သူဇာပျို့
၁၂၁။ အကျင့်ဆိုးစွာ၊ ယုတ်မျာချော်ခက်၊ ပုဏ္ဏားပျက်ကြောင့်
ရုတ်ရပ်ဆောမျှ၊ ပြေးရခဲ့လာ၊ တညဉ့်ကြာမှ၊ ဆာလည်းဆာမွတ်၊ ဖတ်ဖတ်မောလှ၊ မချိလှပြီ၊
ကျွန်မလဲပြို၊ မူးလှကိုလေ၊ ရွှန်းပျိုညွန့်သန်၊ နန်းပွင့်ရန်ငယ်၊ မန္တန်ထက်မျှ၊
အနဂ္ဃနှင့်၊ ဖွဖွလာတည့်၊ မန်းပါလှည့်လော့၊ ဖျော်ဖြည့်မရွှင်၊ ကြီးလွမ်းအင်ကြောင့်၊
မမြင်မြောက်, တောင်၊ မူးမှောင်ဝေလည်၊ မိုက်လှာသည်ကို၊ ဘုန်းခြည်တောက်ရွှန်း၊
မယ့်ထိပ်ပန်းနှယ်၊ တုကျွန်းဘက်ရှောင်၊ ဘုန်းတန်ဆောင်နှင့်၊ လင်းအောင်လာတည့်၊
ထွန်းပါလှည့်လော့၊ အပြည့်ကိုယ်လုံး၊ ပတ်ကုံးကုန်အောင်၊ လွမ်းမီးလောင်၍၊
ပြောင်ပြောင်ညီးလည်၊ ပူလှသည်ကို၊ ဘုန်းစည်တက်စ၊ မင်းပျိုလှငယ်၊ ဒေဝဂန္ဓာ၊
နတ်နံ့သာနှင့်၊ ထိပ်ချာတိတိ၊ သွန်းပါလှည့်လော့၊ မည်သည့်ပူမျိုး၊ လူ့မြေမိုးတွင်၊
တူရိုးမထင်၊ ကြီးလွမ်းအင်းနှင့်၊ ရပ်ခွင်မနီး၊ တယောက်ထီးသာ၊ မြှော်ရီး −
မြှော်ယောင်၊ မြောက်, တောင်မသိ၊ အလွမ်းဖိ၍၊ ရိရိပါးမျှ၊ ကျွန်မ မတည်၊
သေတော့မည်ကို၊ ယဉ်သည်နဂိုရ်၊ မင်းပျို့ပျို့ငယ်၊ မယ့်ကိုလာတည့်၊ မြင်ပါလှည့်လော့၊
မူးပြည့် − မုတ္တာ၊ ရတနာသို့၊ လည်မှာရစ်ဆွဲ၊ ပိုက်ခါနွှဲ၍၊ ဆင်မြဲဖျော်ဖြည့်၊
ဆင်ပါလှည့်လော့၊ ရှုကြည့်မညောင်း၊ သက်ချင်းပေါင်း၍၊ ဆင့်လောင်းလွန်ကဲ၊
မရောင့်ရဲသည်၊ ကြင်မြဲတူရှည့်၊ ကြင့်ပါလှည့်လော့၊ ဖြေဖြည့်မသာ၊ မယ့်ဗျာပါသည်။ ။ နှိုင်းရာမိုးနှင့် − မြေအချင့်။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment