သူဇာပျို့
၁၁၇။ မြင့်ဖြူးအာကာ၊ မိုးကသာလျှင်၊ ဗျာပါခိုးမျှ၊ ယမ်းယော်ဆ၍၊
ကျွန်မလိုက်လှာ၊ ခု ရှာပါသည်၊ သည်မှာတည့်တည့်၊ မောင်ရှိ၏ဟု၊ ဖျော်ဖြည့်သံချို၊
မင်းပျိုပျိုငယ်၊ ဆီးကြိုအသင့်၊ မခေါ်နှင့်ပါ၊ ကျွန်မသာလျှင်၊ အူချာပြတ်မျှ၊
ရာ့ခုနှစ်ကွက်၊ စက်လက္ခဏာ၊ အစုံပါသည်၊ အင်္ဂါထင်ရှား၊ ဘဝါးတော်က၊ ရေတွက်ဆ၍၊
ယဉ်လှတင့်ဆုံး၊ သားလုံးပုဆစ်၊ ပြေပြစ်တင်ရင်၊ နောင်ပြင်ရှေ့မှာ၊ မျက်နှာလှကျော်၊
ဗောင်းတော်ညွန့်ရှည်၊ ရစ်လည်ခွေခေါက်၊ ထက်ဖျားရောက်အောင်၊ ထက်အောက်ဘွေရှာ၊
ကြည့်လေရာပင်၊ မြူလွှာဆံလောက်၊ ရိုင်းမျိုးပျောက်၍၊ မိုးမောက်အထု၊ ယဉ်မျိုးစုသည်၊
အနုစေသား၊ ပြိုင်ဘော်ရှား၏၊ သူများဗောင်းတတ်၊ သေသတ်ကျူးကျော်၊ ဗောင်းထုပ်တော်လည်း၊
အတော်မလွဲ၊ အမြဲကျမှ၊ ယဉ်ကျေးကြ၏၊ ကျွန်မထိပ်ဗွေ၊ ဘုန်းညွန့်ဝေမှာ၊ သေသေသတ်သတ်၊
တတ်လည်းတတ်၏၊ အမှတ်မဲ့သာ၊ လွယ်ကာပင်လိုက်၊ ဖြစ်ကြိုက်ဖြစ်စေ၊ အနေမတော်၊
ရွဲ့စောင်းသော်လည်း၊ ခေါင်းတော်ဗောင်းနှင့်၊ တင့်သည်ကျူးကျော်၊ မျက်နှာတော်မှာ၊
ပြိုင်ဘော်ရှိဘူး၊ ယဉ်မျိုးကြူး၏၊ ဘုန်းထူးသည့်ရှင်၊ မယ့်ထိပ်တင်ကို၊
ဖူးချင်ပြင်းစွာ၊ လိုက်ရှာပါရှင့်၊ အခါဆည်းဆာ၊ နေဖန်ဝါသည်။ ။ ဝင်ပါနှင့်ဦး − ရောင်ဖြာမြူး။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment