သူဇာပျို့
၁၁၆။ အကျူးငယ်က၊ ဆိုးလွန်းလှ၍၊ ပါပစာရီ၊ ခေါ်ညီမည်ရ၊ တွင်သည်ကကို၊ ကြီးမှဂုဏ်အင်၊ ဗေဒင်မှုမှာ၊ မထောင်းတာပေ၊ ခွဲဝေဆုံးဖြတ်၊ ဓမ္မသတ်ကို၊ မတတ်ပါဘူး၊ လှမ်းကူးဆီးဆ၊ လူရေးလှလျက်၊ ရွရွနှုတ်ရည်၊ ဆိုတတ်သည်ကြောင့်၊ အမည်ရွှေကြပ်၊ ပေးထပ်ကျေးရွာ၊ နေရာတခြား၊ တရားစီရင်၊ ခန့်လေလျှင်ပင်၊ နီလွင်စက်နား၊ ဆန်းပြားကျူးမိုး၊ ပုဆိုးပိတ်ဖြူ၊ တလူလူနှင့်၊ ပြည်သူအများ၊ ဆင်းရဲသားကို၊ သနားမဲ့သီး၊ ညှဉ်းဆဲပြီးမှ၊ ငြိုးကြီးငြိုးသို၊ လူကိုပင်သာ၊ မီးမှရှေ့ရည်၊ ထည့်တော့မည်ပင်၊ ထင်ထင်နှိပ်စက်၊ ကြံလေချက်ကို၊ ထိပ်ထက်ထားတင်၊ ကိုယ်တော်ရှင်ကို၊ အလျင်ကျွန်မ၊ လျှောက်ချင်လှ၏၊ ဒီပကျွန်းမှာ၊ စိုးမည့်လျာဝယ်၊ ဆီးလာအသင့်၊ ကြိုပါနှင့်လော့၊ စက်ပွင့်ကြိုင်မွှန်း၊ ခြေတော်ပန်းကို၊ လန်းလန်းထိပ်စ၊ မပန်ရသည်၊ ကြာလှပြီရှင်၊ ပူပင်စိုးနှောင့်၊ သည်ချက်ကြောင့်လည်း၊ မအောင့်စောင့်နိုင်၊ ဂလိုင်ဝမ်းမှာ၊ လှိုက်ကာကာနှင့်၊ လျင်စွာကျွန်မ၊ ဖူးချင်လှ၍၊ ရွှင်ပျရွှမ်းစို၊ မင်းပျိုပျိုငယ်၊ သည်ကိုသည်ကို၊ မိန့်သံချိုနှင့်၊ ခေါ်ဆိုသာပျော်၊ လက်တော်အသင့်၊ ရပ်ပါနှင့်လော့၊ ပျံ့လွင့်အူချာ၊ မယ့်ဗျာပါသည်။ ။ ဝမ်းမှာဝေဆူး − နောက်ကျိမူး။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment