သူဇာပျို့
၉၆။ ယင်းသို့လျှောက်သော်၊ မယ်တော်ဘုရား၊ မိန့်ပေငြား၍၊ ကြိုင်ရှားပျံ့ကြွယ်၊ နတ်ပန်းနှယ်လျှင်၊ ထိပ်ဝယ်ဆင်တင့်၊ ရှုမျက်ပွင့်သည်၊ မရှင့်သည်းချာ၊ နန်းပွင့်လျာ။ ။ ဘွေရှာတွေးဆ၊ ဘယ်ကိစ္စကြောင့်၊ ကြောင့်ကြလှည့်တာ၊ မဆိုရာကို၊ ဆိုရှာသနည်း၊ မောင့်ခမည်းနှင့်၊ ကျော်သည်းမြေပေါ်၊ မောင့်မယ်တော်မှာ၊ ရှုပျော်မေတ္တာ၊ ပုံစရာသည်၊ သည်းချာသက်လှယ်၊ မောင်နှင့်မယ်သာ၊ ဖြစ်ပါသည်ကို၊ ရွယ်ပျိုနုထွား၊ မိသည်းကြားမှာ၊ တခြားတူရှဲ့၊ ရှိပြန်ကြံသို့၊ ထောက်ငဲ့ထွေဆန်း၊ စိုးရိမ်လွန်းစွ၊ ထိပ်ပန်းမောင်ချည်း၊ တယောက်တည်းလျှင်၊ ဘော်နည်းနေကျ၊ ချစ်−မဝ၍၊ ဘယ်ကဘော်လှာ၊ ရပါမည်နည်း၊ ပေါင်းစည်းညီညာ၊ အောက်မေ့ရာတွင်၊ လှူဒါပုည၊ ကံဟောင်းမ၍၊ မယ်လှသည်းချာ၊ ဝေးရပ်ရွာက၊ ပေါ်လှာပေသည်၊ ရွှေရည်ရွှေခဲ၊ ပုလဲဖြူညက်၊ တို့အသက်ဟု၊ စုံမက်အင်ပြည့်၊ မှတ်ပါ၏ရှင့်၊ သို့သည်သမီး၊ မငြီးရှုပြော၊ စိတ်ဇော ပီတိ၊ မျက်စိ တန်ဆာ၊ အရသာကို၊ မစ္ဆာမှားယူ၊ ဘယ်သသူလျှင်၊ ကျင့်မူရုန့်ရိုင်း၊ မကိုင်းမညွတ်၊ ကိုယ်လွတ်ရှောင်ခွာ၊ ကွယ်ရာမျက်မှောက်၊ မောက်စောက် ဟုံးစုံး၊ နှလုံးဝမ်းမှာ၊ မသာယာအောင်၊ ရန်ရှာလွှားပ၊ ဝံ့ရမည်နည်း၊ ပေါင်းစည်းလုံခြုံ၊ ချစ်ပုံစုရာ၊ မိသည်းချာသည်။ ။ ဘွေရှာကြောင့်ကြ ထူးချွန်တည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment