သူဇာပျို့
၈၉။ လွမ်းတင်းသံချို၊ ဆိုကြအပြီး၊ ယိုစီမျက်ရည်၊ မဆည်နိုင်ကြ၊
သွယ်စီးကျ၍၊ နှစ်ပါးရင်ခြား၊ ကပ်သည်ကြားမှာ၊ လေပါးမြစ်မ၊ ပေါင်းကြဆုံသည်၊
ဝဲနှယ်လည်၏၊ ဖြီးစည်ဆင့်လောင်း၊ နံ့ပေါင်းသင်္ချာ၊ ရေးရာမထင်၊ မျိုချင်မတတ်၊
သတ်ပြတ်လှုနီး၊ သုံးချက်တီးက၊ စ၍စုံပူး၊ ချစ်မျိုးကြူးမျှ၊ ညဦးသန်းခေါင်၊
သောက်လင်းဆောင်သည်၊ မျက်တောင်မရှက်၊ ပိုက်ဘက်လျက်လျှင်၊ ညဉ့်လုံးပင်ကို၊
ခုတွင်နေကြ၊ တခဏသို့၊ စိတ်ကပြတ်ပြတ်၊ ထင်ကြမှတ်၍၊ မလွှတ်ကြရက်၊ စုံမက်ဆွတ်ကြင်၊
နေကိုပင်တည့်၊ တားချင်မတတ်၊ ရစ်ပတ်မကွာ၊ နွှဲတိုင်းသာလျှင်၊ ရှိန်ဝါရောင်လွင့်၊
နေမိုးမြင့်၏၊ ချိန်ခါသင့်တော်၊ ထွက်နီးလျော်၏၊ အကျော်ဗေဒင်၊ မြော်မြင်တတ်သိ၊
ပညာဟိတို့၊ ဦးရှိလက်ထား၊ ဆင့်လျှောက်ငြားမှ၊ ထွတ်ထားနန်းလျာ၊ အနိုင်ခွာ၍၊
သိင်္ဂါရောင်ဘိတ်၊ ပရိတ်နာဆက်၊ ဆောင်သို့ထွက်၍၊ ကိုးမျက်ချယ်မြှောင်၊
တထောင်ပြက်လှပ်၊ ရောင်ဖြာလျှပ်သို့၊ ရင်သပ်အံ့ရာ၊ စစ်တန်ဆာတိ၊ အာကာသဓာတ်၊
ထွတ်ဆုံးနတ်သို့၊ သင့်မြတ်ကျူးကျော်၊ ထင်ပြီးသော်တည့်၊ သားတော်သည်းချာ၊ ရတနာကို၊
အသာလှမ်းယူ၊ ချီတော်မူ၍၊ မွှေးကြူပန်းနှယ်၊ ပါးနုနယ်ကို၊ ညာဘယ်ဘက်ယမ်း၊
ထပ်ကာနမ်းသည်။ ။ ချစ်ဝမ်းဆူးချောက်ချား၏တည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment