လောကကို ပြောင်းလဲစေသည့် နီတိများ(၁)

လောကကိုပြောင်းလဲစေသည့်နီိတိများ(၁)
ပျင်းသောသူ အတတ်ပညာမရနိုင်
အတတ်ပညာမရှိသောသူ ဥစ္စာမရနိုင်
ဥစ္စာမရှိသောသူ မိတ်ဆွေမရနိုင်
မိတ်ဆွေမရှိသောသူ ချမ်းသာမရနိုင်
ချမ်းသာမရှိသောသူ ကောင်းမှုမပြုနိုင်
ကောင်းမှုမရှိသောသူ နိဗ္ဗာန်မရနိုင်။        ။
            နိဗ္ဗာန်သည် လောကုတ္တရာတွင် အမြင့်ဆုံးပန်းတိုင်ဖြစ်သည်။ ပျင်းသောသူအတွက် နိဗ္ဗာန်ကိုမဆိုထားဘိ လူ့ဘဝဇာတ်ခုံပေါ်မှာပင် လူအဖြစ်ကို ပီပီပြင်ပြင်မရနိုင်ပေ။ လူတန်းမဝင်၊ လူရာမစေ့၊ လူစဉ်မမှီဘဝဖြင့် က-ပြ အသုံးတော်ခံနေကြသည့် လူပျင်းများစွာကို ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် သတိထားကြည့်မည်ဆိုပါက ဝမ်းနည်းဖွယ်ရာ တွေရလိမ့်မည်ဖြစ်သည်။

            “ ဒီကောင် လူပျင်းပါကွာ ” ဆိုသည့် နှိမ့်ချသည့်အပြော၊ အထင်သေးသည့်အကြည့်အောက်မှာ အရေခွံထူနေသည့် ပုဂ္ဂိုလ်တစ်ချို့လည်း ရှိသေးသည်။ “ ပျင်းတယ်ဆိုတာ နာမည်သာဆိုးတာ လူတော့အတော်သက်သာတာပဲ ” ဆိုသည့် အပြောတစ်ချို့ကိုလည်း ကြားယောင်မိ သေးသည်။ ဤစကားသည် လုံးလုံးမှားနေသော စကားသာဖြစ်သည်။ လတ်တလောတွင် သက်သာသယောင် ထင်ရသော်လည်း နောင်တစ်ချိန်မှာတော့ ကုန်း၍ရုန်းရပေတော့မည်။ ရေသာခိုခဲ့သည့် အကျိုးဆက်ကြောင့် ဆယ်ဆမက ပင်ပန်းဆင်းရဲစေမည့် အကြောင်းတရား တွေက တန်းစီစောင့်ဆိုင်းနေပေတော့မည်။
            ပညာသင်ရမည့်အရွယ်တွင် ပျင်းရိနေခဲ့သော ကုဋေရှစ်ဆယ်ကြွယ်ဝသည့် သူဌေးသားသည်ပင် နောက်ဆုံးတော့ ခွက်ဆွဲ၍တောင်းစားခဲ့ ရသေးသည်ဟု မူလတန်းဖတ်စာတွင် သင်ခဲ့ရဖူးသည်။ ကုဋေရှစ်ဆယ်ကြွယ်သော လူပျင်းအတွက် တောင်းစရာခွက်တစ်လုံးတော့ ကျန်နေ သေးသည်။ သင်နှင့် ကျွန်ုပ်မှာ ပိုက်ဆံဘယ်လောက်ချမ်းသာနေပြီလဲ။ သေချာတာကတော့ ကုဋေရှစ်ဆယ် မကြွယ်သေးဘူးဆိုတာပဲဖြစ်သည်။
            ကျွန်တော်တို့ဝန်းကျင်တွင် တစ်ချိန်က ကုဋေရှစ်ဆယ်မက ကြွယ်ဝခဲ့ဖူးသည့် သူဌေးကြီး၏သားတစ်ချို့သည် အပေါင်းအသင်း မိတ်ဆွေများထံတွင် အရက်ဖိုး၊ ထမင်းဖိုးလိုက်တောင်နေသည်ကို မကြာခဏ ကြုံခဲ့ရသည်။ သူတို့တတွေ သည်လိုအခြေအနေအထိ ရောက်သွား ရခြင်းမှာ မည်သို့သောအကြောင်းတရားတွေများကြောင့်နည်း။ အချုပ်ကို ဆိုရသော် သူတို့အားလုံး တစ်ချိန်က ပျင်းရိနေကြ၍သာဖြစ်သည်။
            မြန်မာစကားတွင် ရှိသည်။ “ စားလို့မကုန်၊ မှားလို့ကုန် ” ဆိုသောစကားပင် ဖြစ်သည်။ မိဘရှာဖွေထားသည့် လုပ်ငန်းစည်းစိမ်တွေ ပြုန်းတီးသွားလောက်အောင်ပင် သူတို့တတွေ အကြိမ်ကြိမ် မှားယွင်းခဲ့ကြသည်။ လုပ်ငန်းသဘာဝက ခက်ခဲနက်နဲ၍မဟုတ်ဘဲ လုပ်ငန်းသဘောကို နားလည်အောင် မကြိုးစားချင်သောကြောင့်သာဖြစ်သည်။
            မိဘကောင်းဖြစ်ချင်လျှင် သားသမီးကောင်းဖြစ်ခဲ့ရမည်။ ဆရာကောင်းဖြစ်ချင်လျှင် တပည့်ကောင်းဖြစ်ခဲ့ရမည်။ အလုပ်ရှင်ကောင်းဖြစ်ချင် လျှင် အလုပ်သမားကောင်း ဖြစ်ခဲ့ရမည်။ ရိုးရှင်းလှသည့် ဒီဥပဒေသကို သူတို့တတွေ မလိုက်နာနိုင်ခဲ့ကြ၍သာ ဖြစ်သည်။ ဟိုးကျောက်ခေတ်မှ ယနေ့ အိုင်တီခေတ်ထိတိုင် ကမ္ဘာပေါ်တွင် လူပျင်းများအတွက် နေရာမရှိခဲ့သလို မည်သည့်နိုင်ငံတွင်မှ လူပျင်းများအတွက် ဂုဏ်ပြုရုပ်တု ထုလုပ်မထားပါ ချေ။
            နိုင်ငံတကာမှာရော စီးပွားရေးဈေးကွက်မှာပါ တစ်ဦးရဲ့ခြေလှမ်းကို တစ်ဦးကစောင့်ကြည့်ကာ ပြိုင်ဘက်ထက် တစ်ကွက်အသာရဖို့၊ ခြေတစ်လှမ်းစောနေစေဖို့အတွက် အချိန်နှင့်အမျှ ကြိုးစားနေကြသည်။ ကျွန်တော်တို့တတွေကတော့ လက်ဖက်ရည်ဆိုင်တွေမှာ၊ ဘိလိယက်ခုံတွေ မှာ အချိန်ကြာကြာနေနိုင်ဖို့ကြိုးစားနေကြသည်။
            တခြားနိုင်ငံများတွင် အားလပ်ချိန်မရှိသလောက် ဖြစ်သည့်အတွက် အချိန်လုပြီးအနားယူကြရသည်။ ကျွန်တော်တို့တတွေကတော့ အနားယူချိန် များနေကြသည့်အတွက် နေရာလုပြီး အပမ်းဖြေကြရသည်။ ရှော်သင့်သည့်နေရာမှာ တော်နေခဲ့ကြပြီဖြစ်သည်။
            အချိန်ကုန်သွားသည်မှာ နှမျောစရာမကောင်းသော်လည်း အချိန်ကို အကျိုးရှိအောင် အသုံးမချနိုင်ခဲ့ခြင်းက စိတ်မကောင်းစရာဖြစ်သည်။ ယနေ့ခေတ်တွင် “ ပျင်းရိခြင်း ”ဟူသောဝေါဟာရသည် ကွယ်ပျောက်သင့်နေပြီဖြစ်သော စကားလုံးသာဖြစ်သည်။ “ မရှိတာထက် မသိတာခက်၊ မသိတာထက် မလုပ်တာခက် ” ဟူသော ယောအတွင်းဝန် ဦးဖိုးလှိုင်၏စကားတွင် လူပျင်းတစ်ယောက်အတွက် အရာရာသည် လမ်းဆုံး နေပြီဖြစ်ကြောင်း မီးမောင်းထိုးပြနေသည်။
            ကျွန်တော်တို့ဘဝတွေအတွက်၊ နိုင်ငံတော်အတွက်၊ ဘာသာသာသနာအတွက် ပျင်းရိခြင်းကို ခဝါချကာ ယနေ့မှစ၍ ကြိုးစားသင့်နေပြီ ဖြစ်သည်။
٭٭٭٭٭                                                               ٭٭٭٭٭                                                               ٭٭٭٭٭  

စာကိုး=ဆယ်စောင်တွဲသင်တန်း မြန်မာပြန်ကျမ်း(၁၉၈၉)ြ ဦးပညာသာမိ(မာဂဓီ-သာစည်)]

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း