သူဇာပျို့
၈၅။ နိဗ္ဗာန်ပြည်ခိုင်၊ မတိုင်မချင်း၊ သံသာတွင်းဝယ်၊ မကင်းဘဝ၊
ဖြစ်ဖြစ်မျှပင်၊ ကျွန်မသခင်၊ အရှင်စတေ၊ ဖြစ်ပါစေဟု၊ မှတ်နေကြည်ဖြူ၊
တောင်းဆုယူလျက်၊ ပြိုင်တူမထင်၊ ကျွန်မကြင်သည်၊ ထိပ်တင်မိုးလယ်၊ တောင်းဆုယူလျက်၊
ထိပ်ပန်းနွယ်။ ။ သည့်နှယ်ထွေထွေ၊ ရှာဘွေပြီးတိုင်၊ မတတ်နိုင်အောင်၊
ကြုံမှိုင်လက်ချ၊ ဖြစ်ခဲ့ရသော်၊ ကျွန်မသေစာ၊ အခါနီးသည်၊ ဖြစ်တော့မည်ရှင်၊
ပေါ်ထင်တန်းခိုး၊ ကဲမိုးအလွန်၊ ဘယ်နတ်ဘန်၍၊ ဖြီဆန်ပြိုင်ဆိုင်၊ ဘုန်းစတိုင်များ၊
ဝံ့စားခိုက်တိုး၊ သည်စစ်ဆိုးသည်၊ အကျိုးမရောက်၊ ပေျာက်ပါလိမ့်မည်၊
ဘုန်းခြည်တောက်ဝါ၊ မယ့်ထိပ်ချာသည်၊ လွှဲခွာရှောင်ရှား၊ မတတ်အား၍၊ ရှည်လျားဝေးလှ၊
ချီလေရလျှင်၊ ကျွန်မမှာလေ၊ ရွှေမြေနေမြစ်၊ ဝေးသည်ဖြစ်ကြောင့်၊ ကြင်ချစ်မိဘ၊
အစ်မမောင်ရင်း၊ သားချင်းမျိုးနယ်၊ လျဉ်းသွယ်စပ်မိ၊ မရှိတုံးတုံး၊
ယုတ်ဆုံးတိုင်အောင်၊ တကောင်ကြွက်ကယ်၊ ဆိုသည့်နှယ်လျှင်၊ အငယ်ပုလု၊ သားတခုနျင့်၊
ရွှင်မှုမလန်း၊ ရှက်ကန်းရှက်ကိ၊ မော်မိမော်မန်း၊ မကျန်းမတည်၊ ရှိတော့မည်ကို၊
ဘုန်းကြည်ရောင်ရွှန်း၊ ပြောင်ပြောင်ထွန်းသည်၊ ထိပ်ပန်းစေ့စေ့၊ ကြံအောက်မေ့၍၊
ရက်နေ့များလှ၊ ငါးလမျှစင်၊ ကျွန်မထိပ်ဗွေ၊ ကြာပါစေနှင့်၊ မနေဘယ်မှ၊ လျင်လှသည်ထက်၊
လျှပ်ပြက်နှယ်ပ၊ လျင်လှအောင်သာ၊ ပြန်ခဲ့ပါရှင်၊ အခါညဉ့်နေ့၊ အိပ်၍မပျော်၊
စားတော်မဝင်၊ နေလျှင်မကောင်း၊ သမ်းပျောင်းညွတ်ခွဗ၊ ငို၍စေသာ၊ လွမ်းတာရှည်မြင့်၊
ပါစေနှင့်လို၊ သို့စင်ဘုန်းရွှန်း၊ မယ့်ထိပ်ပန်းသည်၊ စခန်းတဲသာ၊ ချတိုင်းမှာလည်း၊
သာဘာရွှင်ပျော်၊ ကိုယ်တော်မပျောင်း၊ ကျန်းမာကြောင်းကို၊ ယုံကောင်းသည့်သူ၊
ခန့်တော်မူ၍၊ ပန်းတူလှိုင်ကျော်၊ အမိန့်တော်နှင့်၊ ရည်ရော်စိုက်စိုက်၊
စေလိုက်ပါရှင်၊ သာရွှင်ပျော်မွေ့၊ တနေ့မျှသာ၊ ပြတ်ပါစေနှင့်၊ စေ့ရှာကျွန်မ၊
လျှောက်သမျှကို၊ ယဉ်လှသည်ရှင်၊ မယ့်ထိပ်တင်ဝယ်၊ နော်ရှင်ထိပ်ချာ၊ မေ့ပါစေနှင့်၊
ဘုန်းပွင့်ဝေဝေ၊ ထွတ်ထိပ်နေကို၊ ချမ်းရေကြည်မော၊ သီတောဒက၊ ကန်နားကပင်၊ စ၍ကျွန်မ၊
ပြတ်မျှအသက်၊ ချစ်လေချက်ကို၊ ဟမြွက်ခြင်းရာ၊ ပုံပမာမျှ၊ ဆိုသာပြီဘူး၊ ကျော်၍ကျူး၏၊
ညံ့နူးသာဖြား၊ သည်စကားသည်၊ ဆွေဝါးမနီး၊ ဝေးရပ်ကြီးက၊ ကိုယ်ထီးသည်မှာ၊
လွင့်ရောကလှာသည်၊ ကိုးရာမဲ့၍၊ ချောမြေ့ပျူဟာ၊ လျှောက်သည်သာလျှင်၊ ဟုတ်ပါဘူးရှင်၊
သည့်တိုင်းပင်သာ၊ မှန်လှပါသည်။ ။ ဆံလွှာခြမ်းမျှ မယွင်းခွ။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment