သူဇာပျို့
၁၃၈။ ဘက်ကင်းလူတွင်၊ ဂုဏ်အင်ပညာ၊ အာဏာတန်းခိုး၊ နုယဉ်မျိုးကို၊
စိုးသည့်ထိပ်ချာ၊ ဧကရာဝယ်၊ မေတ္တာမြင်းမိုရ်၊ မယ့်ကိုခွေရစ်၊ ချစ်မြဲချစ်၍၊
ရောက်လစ်စကြာ၊ ရတနာလျှင်၊ ကြွလှာရောက်တည့်၊ ထင်ပါလှည့်လော့၊ ဖြေဖြည့်မသာ၊
လွမ်းယော်ကာနှင့်၊ ဟေမာရွှေမြေ၊ ဂိရိဗွေဘွယ်၊ မသေချင်ပါ၊ ထိပ်ချာမင်းလှ၊
ယဉ်နှိုင်းမျှ၏၊ နုလှရွှေစက်၊ စုံနှစ်ဘက်ကို၊ အုံးလျက်ကျွန်မ၊ သေချင်လှ၏၊
လောကခေါင်ချာ၊ စိုးမည့်လျာငယ်၊ ခုသာစုံမက်၊ ကျွန်မသက်ကို၊ တဆက်ဖျော်ဖြည့်၊
ကယ်ပါလှည့်လော့၊ မိုသည့်စေသား၊ ရတနာတိ၊ တန်ဆာရောင်ညီး၊ ဆင်ယင်ပြီးသော်၊
စစ်ကြီးမြေရှည်၊ ချီမည်ဆဲဆဲ၊ လှိုက်လဲမူးလည်၊ သွားတော့မည်ဟု၊ မိန့်သည်ရှိလျှင်၊
တာရှင်မင်းလှ၊ ဘယ်သို့ပဟု၊ ကျွန်မမျက်ပါ၊ လက်ခြေခါ၍၊ ပြစ်ရှာမကြည်၊
လျှောက်မိသည်ကို၊ ကြံစည်နောင်တ၊ မရယူကျုံး၊ နှလုံးဝမ်းမှာ၊ ရှိန်ဝါညီးညီး၊
ဝီစိမီးမျှ၊ မနီးစပ်ရ၊ ပူလောင်လှခဲ့၊ ဒေါသပြက်ပြက်၊ သည်အချက်ကြောင့်၊ ရင်လတ်ခုခု၊
ခတ်ထုမနာ၊ မဆက်သာပါ၊ စကြာရွှေလှော်၊ ဘဝါးတော်ကို၊ မွှေးကျော်နံ့သာ၊ ကေသာဆံရွက်၊
မြတံမြက်နှင့်၊ မြူညက်လှည်းကာ၊ ကန်တော့ပါ၏၊ ထိပ်ချာမင်းလှ၊ နှိမ့်ချဖြေတင်၊
ရှိခိုးပင်လှု၊ တယုတယ၊ ပြုသမျှကို၊ ကျွန်မသာကြည်၊ ခံချေသည်လည်း၊ တူရည်မရ၊
ဝန်လေးလှ၏၊ ခုမှစေ့ရေ၊ အထွေထွေလျှင်၊ ရှာဘွေမိမိ၊ ပျော့ပျောင်းအိသည်။ ။ မချိပူပြင်း − မယ့်ဖြစ်ခြင်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment