သူဇာပျို့
၁၂၀။ မည်းမျှမိုက်မှောင်၊ မြောက်, တောင်မသိ၊ ဖြစ်သည်ရှိသော်၊ မချိဝမ်းမှာ၊
ဗျာပါထွေဆန်း၊ ကြောက်လှလွန်း၍၊ ကိုယ်မှန်းမသိ၊ သတိညွတ်ကာ၊ ညဉ့်လုံးကြာသည်၊
သောက်ဝါလင်းမှ၊ သတိရ၍၊ လျလျပါးပါး၊ လျော့ရေသားနှင့်၊ ထသွားကြည့်လျှင်၊
ကန်ကိုမြင်သော်၊ ရှိုက်ငင်သံချို၊ ပြင်းစွာငို၍၊ အိုကံအိုကံ၊ စီမံဘန်ဆင်း၊
ဖြစ်လေခြင်းလေ၊ လွန်မင်းကျူးမျှ၊ ဖြစ်ထူးလှစွ၊ ကျွန်မထိပ်တင်၊ သခင်ရှိရာ၊
တပ်တော်သာသို့၊ စိတ်မှာဆောက်တည်၊ စူးစူးရည်၍၊ လိုက်သည်ကိုသာ၊ ဘယ်ကြမ္မာနှင့်၊
မိစ္ဆာမူထား၊ ဘယ်နတ်များတို့၊ ဖီတားကန့်ကွက်၊ ဘယ့်နှယ်ဖျက်၍၊ နှစ်သက်စရာ၊
မရှိပါသည်၊ သည်မှာတောရပ်၊ လူမစပ်သို့၊ မအပ်မရာ၊ ရောက်လှာရမိ၊ ဖြစ်တတ်ဘိစွ၊ ဗောဓိတန်ဆောင်၊
ထွန်းရည်ဆောင်သည်၊ ခင့်မောင်ရှိရာ၊ တို့သည်မှာဟု၊ အာကာထွတ်ထား၊ ထက်ခေါင်ဖျားက၊
နတ်များလာတည့်၊ ပြပါလည့်လော့၊ မလှည့်မပျက်၊ မရှိဝှက်ဘဲ၊ စုံမက်ချစ်ကျွမ်း၊
မေတ္တာဝမ်းနှင့်၊ ပြန်လမ်းတည့်တည့်၊ ချပါလှည့်လော့၊ ပြန်မည့်ကြောင်းလမ်း၊
ရှာစမ်းမရ၊ ပြပါမည့်သူ၊ လူလည်းမထင်၊ ပူပင်လောင်သည်း၊မယ်လည်းသိဘဲ၊ ကြံခက်ခဲခဲ့၊
တောထဲကြီးမှာ၊ မယ့်ချည်းသာလျှင်၊ ကြံရာမဲ့လျှင်း၊ စိုးရိမ်ခြင်းသည်။ ။ လွန်မင်းကဲဆင့် − လောင်းသည်နှင့်။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment