သူဇာပျို့
၁၃၅။ လွန်မင်းဖြစ်ဆက်၊ သည်တချက်မှာ၊ ရမ္မက်လောဘ၊ မျက်ဒေါသနှင့်၊
မောဟရောက်စေ၊ လိုကြီးချေ၏၊ တောမြေလှည့်လည်၊ မူဆိုးသည်လျှင်၊ လူ့ပြည်ရှေ့ရှူ၊
မယ့်ကိုယူ၍၊ ဘုန်းလူရောင်ရွှန်း၊ မယ့်ထိပ်ပန်းနှင့်၊ ရွှင်လန်းစုံပူး၊ ဖူးစဦးက၊
ညံ့နူးချိုသာ၊ နှုတ်ဩဇာနှင့်၊ အာကာတိမ်ထွတ်၊ ကောင်းကင်လတ်က၊ မာရ်နတ်သည်းချာ၊
ပင်ပေါ်လှာလည်း၊ ပမာ မထောက်၊ မင်းလှအောက်သာ၊ ဖြစ်ပါစိမ့်မည်၊ မည်သည်ကိုမျှ၊
မင်းရှင်လှသည်၊ ကြောင့်ကြထောက်ချင့်၊ စိုးပါနှင့်ဟု၊ ကြိုင်လွင့်ပျံ့ရှား၊
မိန့်စကားလည်း၊ ရေးသားကျောက်မှာ၊ အက္ခရာသိုံ၊ သေချာလှထွေ၊ ရှိပါလေ၏၊
သံခြေပျံ့ချို၊ သည်ချက်ကိုလည်း နဂိုရ်ထိပ်ချာ၊ စိုးမည့်လျာသည်၊ စိတ်မှာလျော့ပြေ၊
ပေါ့ပါစေနှင့်၊ စေ့ရေရုံးပေါင်း၊ မှတ်မိကြောင်းကို၊ ကျော်သောင်းလွှံ့ပတ်၊
အာကာနတ်တို့၊ မပြတ်စောင့်နေ၊ လှုံပါချေလော့၊ ဆူဝေသည်းချာ၊ ကျွန်မသာလျှင်၊
မေတ္တာကြိုင်မွှန်း၊ မိန့်သည့်ခွန်းကို၊ ထိပ်ပန်းဘုန်းမိုး၊ မေ့ခဲ့နိုး၍၊ သမ်းညှိုးကြောင့်ကြ၊
မီး − မကအောင်၊ သောကလွန်မင်း၊ ပူလောင်ပြင်းစွ၊ ထိပ်နင်းသည့်ရှင်၊ မယ့်သခင်သည်၊
အလျင်ရှေးက၊ ကျွန်မမယ့်မှာ၊ မေတ္တာမိုးသည်၊ ချစ်ကြူးသည်ကြောင့်၊ ဖျော်ဖြည်လေးမြတ်၊
မျိုမတတ်ပင်၊ ရစ်ပတ်လည်တွင်၊ ဆွဲချင်မူးမူး၊ အထူးအပြား၊ ပြုသည်များကို၊
ထောက်ထားထွေထွေ၊ အောက်မေ့ချေသော်၊ မပြေနိုင်ဘူး၊ သွယ်ရှိန်နူးသည်။ ။ မိန်းမူးပူပြင်း − မချိလျင်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment