ကျွန်တော်နှင့် သူရဲကောင်း



                          

ကျွန်တော်နှင့် သူရဲကောင်း

          ကျွန်တော်သည် သူရဲကောင်းဆိုသူကို ချစ်ခင်မြတ်နိုး အားကျသူဖြစ်သည်။ သူရဲကောင်းအမျိုးအစား (၁၃)မျိုးရှိသည်ဟုလည်း စာအုပ် တစ်အုပ်ထဲတွင် ဖတ်မှတ်ခဲ့ဖူးသည်။ သူရဲကောင်းဆိုသည် က ပြုပြင်ပြောင်းလဲရန်လိုအပ်နေသည့်အခြေအနေ၊ အချိန်အခါမျိုးတွင် အများကောင်းကျိုး အတွက် ကိုယ်ကျိုးမဖက်ဘဲကိုယ်ကျိုးစွန့်အနစ်နာခံကာ ဆောင်ရွက်ပေးသူများ ကို ခေါ်ဆိုကြောင်း စာမျက်နှာ တချို့တွင် အဓိပ္ပယ်ဖွင့်ထားသည်ကို ဖတ်ခဲ့ရဖူးသည်။

            သူရဲကောင်းဆိုသည့် ဝေါဟာရကို စတင်သိကျွမ်းခဲ့ရသည်မှာ ဒုတိယတန်းမြန်မာဖတ်စာ စာအုပ်တွင် ဖြစ်သည်။ ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလဖယ်၊ ညောင်ဦးဖီး စသည့် သူရဲကောင်းလေးဦး မှစကာ ကျန်သူရဲကောင်းများကို၊ အများက သတ်မှတ်ထားသည့် သူရဲကောင်းဆိုသူများကို စာအုပ်ထဲတွင် သာမက နေ့စဉ်လှုပ်ရှား ရုန်းကန်နေသည့် လက်တွေ့လူမှုဘဝ နယ်ပယ်အသီးသီးမှာပင် ဘဝတစ်လျှောက် တွေ့ကြုံနေရဆဲဖြစ်သည်။

            ရာဇဝင်စာအုပ်ထဲမှ ကျွန်တော်အားကျသည့် ပထမဆုံးသောသူရဲကောင်းမှာ မွန်သူရဲကောင်း သမိန်ဗရမ်းဖြစ်သည်။ ကျူးကျော်သူ တရုတ်စစ်သူကြီး ဂါမဏိကို ခေါင်းဖြတ်ကာ အမိနိုင်ငံကို ကာကွယ်ပေးခဲ့သည့် မွန်သူရဲကောင်း သမိန်ဗရမ်းသည် ကျွန်တော့်ငယ်ဘဝ၏ အားကျနှစ်သက်ရသည့် သူရဲကောင်း ဖြစ်သည်။ ထို့နောက်တွင် “ တိုက်တိုင်းအောင် ” စိတ်အပြည့်ရှိသည့် ဘုရင့်နောင် သည်လည်းကောင်း၊ ကျူးကျော်သူနယ်ချဲ့များကို ဝါးရင်းတုတ်ဖြင့် စစ်ရေးစွမ်းပြစေခဲ့သည့် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျသည်လည်းကောင်း၊ စစ်ချီစစ်တက် စွမ်းလွန်းလှသည့် စစ်သူကြီး မဟာဗန္ဓုလသည်လည်းကောင်း ရာဇဝင်ထဲမှ ကျွန်တော်လေးစားအားကျသည့် သူရဲကောင်းများဖြစ်လာကြ သည်။

ထို့နောက်မှာတော့ ရာဇဝင်ကျမ်းထဲမှ စစ်ဘုရင်များ၊ စစ်သူကြီးများလောက် အချိန်ကာလ မဝေးလှသော်လည်း သမိုင်းထဲရှိ သူရဲကောင်း တစ်ယောက်က ကျွန်တော်၏သူရဲကောင်းစာရင်းထဲသို့ တိုးဝင်လာခဲ့ပြန်သည်။ ထိုသူရဲကောင်း၏ထူးခြားချက်မှာ စာအုပ်ထဲမှာသာ ဖတ်ရှုသိရှိခံစား နိုင်သည့် သူရဲကောင်းမျိုးမဟုတ်ဘဲ ဆရာ၊ ဆရာမများ၊ ဦးကြီး၊ ဦးလေးများနှင့် သက်ကြီးဝါကြီးများ ၏ နှုတ်ဖျားမှပင် ပြောပြနိုင်သည့် သူရဲကောင်းဖြစ် သည်။ ထိုသူရဲကောင်း ကိုတော့ လေးစားအားကျစိတ် အပြင် ချစ်ခင်မြတ်နိုးစိတ်ပါစွက်သည်။ ထိုသူရဲကောင်းမှာ အမိမြန်မာပြည်ကို သူ့ကျွန်ဘဝမှ လွတ်မြောက်အောင် ကယ်တင်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း ဖြစ်သည်။

 ဗိုလ်ချုပ်၏ ငယ်ဘဝပုံရိပ်များကို ဖတ်ရှုလေ့လာရင်း တော်တည့်မှန်ကန်ရဲဝင့်သည့် ဗိုလ်ချုပ်၏ စိတ်ဓာတ်နှင့် ပြုမူဆောင်ရွက်ပုံများက စိတ်တွင် အစဉ်လွှမ်းမိုးလာသည်။ သမိုင်းထဲရှိလေးစားအားကျသည့် သူရဲကောင်းတစ်ဦးထံမှ လက်တွေ့ဘဝတွင် ကျင့်သုံးဆောင်ရွက်နိုင်သည့် စိတ်ဓာတ်နှင့် စည်းကမ်းကို ရရှိခဲ့ခြင်းဖြစ်သည်။ တစ်ဆက်တည်းမှာပင် စာအုပ်ထဲမှမဟုတ်ဘဲ လက်ရှိဝန်းကျင်မှာရှိနေသည့် ရှင်သန်နေဆဲ သူရဲကောင်းတစ်ယောက်ကို သတိထားမိခဲ့သည်။ ထိုသူမှာ …

            “ အမေ …ဆရာကန်တော့ကြေး ”

            “ အမေ …ဗလာစာအုပ်ကုန်သွားပြီ ”

            “ အမေ …လွယ်အိတ်က ဟောင်းနေပြီ ”

            “ အမေ …ကျူရှင်လခ ”

            “ အမေ …စက်ဘီးလိုချင်တယ် ”

            ဦးတည်ပြောသည့် ပုဂ္ဂိုလ်မှာ တစ်ဦးတည်းဖြစ်သော်လည်း လိုအပ်ချက်များစွာ ကို ဖြည့်ဆည်းပေးသူမှာ တစ်ယောက်ဖြစ်သည်။ ထိုတစ်ယောက်သည် သူရဲကောင်းဖြစ်သည်။ သို့မဟုတ် အဖေဖြစ်သည်။ ကျွန်တော်ကိုးကွယ်သည့် သူရဲကောင်းသည် အဖေဖြစ်နေသောအခါ ပြဌာန်းစာအုပ်သည် ပို၍ထူထဲလာသည်။ ပို၍ရှည်လျားလာသည်။ အဖေ၏တွေးတောဆုံးဖြတ်ပုံနှင့် ပြုမူလှုပ်ရှားမှုများအားလုံး သည် ကျွန်တော့် အတွက် ပြဌာန်းချက်များဖြစ်လာကြသည်။

            အချိန်ကာလတစ်ခုသို့ရောက်သောအခါ ကျွန်တော်ကိုးကွယ်သည့် သူရဲကောင်းနှင့် မတူသည့် အယူအဆတစ်ချို့ ရှိလာသည်။ ကိုယ့် အယူအဆ၊ ထင်မြင်ချက်နှင့် ခံစားမှုတို့ကို ဖွင့်ချပစ်လိုက်ဖို့ မဝံ့ရဲသေးချိန်လည်းဖြစ်သည်။

            “ ဆိုရေးရှိက ဆိုအပ်လှ၏ ဆိုတဲ့စကားလည်း သားကြားဖူးသားပဲ ။ ဒီကိစ္စမှာ တစ်ဖက်က သိအောင်တော့ သားပြောခဲ့သင့်တယ်။ ဆိတ်ဆိတ်နေတိုင်းလည်း ထောင်မတန်ဘူး သားရဲ့ … ”

            ကျွန်တော့် သူရဲကောင်းကို ဒီထက်မက သဘောထား ကြီးရင့်စေချင်သည်။ လုပ်ငန်းကြီးလုပ်မယ့်သူဟာ အသေးအမွှားကိုတော့ လစ်လျူရှု သင့်တယ် မဟုတ်လား။ မြင်သမျှ လိုက်ပြောနေမယ်ဆိုရင် …။ ကျွန်တော့်ရဲ့သူရဲကောင်းကို ကြီးမြတ်စေချင်ပါသည်။ မတူညီသည့် အယူအဆ တစ်ချို့ကို ချမပြပဲ ရေငုံနှုတ်ပိတ်ကာ ဖြတ်ကျော်ခဲ့သည့် အချိန်ကာလတစ်ချို့လည်း ကျွန်တော့်ထံမှာ ရှိခဲ့ဖူးသည်။

            လူတစ်ယောက်သတ်ရင် လူသတ်သမား၊ ဆယ်ယောက်သတ်ရင် လူမိုက်လူဆိုး၊ အယောက်တစ်ရာသတ်ရင် သူရဲကောင်း၊ အယောက် တစ်ထောင်သတ်ရင်၊ အယောက်တစ်သောင်း သတ်ရင်၊ အယောက်အသိန်းအသန်း သတ်ရင် …။ ထိုသို့သော ဒဿနမျိုး နှလုံးအိမ်တွင် စီးဆင်းနေ သော အချိန်တစ်ခုမှာတော့ ကျွန်တော်ကိုးကွယ်သည့် သူရဲကောင်းအဖေ၏ ဆုံးဖြတ်ချက်နှင့် ပြုမူလှုပ်ရှားပုံ များက ပျော့ညံ့နေသလို ခံစားရသည်။ ကျွန်တော့်သူရဲကောင်းကို အားမရတော့ ။ သူရဲကောင်းစာရင်းမှာ ထားဖို့ခက်ခဲလာသည်။ သို့မဟုတ် သူရဲကောင်းအသစ်တစ်ယောက် လိုအပ်လာ သည်။ ကျွန်တော့်အတွက် သူရဲကောင်းအသစ်တစ်ယောက် ဘယ်နေရာက ရနိုင်မလဲ။

            “ သား … မင်းစိတ်တွေ အခုတလော ခက်ထန်နေတယ်။ ဒါ သားအတွက် မကောင်းဘူး။ အဲဒီတော့ …”

            သူရဲကောင်းအသစ်တစ်ဦးရှိရာသို့ သူရဲကောင်းအဖေမှ ကျွန်တော့်ကို လမ်းညွှန်လိုက်သည်။ ထိုနေရာသည် ကရာတေးသင်တန်းတစ်ခု ဖြစ်သည်။ ကျွန်တော့်စိတ်ခံစားချက်နှင့် ကိုက်ညီသောနေရာ တစ်ခုကို ပို့ပေးလိုက်ခြင်းဟု ထင်မြင်မိသည်။ အချိန်အတန်ကြာသည့်နောက်မှာတော့ သူရဲကောင်း အဖေ၏ စေတနာရည်ရွယ်ချက်ကို ရိပ်စားမိတော့သည်။

            “ ရန်မလိုတဲ့ သူရဲကောင်း ” ။ 
              ထိုသြဝါဒကို ကိုင်စွဲထားသူမှာ ကျွန်တော်၏ နောက်ဆုံးသူရဲကောင်းဖြစ်သည်။ အဆာဟိ ကရာတေး(မုံရွာ) သင်းခွဲ၏ နာယကဆရာကြီး ဦးခင်မောင်ဦးဖြစ်သည်။ ရန်မလိုဘဲ၊ ရန်မဖြစ်ဝံ့ဘဲ ဘယ်လိုလုပ်သူရဲကောင်းဖြစ်မလဲဆိုသော အတွေးမျိုးဖြင့် ဥာဏ်တိမ် ခဲ့ဖူးသည်။ ဆရာကြီးက လူမိုက်နှင့် သူရဲကောင်းကြားမှာ ခြားထားသည့် ခပ်ပါးပါးသေားစည်းကလေးကို ပြသခဲ့သည်။

            “ ရန်ပွဲတစ်ပွဲကို ၊ ရန်သူတစ်ဦးတစ်ယောက်ကို ကြောက်လို့၊ မနိုင်လို့ ရှောင်ထွက်သွားတာမျိုး မဟုတ်ဘဲ နိုင်မှန်းသိနေရင်တောင် ရှောင် ထွက်သွားလို့ရရင် ရှောင်ထွက်သွားရမယ်။ ရှောင်လွှဲလို့ မရနိုင်တော့ဘူးဆိုရင်တောင်မှ တူညီတဲ့တုန့်ပြန်မှုပဲ ပေးရမယ်။ သူကလက်သီးကြီးနဲ့ထိုးလို့ ကျွန်တော်က ဓားကလေးနဲ့ ခုတ်လိုက်တာပါ ဆိုတာမျိုးတော့ မဖြစ်စေနဲ့ကွ ” ။

            ထိုသို့သော အဓိပ္ပါယ်ဆင်တူ စကားလုံးများဖြင့် ခက်ထန်နေသည့် ကျွန်တော်၏စိတ်နှလုံးကို ကွပ်ညှပ်ပေးခဲ့သည်။ “ ရန်မလိုတဲ့ သူရဲကောင်း ” ဆိုသော စကားစုအောက်တွင် ကိုယ်တိုင်သူရဲကောင်းဖြစ်နိုင်သည် ဟူသောအသိကို ရလိုက်သည်။ ဟင့်အင်း …။ ကျွန်တော်က သူရဲကောင်း မဖြစ်ချင်ပါဘူး။ သူရဲကောင်းကိုပဲ ကိုးကွယ်ချင်သူ ဖြစ်သည်။

            မြစ်တွေက ဖြောင့် ဖြောင့် လာကြသောအခါ ဘဝတွေက ကောက်ပြီးရင်း ကောက်လာကြသည်။ ဘဝတိုက်ပွဲအတွက် မြှားတွေချွန်ရင်း တစ်ချို့မြှားတွေက ဆွေးသွားသည်။ တစ်ချို့မြှားတွေက ပြေးသွားပြီ။ တစ်ချို့မြှားတွေက ကောက်သည်။ တစ်ချို့မြှားတွေက အောက်သည်။ ပစ်မှတ်ကို ဘယ်တော့မှမရောက်။ အဲဒီလိုနှင့် မိသားစုတစ်ခုဖြစ်လာအောင် ဖွဲ့စည်းနိုင်ခဲ့သည်။ သားနှစ်ယောက် ကျွန်တော့်ဘဝထဲ တိုးဝင်လာသော အခါ လောကသည် စိုပြေလာသည်။ သို့မဟုတ် ဒုက္ခသည် ချိုမြိန်လာသည်။

            ချိုမြိန်သည့် ဒုက္ခလေးများကို ပန်းသီသလိုသီရင်း ဘဝစာမျက်နှာထက်တွင် မချဉ်တော့သည့် စပျစ်သီးများအကြောင်း စာဖွဲ့လာနိုင်ခဲ့သည်။ တစ်ဖက်မှလည်း ဝါသနာပါရာစာပေနယ်မှာ ကလောင်တစ်ချောင်း အခြေခိုင်ခိုင်စိုက်နိုင်လေးအတွက် ကြိုးစားရသည်။ ဟောပြောပွဲ တော်တော် များများကိုလည်း သွားရောက်နားထောင်ဖြစ်သည်။ ရသ မှ ရသ ဆိုသည့် အနှစ်အသားပြည့်ဝ သည့် ဟောပြောပွဲများဖြစ်သည်။ တစ်ခါတစ်ရံတော့ ပိန္နဲပင် ဆွဲထည့်သည့် ဟောပြောပွဲမျိုးနှင့် ကြုံရသည်။ တစ်ခါတစ်ရံတော့ လက်ပံသား ဓားနှင့်ချိုင်သည့် ဟောပြောပွဲမျိုးနှင့် တိုးသည်။

            တစ်နေ့က မုံရွာတွင်ကျင်းပသည့် စာပေအဖွဲ့အစည်းကြီးတစ်ခု၏ ရသ အစုန် အဆန်ဆိုသည့် စာပေပွဲလေးတစ်ခုသို့ တက်ရောက်ဖြစ် သည်။ နာမည်ကျော်အယ်ဒီတာစာရေးဆရာမကြီး ဟောပြောသွား သည့် အကြောင်းအရာတစ်ချို့ကြောင့် ကာလအတန်ကြာ မေ့လျော့နေ သည့် ဝေါဟာရတစ်ခု ကို ပြန်အမှတ်ရမိသည်။ မေ့လျော့မထားသော်လည်း မေ့လျော့သွားသည့် ဝေါဟာရဖြစ်သည်။ ဆရာမကြီး ဟောပြောသွားသည်က …

            “ ရှင်တို့ သတိထားမိမလား မသိဘူး၊ အဲဒီစာအုပ်မှာ ကျမ ကလောင်ကို တော်တော်ထိန်းထားတယ်။ ကျမကိုယ် ကျမ၊ အဲ ကျမ ဇာတ်ကောင်ကို သူရဲကောင်းဖြစ် သွားစေမယ့် အရေးအသားမျိုးကို လုံးဝရှောင်တယ်။ ကျမ ဇာတ်ကောင်ကို သူရဲကောင်းဖြစ်ခွင့် မပေးဘူး။ တစ်ယောက်ထဲချွန်ပြီး တော်နေတဲ့သူရဲကောင်းမျိုး မဖြစ်စေချင်ဘူး။ ဒီနေ့ခေတ်မှာ ဖြစ်စေချင်တာက လူတိုင်းကို သူရဲကောင်းဖြစ်စေချင်တယ်။ ဒါပေမယ့် ကျမကတော့ သူရဲကောင်းမဖြစ်ချင်ဘူး …”

            ထိုဟောပြောချက်အဆုံးတွင် ကျွန်တော်၏ရင်ထဲ၊ နှလုံးထဲ၊ မှတ်သိစိတ်ထဲမှ သူရဲကောင်း ဆိုသည့် ဝေါဟာရက ခုန်ထလာသည်။ ကိုးကွယ်ခဲ့ဖူးသည့် သူရဲကောင်းများအကြောင်း ဦးခေါင်းထဲမှာ အစီအစဉ်တကျ ပွက်ထလာခြင်းနှင့်အတူ ဆန္ဒတစ်ခုကလည်း နှလုံးအိမ်ထက်မှာ ရဲရဲစွင့်စွင့်ကြီး ပွင့်ထွက်လာခဲ့သည်။

            ယခုအချိန်တွင် ကျွန်တော်အဖြစ်ချင်ဆုံးနှင့် အတောင့်တဆုံးအရာ တစ်ခုရှိသည်။ သူရဲကောင်း ဖြစ်သည်။ သူရဲကောင်း ဖြစ်ချင်သည်။ အယ်ဒီတာ စာရေးဆရာမကြီးက သူရဲကောင်း မဖြစ်ချင်ဟု ဆိုသည်။ သားနှစ်ယောက်ဖခင် ကျွန်တော်က သူရဲကောင်းဖြစ်ချင်သည်။ သားနှစ်ယောက်၏ သူရဲကောင်းဖြစ်ချင်သည်။

            တခြားလူအများ၏ သဘောထားအမြင်တွေ ဘယ်သို့ပင်ရှိစေ ကျွန်တော်အလေးမထားတော့။ ကျွန်တော် အလေးထားရမည်မှာ သားနှစ်ယောက်ဖြစ်သည်။ သားနှစ်ယောက်အတွက် လေးစားအားကျဖွယ် ဖခင်ဖြစ်ရမည်။ သားတို့စံထားအတုယူရမည့် သူရဲကောင်းဖြစ်ရမည်။ သားတို့၏ သူရဲကောင်းအတွက် စံသတ်မှတ်ချက် မည်သို့ပင်ရှိနေစေကာမူ ကျွန်တော်ကြိုးစားရတော့မည်။

            ခင်ဗျားရော သူရဲကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားဖူးပါသလား။

            ကျွန်တော်ကတော့ဘဝလမ်းကောက်ကောက်တွင် ဖြောင့်ဖြောင့်ကြီးစီးဆင်းတော့မည့်   မြစ်တစ်စင်းဖြစ်ကြောင်း လက်ခမောင်းခတ်၍ ကြေငြာဝံ့ပါသည်။            ။

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
https://shintnyolay.weebly.com
(အမှတ် ၁၆၆၊ ဇွန် ၂၀၁၅ မုခ မဂ္ဂဇင်း) 


*****                             *****                               *****
(ယခုချိန်ထိတိုင် ကျွန်တော်၏ သူရဲကောင်းအဖြစ် ရှိနေပေးသော ကျေးဇူးရှင် ဖေဖေအား ကြည်ညို ရိုသေစွာဖြင့် ကန်တော့လျှက်........)  

                                                   




Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း