မုံရွာ ဘုန်းစိုးအကြောင်းတစေ့တစောင်း




မုံရွာ ဘုန်းစိုးအကြောင်းတစေ့တစောင်း
        ယခုအခါမုံရွာမြို့သည် စစ်ကိုင်းတိုင်းဒေသကြီး၏မြို့တော်ဖြစ်နေပေပြီ။ မုံရွာမြို့ဟု စတင် သတ်မှတ်ခဲ့သည်မှာ ကောဇာသက္ကရာဇ် (၁၂၅၀) (ခရစ်နှစ် ၁၈၈၈ နှစ်) ကဖြစ်ပြီး သက်တမ်း (၁၂၉) နှစ်ရှိပြီဖြစ်သည်။ ရှေးအခါကမုံရွာမြို့ကြီး ဖြစ်မည့်နေရာတွင် လှေကူးနှင့် မုန်ရွာဆိုပြီး ရွာနှစ်ရွာရှိခဲ့ပြီး  အိမ်ထောင်ဦးရေ သုံးရာကျော်၊ လူဦးရေနှစ်ထောင်ကျော်သာရှိသည်။ ငါးရက်တစ်ပတ်ဈေးရွာကြီး ဖြစ်သလို ရှေးစာပေ၊ ဘုရားရုပ်ပွား၊ ကမည်းစာတို့တွင် လှေကူးမြို့ဟု ရေးထိုးထားသည်ကို တွေ့ရသည်။
               လွတ်လပ်ရေးမရမီနှင့် လွတ်လပ်ရေးရကာစ ကာလတိုင်အောင် မုံရွာမြို့၏ နယ်နိမိတ် သည် အရှေ့လားသော် မီးရထားသံလမ်း၊ တောင်လားသော် စိန်လီအမှတ်(၂)သစ်စက်နှင့် ယခုမြို့ ပတ်လမ်း၊ အနောက်လားသော် ချင်းတွင်းမြစ်၊ မြောက်လားသော် ယခုအခေါ် ကန်သာယာ၊ မြစ်ရေ၀င်အင်းကြီး အထိဖြစ်သည်။ မြို့ဝင်ဂိတ်များအဖြစ် ၄င်းနယ်နိမိတ်များတွင် ဘန်ကာများ တည်ဆောက်ကာ မြို့လုံခြုံရေးအတွက် ရဲကင်းများစောင့်ကြပ်ချထားသည်။
               မြန်မာပြည်လွတ်လပ်ရေးရပြီး တစ်ဆက်တည်းလက်နက်ကိုင် ရောင်စုံသူပုန်များ ထကြွ သောင်းကြမ်း လာခဲ့ရာမှ ကျေးလက်တောရွာများတွင်နေထိုင်သူများအနေဖြင့် ရောင်စုံသူပုန်ရန်၊ ဓားပြရန်တို့ကြောင့် တောရွာများတွင် မနေ၀ံ့ကြပေ။ ထို့အတွက်မုံရွာမြို့သို့ပြောင်းရွှေ့လာခဲ့ကြရာမှ ဦးစွာ ဘုရားနီ၊ ဘုရားလှတောင်ဘက်ရှိ မြို့က အမှိုက်၊ မိလ္လာစွန့်ပစ်မြေနီများတူးသည့် နေရာတွင် တောရွာများမှပြောင်းရွှေ့ကြသူများက တဲထိုး၊ အိမ်ဆောက်ကြရာမှတစ်ဆင့် စံပြကွက်သစ်ဟု စတင် ပေါ်ပေါက်ခဲ့သည်။ ထိုစံပြကွက်သစ်ကိုထိုစဉ်က မင်းမနိုင်ကွက်သစ် ဟုခေါ်ခဲ့ကြပြီး၊ ယခုအခါတွင် အောင်မင်္ဂလာရပ်ကွက်ကြီး ဖြစ်နေခဲ့ပါပြီ။
               (၁၉၅၅) ၀န်းကျင်ကာလများတွင် ရောင်စုံသူပုန်ရန်၊ ဓားပြရန်တို့မှာပိုမိုဆိုးဝါးလာခဲ့ကြ ရာ တောရွာများမှလူများ မုံရွာမြို့သို့ ထပ်မံပြောင်းရွှေ့လာခဲ့ကြရာ ရတနာပုံကွက်သစ်နှင့် ဘုန်းစိုး ကွက်သစ် ဆိုပြီး နောက်ထပ်စံပြကွက်သစ်များ ပေါ်ပေါက်လာပြန်သည်။
ဘုန်းစိုးကွက်သစ်ကြီး၏ နယ်နမိတ်မှာ အရှေ့လားသော် ပေရှစ်ဆယ်လမ်း၊ တောင်လားသော် ကျောက္ကာလမ်း၊ အနောက်လားသော် ဦးနီပန်းပဲဖိုလမ်း၊ မြောက်လားသော် သာစည်လမ်း နယ်နိမိတ် လေးရပ် ရှိနေတတ်သည်။
ဘုန်းစိုးရပ်ကွက်၏ ထင်ရှားသော သာသနိကအဆောင်အအုံတို့မှာ ဘုန်းစိုးကွက်သစ် မဆို ထားဘိ မုံရွာမြို့မသတ်မှတ်ရသေးမီ ရှေးပဝေနသီက တည်ရှိခဲ့သော အိုးတလုံးတောရကျောင်းနှင့် စေတီပျက်တစ်ဆူ၊ သိမ်ဟောင်းနေရာ တို့နှင့် အိုးတစ်လုံး တောရကျောင်းအတွင်းရှိ အိုးတစ်လုံး    ရေကန်ကြိးနှစ်ကန် သမိုင်းဝင် ကျန်ရှိခဲ့သည်။ သမိုင်းဝင်အိုးတလုံးတောရကျောင်း နေရာဟောင်း တွင် ဘုန်းစိုးကွက်သစ်ကြီး ပေါ်လာပြီး ပထမရှိသောစေတီပျက်ကို ရှစ်မျက်နှာစေတီပြန်တည်ကာ ယခုအခါတွင်ရှစ်မျက်နှာစေတီကိုငုံပြီး ရွှေတိဂုံပုံတူဆုတောင်းပြည့် တလုံးကမ္ဘာအေး ကိုးန၀င်း စေတီတော်မြတ်ကြီးနှင့် ကြီးကြယ်ခမ်းနားသော အရိယာဝါသဓမ္မာရုံတော်ကြီး၊ အာဟာရဒီပနီ အမည်ရှိ ဆွမ်းစားကျောင်းတော်ကြီးနှင့် ဆရာတော်များအတွက် ကျောင်းတိုက်များ၊ ယောဂီ ကျောင်းဆောင်များ တို့ဖြင့် အလွန်စည်ကားသော ကျောင်းတိုက်ကြီးကို ဘုန်းစိုးကျောင်းတိုက် ဟု အမည်ပြောင်းလဲ လိုက်ပါသည်။
ဘုန်းစိုးရပ်ကွက်ကြီး၏ နောက်ထူးခြားချက်တစ်ရပ်မှာ လွတ်လပ်ရေးမရမီ အင်္ဂလိပ်အစိုးရ လက်ထက် မုံရွာမြို့ကြီး ဤမျှမကြီးကျယ်စဉ်ကာလ ယခုဘုန်းစိုးရပ်ကွက်ကြီး ဖြစ်မည့်နေရာတွင် ဆရာတော်ဦးဇောတိက စတင်တည်ထောင်ခဲ့သော ဇောတိကကျောင်းတိုက် ဖြစ်ပေါ်ခဲ့သည်၊ လွတ်လပ်ရေးရပြီးနောက် ဒုတိယဆရာတော် ဦးဥတ္တမလက်ထက်မှစတင်၍ စာသင်တိုက်ဖွင့်လှစ် ခဲ့ပြီး ကျောင်းတိုက်ကြီးကိုလည်း မဟာဇောတိကရာမ ပါဠိတက္ကသိုလ်တိုက်ကြီးအဖြစ် ဖော်ဆောင် ခဲ့သည်။ စာသင်သားရဟန်းသာမဏေများကို ပရိယတ္တိစာပေများသင်ကြားပို့ချပေးခဲ့ရာ ယခုအချိန် တွင် တစ်နှစ်လျှင် စာသင်သားရဟန်းသာမဏေ တစ်ထောင်ကျော်ရှိနေပေပြီ။
လွန်ခဲ့သောနှစ်တစ်ရာကျော်က လူဦးရေနှစ်ထောင်ကျော်ဖြင့်စခဲ့သော မုံရွာမြို့တွင် ယခု အခါ လူဦးရေသုံးသိန်းကျော်၊ ရပ်ကွက်ကြီး (၃၆) ရပ်ကွက်၊ ပင်မတက္ကသိုလ်၊ စီးပွားရေး တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ပညာရေးကောလိပ်၊ သားဖွားသူနာပြု သိပ္ပံ ပုဂွလိက ဆေးရုံများ၊ တိုင်းအဆင့်ဆေးရုံကြီးနှင့် တိုင်းအစိုးရရုံးတို့ဖြင့် အလွန်စည်ကားသော မြို့တော်ကြီးဖြစ်လာသည်။

(အတွဲ(၁)၊ အမှတ်(၃၈)၊ (၁၃၇၉)ခုနှစ်၊ ကဆုန်လဆန်း(၅)ရက်၊ တနင်္ဂနွေနေ့ (၃၀.၄.၂၀၁၇)ထုတ် မုံရွာဂေဇက် မှ ဆောင်းပါးရှင် ကျော်သောင်း (ဘုတလင်) ၏ ဆောင်းပါးကို ကူးယူဖော်ပြပါသည်။)

လေးစားစွာဖြင့်
ထူးအောင်ဝင့်
https://htooaungwintt.blogspot.com



              

              

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း