သူဇာပျို့
၁၁၈။ ရောင်မြူးရွှေလှော်၊ နောင်တွင်းတော်က၊ ခေါ်တော်ရှိလျှင်၊
ကျွန်မဝင်သော်၊ သခင်ပလည်း၊ တင့်ရည်းသာဖျော်၊ ရှေ့တွင်းတော်က၊ မခေါ်ဘဲသာ၊
စင်လိုက်လှာ၍၊ ညခါချမ်းမြ၊ ထွက်ခဲ့ကြလျှင်၊ ယဉ်လှသည့်ရှင်၊ ထိပ်တင်ဘုန်းမောက်၊
အလျင်ရောက်သော်၊ အနောက်ဝေါယှဉ်၊ ယဉ်နိုင်မျှက၊ ဆီးနေကြကို၊ ခုမှထွေလာ၊ သည်တခါတွင်၊
စစ်တာတဲခန်း၊ သဘင်နန်းမှာ၊ ရှိပန်းတင်ရွက်၊ ဘယ်ကဆက်သည်၊ နတ်ထက်ရောင်ဆင်း၊
ဘယ်မင်းသည်းချာ၊ ရတနာကို၊ ညီလာဝန်းရံ၊ ဘယ်ပွဲခံ၍၊ ရွှင်စံပျော်မွေ့၊ မေ့လေသနည်း၊
အူသည်းကျွန်မ၊ ပြတ်လှုမျှပင်၊ ဝမ်းကချိဘူး၊ လှိုက်ကာဆူးခဲ့၊ စူးစူးလွှမ်းမြှော်၊
ကြည့်ပါသော်လည်း၊ ကိုယ်တော်ကိုထား၊ ရထား, မြင်း, ဆင်၊ အတင်တင်လျှင်၊ ပုံယင်များလှ၊
ရဲမက်မျှကို၊ အစအမွေ၊ ရှာဘွေမျက်စိ၊ မမြင်ရှိခဲ့၊ မငြိမတွယ်၊ ကောင်းကင်လယ်မှာ၊
ဘယ့်နှယ်ကျွန်မ၊ ပြုပါရမည်၊ ဒေဝထိပ်မိုး၊ အာကာစိုးသည်၊ တန်းခိုးကြီးစွာ၊
နတ်တကာကို၊ မယ့်ကိုစိုက်စိုက်၊ ပြပါလိုက်တော့၊ ချစ်ထိုက်ကြမ္မာ၊ ဆုံလှာငြားသင့်၊
သင်နှင့်လည်းကွာ၊ ထိပ်ချာမင်းပျို၊ သခင်ကိုလျှင်၊ ကြည်ညိုလွန်ကဲ၊ ဖူးရဘဲကို၊
ဘော်ကွဲကိုယ်ထီး၊ ကောင်းကင်ကြီးမှာ၊ သွယ်စီးမျက်ရည်၊ တကျည်ကျည်သည်။ ။ တလည်မူးမူး − ဝေးရပ်ကျူး။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment