သူဇာပျို့
၉၃။ သတ္တရုဘင်္ဂ၊ မင်္ဂလကို၊ မြန်မာ့အလို၊ ဆိုသော်ထူးမြတ်၊ ရန်ဖြတ်မင်္ဂလာ၊ ဆင်တော်ခွာ၍၊ ရှုသာစဉ်စီ၊ ဆောင်တော်နီက၊ ကျောက်စီပြိုးပြက်၊ ကွမ်းခွက်ရှေ့တည်၊ ဓွန့်ရှည်ရောင်ဖြိုး၊ လက်ဘက်အိုးနှင့်၊ တင့်နိုးယဉ်ဆုံး၊ လက်သုံးတော်ဓား၊ ရွက်ပြားရောင်တိတ်၊ ရွှေအိတ်ရောင်လတ်၊ ကျိုင်းချက်သိင်္ဂါ၊ ခြောက်စင်းကာလျက်၊ အရာယုတ်လွန်၊ ဝန်တွင်းဝန်က၊ စသည်သီးသီး၊ မှူးကြီးမတ်ပေါင်း၊ သိန်းသောင်းရံပြီး၊ စည်တော်တီလျက်၊ ကြွလေထွက်သော်၊ ဖြူညက်နုဝါ၊ မင်းသူဇာကား၊ သည်းချာစုရုံး၊ နှလုံးကြွင်းမဲ့၊ ထွက်လေကဲ့သို့၊ ချဲ့ချဲ့ပူဆာ၊ မချိရှာပြီး၊ ရှိကြာရွှေလက်၊ ဆယ်ချောင်းရှက်လျက်၊ မကွက်မျက်ခြည်၊ မျှော်လိုက်သည်နှင့်၊ မျက်ရည်စီးသွယ်၊ ဝင်းတော်ကွယ်က၊ ကြာ့နှယ်ယိမ်းနွဲ့၊ မိန်းမောခဲ့သော်၊ ကိုယ်လုပ်တော်တို့၊ ခေါ်ဝေါ်ယုယ၊ ချီပိုက်မ၍၊ ယူထဆောင်လျက်၊ ဆောင်မထက်ဝယ်၊ ကိုးမျက်စီပေါ်၊ သလွန်တော်ထက်၊ ဖြေဖျော်သာဖြား၊ တင်ကြာထား၍၊ ဆေးဝါးယှဉ်ကာ၊ မနည်းကြာမှ၊ သာက်သာသသ၊သတိရ၏၊ ဒီပလုံးယူ၊ စိုးမည့်သူလည်း၊ သည်းအူကြွင်းမဲ့၊ ရှိရစ်ကဲ့သို့၊ တငဲ့ငဲ့ပင်၊ ကြွလေကျင်၍၊ မျက်ရှင်ရောင်သွန်း၊ ရွှေနန်းတော်ရှေ့၊ ချမ်းမြေ့သာယာ၊ ဆင်ယှဉ်မှာနှိုက်၊ ရံကာစီစဉ်၊ ဆင်တော်ယှဉ်၍၊ နုယဉ်နတ်ထက်၊ ဆင်ကသက်သည်။ ။ငဲ့ကွက်ကြည့်မြှော်မှား၏တည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment