
ဝေးလွန်ရပ်ခွင်၊ စစ်မြေပြင်ဝယ်၊ မင်းရှင်ထွေငေါ်၊ ရွှေခွန်းတော်ကို၊ ဘွေဖော်စေ့ငု၊
ခုခုခဏ၊ ကြားရမှပင်၊ ဆူမျှလှိုက်ဝမ်း၊ အလွမ်းဗျာပါ၊ မထောင်းတာ၍၊ သက်သာရမည်၊
ဖြစ်တော့သည်ကို၊ ကြံစည်တခြား၊ တပါးစေ့ငုံ၊ ဘယ်အမှုဖြင့်၊ ဂရုပြုလျက်၊ မွေရက်ပါမည်၊
ရောင်ခြည်စိမ်းဝါ၊ မြပေစာနှင့်၊ ရေးရာလက်မှတ်၊ ယုံကျွန်မတ်တည့်၊ မပြတ်နေ့ဆက်၊
မပျက်မှန်ချီ၊ တယောက်စီလျှင်၊ မြင်းနှင့်ပင်သာ၊ အလျင်ထုတ်ချောက်၊
ခန့်တိုင်းရောက်အောင်၊ စေလျှောက်ပါမည်၊ ဆောက်တည်မယွင်း၊ သည်အခင်းမှာ၊
နေမင်းသော်တာ၊ သူရိယာသည်၊ ပူဝါစဲပျောက်၊ ချမ်းသာရောက်လျက်၊ အနောက်ခေါင်ထွတ်၊
လောကဓာတ်က၊ ပြောင်ပတ်ထွန်းပ၊ ပေါ်လေမှပင်၊ တီးတွငင်ချိတ်၊ မောင့်စိတ်ပေါ့လျော့၊
မွေတော့မည်ပ၊ မည်သည်မှပင်၊ မင်းလှသင်္ကာ၊ မရှိပါနှင့်၊ ဖျားနာတည်တည်၊ ဗျာဓိမည်သာ၊
ပတ်လည်ဝန်းရစ်၊ သေမင်းစစ်ကို၊ ပယ်ပစ်ပျောက်ခွာ၊ နိုင်အောင်သာလျှင်၊ မေတ္တာသည်းနု၊
ပြုပါတော့ရှင်၊ ခုကပင်လျှင်၊ ရွှေစင်ရတနာ၊ ဆင်းဂီဝါမှာ၊ မျက်နှာလျလျ၊
လျော့နွမ်းလှ၍၊ လှိုက်မျှပူပင်၊ မမြင်ဝံ့ပါ၊ ကြံကာဝှန်ဆူ၊ အပူအဆာ၊
လျောက်ပါတော့ရှင်၊ စိတ်တော်ရွှင်မှ၊ မပင်မပန်း၊ ကိုယ်တော်ကျန်းမည်၊
ဖြစ်ချေသည်ရှင်၊ ကိုယ်တော်လျှင်လည်း၊ ပန်းသွင်ရွရွ၊ နူးညံ့လှခဲ့၊ ပျောင်းပျမသာ၊
ဖျားနာထူးထွေ၊ ရချေတော့မည်၊ သို့ဖြစ်သည်ကြောင့်၊ ဖြေဆည်သာပျော်၊ စိတ်ကိုဖျော်၍၊
စားတော်မြိန်ပင်၊ စက်လျှင်ပျော်ရေး၊ မျတ်တွေးရည်ရော်၊ ကိုယ်တော်ကိုသာ၊
ဖြည့်တင်းပါတော့၊ မြေတာဝေးထောက်၊ ချီလေရောက်မှ၊ စံမြောက်လှကျော်၊
ဆင်းရွှေလှော်သည်၊ ကိုယ်တော်မလန်း၊ မခံ့ကျန်းဟု၊ ထွေဆန်းမောင့်နား၊ ကြားဘိရက၊
ခဏလျင်ဆော၊ ငါးချက်ဇောကို၊ လတ်လောခြင်းပင်၊ သေမည်ထင်ခဲ့၊ ငါးအင်ယဉ်နု၊
မောင့်သက်စုသည်၊ ရွှေဥရတနာ၊ သည်ကိုညှာ၍၊ ဆင်းဝါရွှေလှော်၊ ရွှေစိတ်တော်ကို၊
သာပျော်ဖြားယောင်း၊ ဖြေပါကောင်းသည်။ ။ အကြောင်းဟုတ်စွ ယူတွေးဆ။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment