ကျွန်တော်နှင့် ချစ်သောသင်တန်းတစ်ခု



ကျွန်တော်နှင့် ချစ်သောသင်တန်းတစ်ခု

             ကျွန်တော်သည် ဇေယျာပဒေသာဖောင်ဒေးရှင်း ပညာ့အလင်းခေတ်မှီစာကြည့်တိုက်မှ ကြီးမှူး ကျင်းပသည့် လူသားအရင်းအမြစ်ဖွံ့ဖြိုးမှု  စွမ်းရည်မြှင့်သုံးလသင်တန်း အမှတ်စဉ်(၂)တွင် တက်ရောက် သင်ကြားနေ သည့် သင်တန်းသားတစ်ဦးဖြစ်ပါသည်။ 
            ထိုသင်တန်းကြီးက သင်ကြားသည့် ဘာသာရပ်(၅)မျိုးရှိသည်။ ဘာသာရပ်(၅)မျိုးတွင် အင်္ဂလိပ်စာ ကို ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်ဘာသာရပ်တစ်ခုအဖြစ် ထည့်သွင်း ထားသည်မှာ
ပညာ့အလင်း ခေတ်မှီစာကြည့်တိုက်ကြီးကြပ်ရေးကော်မတီဥက္ကဌ ဆရာကြီး ဦးဖုန်းကြွယ်၏ အမြော်အမြင် ကြီးမားမှုဖြစ်ပါသည်။ သင်တန်းတွင် ဌါနဆိုင်ရာဝန်ထမ်း(၃၁)ယောက်နှင့် ပြင်ပမှ ပုဂ္ဂလိကဝန်ထမ်း ()ယောက် ရှိပါသည်။ သင်တန်းသားဦးရေ ကန့်သတ်ထားသည့်အထဲမှ ဌါနဆိုင်ရာဝန်ထမ်းများနှင့် အတူ   ပြင်ပမှ စိတ်ပါဝင်စားသူများကို တက်ခွင့်ပြုခြင်းကမူ ဆရာကြီး ဦးဖုန်းကြွယ်၏ ကြီးမားသည့် မြော်မြင်မှုထဲမှ အမြင်ကျယ်မှုတစ်ရပ်ပင်ဖြစ်ပါသည်။ ထို့အတူ မအားလပ်သည့်ကြားမှ သင်တန်းအတွက် အချိန်ပေးကာ လာရောက်သင်ကြားကြသည့် မုံရွာတက္ကသိုလ် အင်္ဂလိပ်စာဌါနမှ ဆရာမများ၏ ချီးမြှင့်မှုသည်လည်း   မေ့ထားမရသည့် ကျေးဇူးတရားတစ်ရပ်ဖြစ်သည်။
              အင်္ဂလိပ်စာကို ကျွန်တော်တို့ သင်ကြားခဲ့ကြသည်။ သူငယ်တန်းမှစ၍ A= apple, B=ball မှစကာ ဆယ်တန်းထိတိုင် သင်ကြားခဲ့သည်။ တက္ကသိုလ်တွင်လည်း အင်္ဂလိပ်စာကို သင်ကြားရသည်။   ကျောင်းပြီး ဘွဲ့ရပြီးသည့်နောက် လုပ်ငန်းခွင်ဝင်ကြပြီးသည့်နောက်တွင်မူ အင်္ဂလိပ်စာလေ့လာသင်ကြား မှုကို ရပ်တန့် လိုက်ကြသည်။ လုပ်ငန်းခွင်အတွက် လိုအပ်လျှင်မူ အင်္ဂလိပ်စကားပြော မွမ်းမံသင်တန်းများကို တက်ဖြစ်ကြသည်။ ဆယ်စုနှစ်တစ်ခုကျော် သင်ကြားခဲ့ဖူးသည့် အင်္ဂလိပ်စာကို ယနေ့ထိတိုင်လေ့လာနေရ သည့်အဖြစ်ကို သုံးသပ်ကြည့်မည်ဆိုပါက အချက်(၂)ချက်ကို သတိပြုမိမည်ဖြစ်သည်။ အင်္ဂလိပ်စာ၏ အရေးပါအသုံးဝင်မှုတန်ဖိုးကို သိရှိ၍ဖြစ်သလို စနစ်တကျလေ့လာ မမှတ်သားခဲ့မိသည့် အားနည်းချက်   ကြောင့်ဖြစ်သည်။ ကျောင်းသားဘဝတွင် စာမေးပွဲအတွက်သာရည်ရွယ်ပြီး လေ့လာကျက်မှတ်ခဲ့ကြသည်။ ယခုအချိန်တွင်မူ ဘဝအတွက်ဟူသည့် ကျယ်ပြန့်သောအမြင်ဖြင့် မွမ်းမံသင်ယူနေကြခြင်းဖြစ်သည်။
သင်တန်းတွင် သင်ကြားသည့် အင်္ဂလိပ်စာကို (၂)ပိုင်းခွဲထားသည်။ Translation (ဘာသာပြန်ခြင်း)နှင့် Speaking (စကားပြောခြင်း)ဖြစ်သည်။ Translation တွင် Grammar နှင့် Translate ဟူ၍ ခွဲထားသည်။ လေလှိုင်းထဲတွင်ရှိသည့် ကျယ်ပြန့်သည့် ပညာရပ်များစွာကို လေလာနိုင်ရန်အတွက် ဘာသာပြန်ခြင်းအတတ်ပညာသည် မရှိမဖြစ်လိုအပ်သည်။ နယ်ပယ်အသီးသီး၊ နိုင်ငံအသီးသီးမှာရှိသည့် အတတ်ပညာဆိုင်ရာစာအုပ်များသည်လည်းကောင်း၊ ထင်ရှားကျော်ကြားသည့် ဂန္တဝင်စာအုပ်များသည် လည်းကောင်း အင်္ဂလိပ်စာအုပ်အဖြစ်ဖြင့် ရှိနေတတ်ကြသည်။ မြန်မာဘာသာဖြင့် ပြန်ဆိုထားသည့် စာအုပ်မှာ အင်္ဂလိပ်ဘာသာဖြင့်ရှိနေကြသည့် စာအုပ်များနှင့်နှိုင်းစာလျှင် အလွန်နည်းပါးသည့် အရေအတွက်နှင့်ရှိနေကြရသည်။ လေလှိုင်းမှာရှိသည့် ပညာရပ်များစွာကို လေ့လာနိုင်ရန်အတွက် ဘာသာပြန်ခြင်းအတတ်ပညာသည် မည်မျှအရေးပါကြောင်း သိရှိနိုင်ပြီဖြစ်သည်။ ကမ္ဘာကြီးပြားသွားပြီဟု ဆိုကြသည်။ ထိုပြားသွားသည့် ကမ္ဘာကြီးတွင် တစ်နေရာမှ တစ်နေရာ၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဆက်သွယ်ရာတွင် အင်္ဂလိပ်စာကို စနစ်တကျမှန်မှန်ကန်ကန် ရေးသားနိုင်ဖို့လိုသည်။ မိမိပေးပို့လိုက်သည့် E-mail ကို ကြည့်၍ တစ်ဖက်မှ Focus လုပ်မည်ဖြစ်သည်။ အင်္ဂလိပ်စာကို သဒ္ဒါနည်းစနစ်မှန်မှန်နှင့် အဆင့်အတန်းမြင့်မြင့်ရေးသားနိုင်ရန်ကိစ္စသည် ကျောင်းသားဘဝမှာထက် ယခုအချိန်သည် ပို၍အရေးကြီး လာပြီဖြစ်သည်။ ကျောင်းသားဘဝစာမရလျှင် နောက်တစ်ကြိမ်ကြိုးစားခွင့်ရှိသည်။ ယနေ့မြန်နှုန်းမြင့် ခေတ်ကြီးတွင် ဌါနဆိုင်ရာအကြီးအကဲများ၊ ပုဂ္ဂလိက ဝန်ထမ်းများအတွက်မူ နောက်တစ်ကြိမ်ဆိုသော အခွင့်အရေးသည် မရှိသလောက် နည်းပါးသွားပြီဖြစ်သည်။
ပြည်ပကုမဏီကြီးများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် အင်္ဂလိပ်စကားပြော၏ အရေးပါမှုက ရှေ့တန်းရောက်လာသည်။ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်နေကြသည့် Tourist များစွာရှိသည်။ ၄င်းတို့နှင့်လမ်းမှာဆုံလျှင် သုံးကြသည့် အင်္ဂလိပ်စကား အတိုအစများနှင့် မလုံလောက်တော့။ မိမိကုမဏီ၊ ဌါန၏ ဦးတည်ချက်၊ ရည်မှန်းချက်၊ ဗျူဟာ၊ မဟာဗျူဟာများကို လက်တွဲမည့် တိုင်းတစ်ပါးသားများ နားလည်အောင် ရေလည်နှံ့စပ်စွာ ရှင်းပြနိုင်ဖို့လိုသည်။ အနားတွင် ဘာသာပြန်ထားကာ ဆွေးနွေးနေခြင်း ထက် ကိုယ်တိုင်ရှင်းပြခြင်းက မိမိ၏ပုံရိပ်ကို ကြီးမြင့်စေလိမ့်မည်ဖြစ်သည်။ ထိုအချိန်တွင်  မိမိကုမဏီ၊ မိမိဌါန၊ မိမိလူမျိုး၊ မိမိနိုင်ငံ၏ သံတမန်တစ်ဦးဖြစ်နေပြီဖြစ်သည်။
မိမိနိုင်ငံကို ဂုဏ်ဆောင်လိုသည့် နိုင်ငံသားတိုင်းအတွက် အင်္ဂလိပ်စကားပြော ကျွမ်းကျင်မှုသည် မရှိမဖြစ်အရေးပါသည့် ဘာသာရပ်တစ်ခုဖြစ်သည်။ ထိုသို့အရေးပါသည့် အင်္ဂလိပ်စကားပြောကို လူသားအရင်းအမြစ်ဖွံ့ဖြိုးမှု စွမ်းရည်မြှင့်သင်တန်းတွင် သင်ကြားနေရသည်က ကျွန်တော်တို့သင်တန်းသား အားလုံး၏ ကံကောင်းခြင်းတစ်ရပ်ဖြစ်သည်။ နောက်ထပ်ဖွင့်လာမည့် သင်တန်းအမှတ်စဉ်(၃)၊(၄)၊ (၅) စသည့် သင်တန်းသားများအတွက်လည်း ၀မ်းသာစရာပင်ဖြစ်သည်။
ထိုသို့ လူသားစွမ်းရည်မြှင့် သင်တန်းလေးများသည် ချစ်စရာကောင်းသည့် သင်တန်းလေးများ ဖြစ်သည်။ ထိုသင်တန်းလေးများတွင် မရှိမဖြစ်၊ မသိမဖြစ် အရေးပါသည့် အင်္ဂလိပ်ဘာသာရပ်ကို မွမ်းမံသင်ကြားရခြင်းကမူ ပို၍နှစ်သက်ဖွယ်ကောင်းသည့် အချက်ဖြစ်သည်။ တက်ရောက်သင်ကြားကြသည့် ဌါနဆိုင်ရာ ပုဂိုလ်ကြီးများနှင့် ပြင်ပမှပုဂ္ဂလိကဝန်ထမ်းများက အင်္ဂလိပ်ဘာသာရပ်ကို အားသွန်ခွန်စိုက် လေ့လာမှတ်သားကြသည်က နှစ်သက်ဖွယ်အကောင်းဆုံးသော အချက်ဖြစ်သည်။ ဤသင်တန်း၏ အောင်မြင်မှုတစ်ရပ်လည်းဖြစ်ပါသည်။ ကျွန်တော်ချစ်သော သင်တန်းလေး၏ အောင်မြင်မှုလည်းဖြစ်ပါ သည်။

                                                                                            လေးစားစွာဖြင့်…..
                                                                                                                ထူးအောင်ဝင့်


Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း