ရသစာပေတိမ်ကောမသွားဘူး

ရသစာပေတိမ်ကောမသွားဘူး

                    စာရေးဆရာမ နုနုရည်အင်းဝရဲ့ ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်း ကန်တော့ ခံတော်မူပါ (Smile As They Bow အမည်နှင့် အမေရိကန်လူမျိုးဘာသာပြန်ဆရာ အဲလ်ဖရက် ဘင်းဘောင်ဆိုသူက အင်္ဂလိပ်ဘာသာပြန်) ၀တ္ထုဟာ ၂၀၀၇ ခုနှစ်မှာမှ စတင်ချီးမြှင့်တဲ့ အာရှ စာပေဆု (Man Asian Literary Prize) အတွက် နောက်ဆုံးဆန်ကာတင် ငါးဦးအဆင့်အထိ ရောက်ခဲ့ပါတယ်။
ဟောင်ကောင်မှာကျင်းပတဲ့ ဆုချီးမြှင့်ပွဲမှာတော့ ဆုရစာအုပ်နဲ့စာရေးဆရာကို ကြေညာခဲ့ပြီး အဲဒီမှာ တရုတ်စာရေးဆရာ ကျန်းရုံရဲ့ Wolf Totem ဆိုတဲ့ စာအုပ်က ဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။ ဆုနဲ့ကပ်လွဲခဲ့ပေမယ့်လည်း မြန်မာစာရေးဆရာ တစ်ယောက်ရဲ့ ၀တ္ထုစာအုပ်တစ်အုပ်ဟာ အာရှတိုက်ကိုယ်စားပြု စာပေဆုတစ်ခုအတွက် ရှားရှားပါးပါး ဆန်ကာတင် စာရင်းချိတ်ခဲ့တာကတော့ ဂုဏ်ယူစရာဖြစ်ပါတယ်။ ဒါကြောင့် ဟောင်ကောင်ကနေ ပြန်ရောက်လာတဲ့ နုနုရည် (အင်းဝ)ကို ကျွန်တော်က မြန်မာတိုင်း(မ်)ကိုယ်စားပြုပြီး တွေ့ဆုံမေး မြန်းခဲ့ပါတယ်။
မေး။ ဒီဝတ္ထုကိုရေးဖို့ ဘယ်လိုမျိုးစိတ်ကူး စရခဲ့ပါသလဲ ဆရာမ။
(၁၉၉၀) မှာ ရန်ကုန်၊ တောင်ဥက္ကလာက နတ်ပွဲတစ်ပွဲကို သွားကြည့်ဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက နတ်ပွဲတွေကြည့်ဖူးပေမယ့် ကြီးလာတော့ နတ်ဒိုး၊ နတ်ဂီတကိုကြိုက်တဲ့၊ ခံစားချင်စိတ်နဲ့ သွားကြည့်တာပါ။ အဲဒီနတ်ပွဲကိုခေါ်သွားသူကတော့ ဗောင်းစောင်းကြီးဦးစိုးကြည်ဆိုတဲ့ နတ်ကတော်ကြီးပဲ။ သူဟာ ၀တ္ထုရဲ့အဓိကဇာတ်ကောင် ဒေစီဂျိန်း ဖြစ်လာခဲ့ပါတယ်။ နတ်ပွဲမှာ ဆိုင်းဝိုင်းတီးသူတွေ၊ မိသားစုတွေ၊ နတ်ချွေးသုတ်တွေ၊ နတ်ချော့ကတဲ့ အသက် ၄၀ ကျော် ၅၀ ၀န်းကျင်မိန်းမတွေကိုပါ စိတ်ဝင်စားသွားတယ်။ ဒီ နတ်ချော့တဲ့မိန်းမတွေရဲ့ ကပြီးတဲ့အချိန်မှာ ဖြစ်သွားတဲ့ စိတ်ပြေလျော့မှု၊ သူတို့ရဲ့နောက်ကွယ်က အိမ်ထောင်ရေး၊ စီးပွားရေး၊ လူမှုရေးမသာယာမှုတွေ သိပ်စိတ်ဝင်စားတယ်။
အထူးသဖြင့် ငယ်ငယ်ကထက် ၁၉၉၀ မှာကြည့်တဲ့နတ်ပွဲကျတော့ ဘာကြောင့် မြန်မာပြည်မှာ နတ်ပွဲတွေများလာသလဲ၊ ဘာကြောင့် လူတွေ နတ်ပွဲကိုအများကြီး လာကြည့်ကြသလဲ၊ မြန်မာတွေရဲ့ နတ်ကိုးကွယ်မှုက ဘယ်လိုရှိလာသလဲ စိတ်ဝင်စားသွားပြီး သုံးနှစ်ကြာအောင် နတ်ပွဲတွေလိုက်ကြည့်တယ်။ နတ်ကတော်တွေနဲ့ တွေ့တယ်။ အဲဒီမှာ နတ်ကတော်အများစုဟာ မိန်းမလျာတွေဖြစ်နေတာသွားတွေ့တယ်။ ငယ်ငယ်ကတွေ့ဖူးတဲ့ နတ်ကတော်တွေက အသက် (၇၀) ကျော်တဲ့ (မိန်းမ)အဘွားကြီးတွေ။ မိန်းမလျာတွေနဲ့တွေ့တော့ သူတို့ဘ၀က အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ နတ်ကတော်အများစုဟာ မိန်းမလျာတွေဖြစ်တာမို့ ၀တ္ထုရဲ့အဓိကဇာတ်ကောင်ကို မိန်းမလျာနတ်ကတော်ကိုရွေးရပါတယ်။
မေး။ မင်းမင်းနဲ့ပန်းညိုကိုရော ဘယ်လိုဖန် တီးခဲ့ပါသလဲ ဆရာမ။
ဒါကတော့ မိန်းမလျာတွေရဲ့ဘ၀မှာ မထူးဆန်းတဲ့ဇာတ်လမ်းပေါ့။ သူတို့ဟာ မိန်းမအစစ်မဟုတ်ပေမယ့် သူတို့စိတ်က တကယ့်မိန်းမလိုပဲ။ သူတို့ကို ဝေဒနာသည် အဖြစ်သဘောထားရမှာ။ သူတို့ဟာ ဟော် မုန်းမညီလို့ဖြစ်ရတာ။ ဒီဘ၀မှာ ဘယ်လိုပဲလုပ်လုပ် ယောက်ျားပြန်မဖြစ်နိုင်တော့ဘူး။ သူတို့ဟာ ယောက်ျားတစ်ယောက်ကို မိန်းမတစ်ယောက်က ချစ်သလိုကိုချစ်တာ။ ကျလည်း ကျရှာပါတယ်။ ဒါပေမယ့် သူတို့ ချစ်တဲ့ယောက်ျားက သူတို့ကိုတစ်နေ့ကျ ပစ်ပြီး မိန်းမယူသွားတာပဲ။ အဲဒီတော့ မိန်း မလျာတိုင်းမှာ ဒီဇာတ်လမ်းမျိုးရှိတယ်။
မိန်းမလျာတွေရဲ့ ယောက်ျားတွေကျတော့လည်း သူတို့အပေါ်မိန်းမလျာက ဘယ်လောက်ကောင်းကောင်း နောက် မိန်းမတွေ့တာပဲ။ ဒါပေမယ့် သူတို့က မိန်းမလျာအပေါ် သံယောဇဉ်တော့ရှိကြပါတယ်။ နောက်ဆုံးတော့ မိန်းမလျာက ရင်ကွဲတာပါပဲ။
ပန်းညိုဖြစ်လာပုံကတော့ တောင်ပြုန်းပွဲကို ကျွန်မနှစ်နှစ်ဆက်တိုက်ရောက်ဖြစ်တယ်။ အဲဒီ ဒေစီဂျိန်း (ဦးစိုးကြည်) ရဲ့အိမ်မှာပဲ ခုနစ်ရက်လုံးလုံးနေတယ်။ ပွဲတော်တစ်ခုလုံးက သက်ဝင်လှုပ်ရှားနေသူတွေနဲ့ တွေ့တယ်။ အဲဒီမှာ သူ့အိမ်ရှေ့ကို ဇာတ်လမ်းထဲက အတိုင်းပဲ ဗုံလေးနဲ့ ကလေးမလေးတစ်ယောက် သီချင်းလာဆိုတယ်။ ပုဆိုးခြုံပြီး၊ သက်ဆိုင်သူသို့ သီချင်းဆိုတာအရမ်း ကောင်းတာပဲ။ သူ့ကိုကြည့်ရင်းကနေ ၀တ္ထုဇာတ်ကောင် ပန်းညိုဖြစ်လာတယ်ပေါ့။ ဒါပေမယ့် အပြင်ကဒေစီဂျိန်းရဲ့ မင်းမင်းက ၀တ္ထုထဲကလိုမျိုး ကောင်မ လေးနဲ့ ပတ်သက်မှုတော့ဘာမှမရှိပါဘူး။
မေး။ ဒီဝတ္ထုကိုရေးဖို့ နတ်ပွဲဓလေ့တွေကို ဘယ်လိုအသေးစိတ်လေ့လာပါသလဲ။
ကျွန်မသုံးနှစ်လုံးလုံး တွေ့ဆုံမေးမြန်း ထားတာတွေကို အသံဖမ်းထားတယ်။ ကျွန်မအကျင့်တစ်ခုက ဇာတ်ကောင်ကို မွေးတဲ့အခါ ကိုယ်ချင်းစာစိတ်နဲ့မွေးတယ်။ စာရေးတဲ့အခါကျတော့ ဇာတ်ကောင်နေရာက ၀င်ပူးပြီးရေးတယ်။ သုံးနှစ် လေ့လာခဲ့တာတွေက ခေါင်းထဲစွဲပြီးချရေးတဲ့အခါ သဘာဝကျအောင် ရေးနိုင်ခဲ့ပါတယ်။
မေး။ ဇာတ်သိမ်းခန်းကို ဘာလို့အလွမ်း ဇာတ်ကို ရွေးလိုက်ရသလဲဆရာမ။
မိန်းမလျာဇာတ်လမ်းအများစုမှာ သူတို့ ချစ်တဲ့ယောက်ျားတွေဟာ အချိန်တန် တော့ သူတို့ဆီပဲပြန်သွားတာပဲ။ အဲဒီမှာ ကျတော့ သူတို့က စီးပွားမရှာရဘူး။ သူတို့ မိန်းမယူတော့ ရုန်းကန်ရတယ်။ အဲဒီမှာ မလုပ်ချင်တော့ဘူး။ ဒါနဲ့ပဲ မိန်းမလျာဆီ ပြန်ရောက်တာများတယ်။ တကယ်ချစ်တဲ့ မိန်းမတွေ့ပြီး ယူဖြစ်သွားတာတွေလည်း ရှိတော့ရှိပါတယ်။ ဒါပေမယ့်ရှားပါတယ်။ ဒါကြောင့်လည်း နောက်ဆုံးမှာ မင်းမင်း ကို ဒေစီဂျိန်းဆီကိုပဲ ပြန်သွားခိုင်းလိုက် ရတာပါ။
နောက် ကျွန်မက ဇာတ်လမ်းကို ခုနစ်ရက်နဲ့ အပြီးဖြတ်ချင်ပြီ။ ဒါကြောင့် မင်းမင်းက ကောင်မလေးကို မတွေ့တဲ့ အချိန်မှာ တစ်ညလုံးလိုက်ရှာတော့ ခုနစ်ရက်လုံးလုံး အအိပ်ပျက်ပင်ပန်းထားတဲ့ ဒဏ်တွေနဲ့ဖိစီးပြီး နေမကောင်းဖြစ်၊ သူ့ရဲ့ မသိစိတ်က သူ့ကိုဒေစီဂျိန်းအိမ် ပြန်ပို့ ပေးလိုက်တဲ့သဘောပါပဲ။
မေး။ ဒီဘက်ပိုင်းမှာ မိန်းမစစ်စ်တွေက နတ်ကတော်လုပ်တာ နည်းလာတယ်လို့ ဆရာမ စောစောက ပြောခဲ့တယ်နော်။ အဲဒါ ဘာကြောင့်လို့ တွေ့ပါ သလဲဆရာမ။
မိန်းမလျာဆိုတာက မိတ်ကပ်လိမ်းပြီး မိန်းမလိုနေချင်တယ်။ ဒါပေမယ့် ဒီနတ်ပွဲမှာသာလျှင် ပီပီပြင်ပြင် မိန်းမလိုနေလို့ရတယ်။ ဒါကြောင့် ဒီလောကကို အများဆုံး ၀င်လာကြတယ်။ ဒါကတစ်ချက်။ နောက် သူတို့က ယောက်ျားလိုရော၊ မိန်းမလိုပါ နှစ်မျိုးတွေးတတ်လို့ ပိုအောင်မြင်တယ်။ မိတ်ကပ်လောက၊ ဒီဇိုင်နာ လောကကိုပဲ ကြည့်ပေါ့။
မေး။ ဒီဝတ္ထုကို အင်္ဂလိပ်ဘာသာပြန်ဆို ထုတ်ဝေခွင့်ရတဲ့အပေါ် အမြင်။
ဒီနေ့ မြန်မာစာပေလောက အာရှကနေ ကမ္ဘာကိုထိုးဖောက်ရောက်ရှိနိုင်မယ့် အခွင့်အလမ်းပါ။ ဘာသာပြန်ကိစ္စအောင် မြင်ကတည်းကိုက ကျွန်မ၀မ်းသာတာပါ။ ဘာလို့လဲဆိုတော့ မြန်မာဝတ္ထုတွေ အင်္ဂလိပ်လိုထုတ်ဝေခွင့်ရဖို့ဆိုတာ ရှားရှားပါးပါးပါ။ ဘာသာပြန်မယ့်လူမရှိလို့မဟုတ်ဘူး။ ထုတ်ပေးမယ့်လူပဲ လိုတာ။ ဒါပေမယ့်လည်း မူရင်းဝတ္ထုက နိုင်ငံတကာက လက်ခံနိုင်တဲ့ စာအုပ်ဖြစ်ဖို့တော့ လိုတာပေါ့။ ကျွန်မစာအုပ်ထုတ်ဖြစ်လို့ ကောက် ကိုင်ကြည့်တဲ့လူတစ်ယောက်ရှိရင်ပဲ မဆိုးဘူးပြောရမှာပါ။ မြန်မာကိုရော၊ နုနုရည် ကိုရော ဘယ်သူမှ သိကြတာမှမဟုတ်တာ။ ဘာပဲပြောပြော အခုလိုဆန်ကာတင်စာ ရင်းဝင်တာကို မြန်မာစာပေဟာ နိုင်ငံ တကာအဆင့်မီတယ်ဆိုတာ သိရလို့ ကျေ နပ်တယ်။
နောက်အကျိုးတစ်ခုက ဒီကနေ့ ရသစာပေရေးဖို့ ကြိုးပမ်းနေကြတဲ့ လူငယ်စာရေးဆရာ မျိုးဆက်အတွက်လည်း အား တက်စရာတစ်ခုလို့ မြင်ပါတယ်။ တစ်ခုကတော့ နိုင်ငံတကာကကြိုက်တဲ့ အကြောင်းအရာက မြန်မာဆိုရင်မြန်မာရဲ့ လူနေမှုစရိုက်လက္ခဏာ၊ နေပုံထိုင်ပုံ၊ တွေးခေါ်ပုံစတဲ့ မြန်မာရနံ့မွှေးပျံ့တဲ့ဟာ မျိုးပါပဲ။ မြန်မာဆိုတာဘာလဲ ကမ္ဘာက သိချင်တာပါပဲ။
မေး။ ဆန်ကာတင်စာရင်းဝင်တဲ့အတွက် ဘယ်လိုအကျိုးတွေရပါသလဲ။
အဲဒီဆုပေးပွဲမှာတုန်းက တက်ရောက် သူ ၂၀၀ ခန့်မှာ ၁၀၀ လောက်က အာရှက ထုတ်ဝေသူတွေချည်းပဲ။ သူတို့က ကျွန်မ တို့ရဲ့စာအုပ်တွေက ထုတ်ဝေသူရပြီးပြီ လား၊ မရသေးရင် သူတို့ထုတ်ချင်တယ် ဆိုပြီး လာမေးကြတယ်။ အဲဒီမှာ ထုတ်ဝေသူမရသေးတဲ့ အိန္ဒိယစာရေးဆရာမလေးနဲ့ အင်ဒိုနီးရှားဖွား တရုတ် စာရေးဆရာမလေး တို့တွေ ထုတ်ဝေသူရသွားကြတယ်။
ကျွန်မဆိုရင်လည်း ဟိုက်ပါရီယွန် (Smile As They Bow ကိုထုတ်ဝေသည့် နယူးယောက်အခြေစိုက် စာအုပ်တိုက်) က နောက်ကို ကျွန်မ၀တ္ထုတွေ ဆက်ထုတ်ချင်ပါတယ်ဆိုပြီး စရံပေးသွားပါတယ်။ ဟောင်ကောင်က မဂ္ဂဇင်းတစ်ခုကလည်း လစဉ် ၀တ္ထုတိုတစ်ပုဒ်ပေးဖို့ တောင်းပါတယ်။ ပွဲမှာတွေ့တဲ့လူတိုင်းက “မင်းတို့ ရဲ့အနာဂတ်အတွက် ၀မ်းသာပါတယ်” လို့ ပြောကြတယ်။ စာရေးဆရာအတွက် အဆက်အသွယ်တွေ ရသွားတာထက် ကောင်းတာဘာရှိမလဲ။ ကျွန်မကတော့ စာတစ်အုပ်ကို စိတ်အေးလက်အေး အချိန်ယူရေးနိုင်ရင် တော်ပါပြီ။
မေး။ ရေးလက်စ၀တ္ထုရှိပါသလား ဆရာမ။
ရေးလက်စတော့မရှိဘူး။ ရေးဖို့စဉ်းစားထားတာရှိတယ်။ မြန်မာမိသားစုတစ်ခု အကြောင်းပေါ့။ သူ့ကို ပုံစံအသစ်နဲ့ တင်ဆက်ဖို့ စဉ်းစားထားပါတယ်။
မေး။ မြန်မာရသစာပေရေစီးကိုရော ဘယ် လိုသုံးသပ်ပါသလဲ ဆရာမ။
ရသရေစီးနှေးလာတာက ဂလိုဘယ်လိုက်ဇေးရှင်းဆိုတာကို ဒီမှာက အခုမှ တွေ့ပြီးလိုက်နေတာကိုး။ လူဆိုတာ အသစ်အဆန်းကို လိုက်တာပဲ။ ဒီထက်ပိုပြီး ကောင်းလာမယ်လို့ မြင်ပါတယ်။ ရသစာပေဆိုတာ ဘယ်တော့မှ ပျောက်ကွယ်မသွားပါဘူး။ ခုခေတ်မှာ ရသစာပေကိုခုံခုံမင်မင်နဲ့ ဖတ်နေသေးတဲ့ လူတွေရှိပါသေးတယ်။ လူ့ယဉ်ကျေးမှုပျောက်မှ ရသစာပေလည်းပျောက်ကွယ်ပါလိမ့်မယ်။

 နုနုရည် (အင်းဝ)

(Source: http://weiyanphone.blogspot.com/…/author-optimistic-about-f…)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း