သူဇာပျို့
၁၁၉။ ဤသို့စသည်၊ ငိုမြည်ရှိက်မဲ့၊ ကုံသီဘွဲ့လျက်၊
ယဉ်နွဲ့မူရာ၊ လိုက်ရှာလေသော်၊ မဟာဥပရာဇာ၊ နန်းပွင့်လျာနှင့်၊ သူဇာမည်ခေါ်၊
မင်းရွှေလှော်တို့၊ ရှေးသော်အခါ၊ မဟာရဋ္ဌ၊ မြို့ပူရနှိုက်၊ နာမကျော်ညီ၊ မဟီပတိ၊
သိရိဝံသ၊ ထွတ်ရာဇာနှင့်၊ စန္ဒမုခါ၊ ဝံသာဒေဝီ၊ သညီထင်ရှား၊ မိဖုရားဟု၊
မြတ်ဖျားဇာတိ၊ ဖြစ်သည်ရှိသော်၊ ပီတိကြည်စိတ်၊ ကရဝိတ်တို့၊ ကျူးထိတ်တွန်ထူး၊ ဖို, မ
မြူးလျက်၊ ပျံ့ပျူးပျော်ရာ၊ မ − ကိုခွာ၍၊ ကင်းကွာဝေးကြ၊ မဟုတ္တမျှ၊ မင်းလှနှစ်ဦး၊
ထားခဲ့ဘူးသား၊ အထူးဝိပါက်၊ အကျိုးစက်သည်၊ အဆက်ဖန်များ၊ ပေးသောအားဖြင့်၊
စစ်သွားလေရာ၊ တော်ကာရည်ဆောင်၊ တောင့်သို့ရှေ့တည်၊ ပြန်ပါသည်ကို၊ မှောက်လည်မျက်စိ၊
တုံ့မိပြန်မှား၊ မြောက်သို့သွား၍၊ တိုင်းကားပြည်ရွာ၊ ဘွေရှာမမြင်၊
ဖြစ်ခဲ့ကျင်သော်၊ သခင်သခင်၊ ခေါ်လျက်ပင်တည့်၊ ပူပင်လောင်ဆာ၊ ကြီးဗျာပါနှင့်၊
ကိုးရာမဲ့လျှင်း၊ ဖြစ်စဉ်တွင်းဝယ်၊ နေမင်းကလည်း၊ ချုပ်မိုက်မည်း၍၊ သည်းမျှပူပြင်း၊
မြေသို့ဆင်းသော်၊ ပျံ့ရွှင်းကြာမျိုး၊ မွမ်းပြည့်ဖြိုး၍၊ မူဆိုးဘမ်းရာ၊ သီတာဒက၊
မည်ရထင်ရှား၊ ရေကန်ပါးဝယ်၊ ထူးပြားဆန်းကြယ်၊ ဘုန်းတသွယ်ဖြင့်၊ ပျံ့ကြွယ်မွှေးစွာ၊
ပန်းတကာတို့၊ လွင့်လှာပေါင်းစု၊ တတောင်ထုထက်၊ နုနုရွရွ၊ အသာကျသည်။ ။ မှောင်ကမည်းမည်း − မိုက်မိုက်တည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment