ဝဿ န်ကြိုသူများ




ဝဿ    န်ကြိုသူများ
     ယခုအချိန်တွင် အပြင်ဘက်လမ်းမဘက်သို့ ကြည့်လိုက်မည်ဆိုပါက တံလျှပ်ခိုးတွေ တရှိန်းရှိန်းဟပ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ လေပူများ၊ ဖုန်ငွေ့များ၊ ရိုးတံထိုးထိုးထောင်ထောင်နှင့် ကျန်ရှိ နေသေးသည့် ရွက်ကျန်များအပေါ် တင်နေသည့် ထုတက်နေသည့်ဖုန်မှုန့်များ၊ ရွက်ကြွေများဖြင့် ဝန်းကျင်သည် ကန္တာရဆန်လှသည်။
          ထိုအခြေအနေကို လစ်လျူရှုပြီး လူငယ်များကြား၊ သို့မဟုတ် လူအများကြား ဖက်ရှင်ကျသည့် စကားလုံးတစ်ခုရှိသည်။
              “သင်တန်း” ဖြစ်သည်။ တစ်ချို့သူတွေအတွက် သင်တန်းဆိုသည်က အချိန်တွေပိုနေ၍ဖြစ်သည်။ တစ်ချို့တွေက လိုအပ်ချက်ကြောင့်ဖြစ်သည်။ တစ်ချို့တွေက မိမိကိုယ်ကို (Up to date) ဖြစ်နေစေရန် အတွက်ဖြစ်သည်။
          သင်တန်းဟု ဆိုလိုက်သည်နှင့် ကျွန်တော်တို့ဘက်မှ ငွေ(Money)၊ စွမ်းအင်(Energy) နှင့် အချိန် (Time) တို့ကို ရင်းနှီးမြှပ်နှံရသည်။ အသီးအပွင့်အနေဖြင့် စိတ်နေစိတ်ထား(Attitude)၊ ကျွမ်းကျင်မှုစကေး (Skill) နှင့် အသိပညာ၊ ဗဟုသုတ (Knowledge) တို့ တိုးတက်လာစေရန်အတွက်ဖြစ်သည်။
          နယ်ပယ်အသီးသီး၊ ဘာသာရပ်အသီးသီးအတွက် ခေါင်းစဉ်အမျိုးမျိုးဖြင့် ရှိနေကြသည့် သင်တန်းများအနက် လူသားအရင်းအမြစ်ဖွံ့ဖြိုးမှု စွမ်းရည်မြှင့် (၃)လ သင်တန်းဆိုသော သင်တန်းတစ်ခုကို စိတ်ဝင်စားမိသည်။ စစ်ကိုင်းတိုင်းဒေသကြီး “ဇေယျာပဒေသာဖောင်ဒေးရှင်း” ပညာ့အလင်း  ခေတ်မှီ စာကြည့်တိုက်မှ ကြီးမှူးကျင်းပခြင်းဖြစ်သည်။ လူဦးရေကန့်သတ်ထားသလို ဌာနဆိုင်ရာဝန်ထမ်းများ အတွက် သီးသန့်ဟု ဆိုသောအခါ ကျွန်တော် မတက်ဖြစ်တော့။
          သို့သော် ထိုသင်တန်းအမှတ်စဉ်(၂)တွင်မူ ကျွန်တော့်အတွက် အခွင့်အရေးတစ်ခုရရှိခဲ့သည်။ သင်တန်းသားဦးရေ ကန့်သတ်ထား သည့်အထဲမှ ဌါနဆိုင်ရာဝန်ထမ်းများနှင့်အတူ ပြင်ပမှ စိတ်ပါဝင်စားသူ များကို တက်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ ထိုအရာသည် သင်တန်း၏အမြင်ကျယ်မှုတစ်ရပ်လည်းဖြစ်သည်။ သင်ကြားသည့် ဘာသာရပ်(၅)မျိုးမှာလည်း စိတ်ဝင်စားဖွယ်အတိဖြစ်သည်။ နိုင်ငံတကာဆက်ဆံရေး(IR)၊ ကွန်ပျူတာ(ICT)၊ ဥပဒေ၊ စီးပွားရေး၊ အင်္ဂလိပ် စသော ဘာသာရပ်များကို သင်ကြားပေးသူများမှာ တက္ကသိုလ်၊ ကောလိပ်အသီးသီးမှ ဝါရင့် ဆရာကြီး၊ ဆရာမကြီးများ ဖြစ်ကြသည်။
               သင်တန်းတက်ပြီးနောက် ယခင်က ရှိခဲ့သည့် အသိများ၊ ထင်မြင်ယူဆချက်များ ပြောင်းသွား
သည်။   နိုင်ငံတကာဆက်ဆံရေး ဘာသာဆိုလျှင် နိုင်ငံအချင်းချင်း ဆက်ဆံရေးလွယ်ကူစေရန် ၄င်းတို့၏ ယဉ်ကျေးမှု၊ ဘာသာစကားသင်ကြားမှုဟု ထင်မြင်ခဲ့ဖူးသည်။ လက်တွေ့သင်ကြားရချိန်တွင်  နိုင်ငံ တစ်နိုင်ငံ၏ ပေါ်လစီများ၊ မူများ၊ ဘောင်များကို သိရှိလာယုံသာမက ပြည်ထောင်စုစနစ်၊ ဖက်ဒရယ်စနစ်၊ ပီအာရ် (PR) စသဖြင့် နိုင်ငံရေးဝေါဟာရများ၏ အဓိပ္ပါယ်ကိုလည်း သိလာရပါသည်။ မိမိတို့ မဲပေးသည်မှာ မူကိုလား၊ လူကိုလား စသဖြင့် ခွဲခြားသိမြင်လာရသည်။
          ကွန်ပျူတာဆိုလျှင် ဖေ့စ်ဘွတ်(Facebook) သုံးရန်နှင့် စာစီစာရိုက်(လက်နှိပ်စက်သာသာ) အသုံးပြုရန်ဟုသာ ထင်မြင်ခဲ့ဖူးသည်။ အပြင်သင်တန်းများတွင် သိန်းချီပေးရသည့် (Computer Course) များကို (Basic)မှ စ-ကာ (Advance)ပိုင်းအထိ စာတွေ့ရော၊ လက်တွေ့ပါ သင်ကြားပြီးနောက်မှာတော့ နည်းပညာ၏ အသုံးချခံအဖြစ်မှ နည်းပညာကို မည်သို့အသုံးချရမည်ကို သိရှိလာရခြင်းဖြစ်သည်။
          မြန်မာစာဖြင့် ရေးသားထားသည့်တိုင် ဖတ်ရှုနားလည်ရန်ခက်ခဲသည့် ဥပဒေဘာသာရပ်သည် ဝါရင့်ဆရာမကြီး၏ သင်ကြားမှု အောက်တွင် ရိုးစင်းရှင်းလင်းစွာ နားလည်လာရသည်။ မိမိအကျိုး၊ အများအကျိုး၊ နိုင်ငံအကျိုး သယ်ပိုးဆောင်ရွက်လိုသည့် နိုင်ငံသားတိုင်းသည် ဥပဒေပညာကို နားလည် တတ်ကျွမ်းထားရန် လိုအပ်ပါသည်။
       စီးပွားရေးဘာသာရပ်ဟု ဆိုလိုက်သည်နှင့် စီးပွားရေးသမားများအတွက်ဟု ထင်မြင်ခဲ့ဖူး သည်။ လေ့လာသင်ယူပြီးသည့် နောက်မှာတော့ စာရင်းအင်းပညာ(Accounting)နှင့် စီမံခန့်ခွဲမှု (Management) သည် မိသားစုတိုင်း၊ လူတိုင်းအတွက် တတ်သိထားသင့်သည့် ပညာတစ်ခုဖြစ်ကြောင်း သိလာခဲ့ရသည်။
        ထို့အပြင် အင်္ဂလိပ်ဘာသာရပ်သည်လည်း လူတိုင်းလူတိုင်း၊ တိုးတက်လိုသည့်နိုင်ငံသား တိုင်း သေချာကျနစွာ တတ်ထားသင့်သည့် ဘာသာရပ်ဖြစ်သည်။ မြန်မာနိုင်ငံသားဖြစ်ရသည်မှာ ဂုဏ်ယူစရာအတိဖြစ်သည်။ သို့သော် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန်အတွက် မြန်မာဘာသာ စကားတစ်ခုဖြင့် မလုံလောက်ဆိုသည်ကို နားလည်လက်ခံနိုင်မည်ဆိုပါလျှင် ကမ္ဘာသုံးဘာသာစကားတစ်ခု ၏ အသုံးချတန်ဖိုး ကို ကောင်းစွာသိရှိနိုင်မည်ဖြစ်သည်။
              ယခုအချိန်တွင် ကျွန်တော်တို့နိုင်ငံသည် ခေတ်မှီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်သစ်
ကြီး ဆီသို့ ချီတက်နေချိန်ဖြစ်သည်။ စ-လျှောက်ကာစ ဖြစ်၍ လမ်းမသည် ခရောင်းလမ်းမဟုတ်သော်လည်း မချောမွေ့သေးသည်ကတော့ သေချာသည်။ တံလျှပ်ခိုးတွေကလည်း တရှိန်းရှိန်းဟပ်နေသည်။ ဖုန်ငွေ့ များရောနေသည့် လေပူများ တိုက်ခတ်နေချိန်လည်း ဖြစ်သည်။ ရွက်ကြွေများကလည်း နေရာအနှံ့ ပျံ့ကျဲနေ ချိန်ဖြစ်သည်။ ရိုးတံထိုးထိုးထောင်ထောင်နှင့် ကျန်ရှိနေသည့် ရွက်ကျန်များအပေါ် ဖုန်ထုတက်နေချိန် လည်းဖြစ်သည်။
           သို့သော် ထိုအရာတွေအားလုံး ဝေးလွင့်သွားတော့မည်ဖြစ်သည်။ ပန်းတိုင် မဝေးတော့ ဆိုသည်ကို လူတိုင်းခံစားသိဖြင့် သိနေကြပြီ ဖြစ်သည်။ မကြာမီ မိုးကျတော့မည်။ လေပူ၊ ဖုန်မှုန့်တို့ ပျောက်ကွယ် သွားတော့မည်ဖြစ်သလို ရိုးတံကျဲ အကိုင်းအခက်တို့တွင်လည်း နုသစ်သည့် အညွန့်အခက်တို့ဖြင့်   ဝေဆာလာတော့မည်။ ရွက်ကျန်ထက်မှာ တင်ရှိနေသည့် ဖုန်မှုန့်တို့ မိုးစက်တို့နှင့်အတူ စီးမျောသွားတော့ မည် ဖြစ်သည်။  
          စိမ်းစိုလှပလာတော့မည့် လောကသစ်အတွက် လူတိုင်းသည် သင်တန်းအမျိုးမျိုးတက်ကာ မိမိ၏စွမ်းရည်၊ ကျွမ်းကျင်မှုစကေးကို တိုးမြှင့်ကာ အသင့်ပြင်နေကြခြင်းဖြစ်သည်။ လူသားအရင်းအမြစ် ဖွံ့ဖြိုးမှုစွမ်းရည်မြှင့် သင်တန်းအပတ်စဉ်(၁)၊ အပတ်စဉ်(၂)မှ သင်တန်းများသာမက နောင်ဖွင့်လာမည့် အပတ်စဉ် (၃)၊ (၄)၊ (၅) စသည့် သင်တန်းတို့တွင် တက်ရောက်သင်ကြားကြမည့် သင်တန်းသားများ သည်လည်း တိုင်းပြည်တာဝန်ကို ကျရာနေရာမှ ထမ်းဆောင်နေသူများ၊ ထမ်းဆောင်လိုသူများ ဖြစ်မည်မှာ အမှန်ပင်ဖြစ်သည်။ အားလုံးသည် အေးချမ်းသာယာပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ်ကြီးဆီ သို့ ချီတက်နေကြသူများ ဖြစ်သည်။
          ကျွန်တော်တို့အားလုံး ဝဿ     န်ကြိုနေကြသူများ ဖြစ်သည်။ 

ထူးအောင်ဝင့်

                                                          ٭٭٭٭                                                          
                                               

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း