ဆိုကျကို





ဆိုက်ကို

        အိပ်ယာပေါ်မှာ ခြေကားယား လက်ကားယားလှဲနေရာမှ စိမ်းပြာရောင်ဖျော့ဖျော့ သုတ်ထားသည့် အပေါ်ထပ်ကြမ်းခင်းကို ကြည့်လိုက်သည်။ ဟိုစဉ်တုန်းကတော့ ဆေးသားများနှင့် ပိတ်နေမည်ဖြစ်သော လျှာထိုးကြမ်းခင်းများမှာ ယခုအခါတော့ ဆက်ရာအကြောင်းများ ထင်နေကြပြီဖြစ်သည်။ ထိုအကြောင်း အရာများကို သူမနှစ်သက်မိ။ သိပ္ပံဇာတ်ကားတွေထဲမှာလို အဖြူရောင်အလင်းများနှင့် စားပွဲတစ်လုံး၊ ထိုင်ခုံ တစ်လုံးနှင့်ဆို ဘယ်လောက်ကောင်းလိုက်မလဲ။ သူ့အခန်းက လိုအပ်သည်ထက် ပိုရှုပ်ပွနေသည်လား၊ လောလောဆယ် သူ့စိတ်ခံစားချက်အရ ကိုယ်တိုင်ကပဲ စိတ်ရှုပ်တတ်လွန်းနေသည်လား မသိတော့။

          စာရေးစားပွဲပေါ်မှာရှိသည့် ကွန်ပြူတာနှင့် ပရင့်တာက အသုံးမပြုသည်မှာကြာပြီဖြစ်၍ မြူမှုန် အလိမ်းလိမ်း ကပ်လျက်ရှိသည်။ ရေးလက်စ စာမူများ၊ မှတ်စုများ၊ အတိုချုပ်မှတ်ထားသည့် စာရွက် အပိုင်းအစများ၊ အင်္ဂလိပ်စကားပြောစာအုပ်၊ ဂျပန်စကားပြောစာအုပ်၊ (Dictionary) အားကိုးဖြင့် သူဖတ်နေသည့် အင်္ဂလိပ်ဝတ္ထုများ၊ (A4) စာရွက်ထုပ်နှင့် ဖတ်လက်စ မဂ္ဂဇင်းတချို့ကလည်း ပြန့်ကျဲလျက် ရှိသေးသည်။ စားပွဲစွန်းမှာတော့ သူ၏လက်ကိုင်ဖုန်းနှင့် သောက်လက် ကော်ဖီတစ်ခွက်က တစ်ခုခုနှင့် တိုက်ချလိုက်လျှင် အောက်သို့ပြုတ်ကျရန်အတွက် အသင့်ပြင်ထားသည်။ မကြာခဏလည်း ပြုတ်ကျခဲ့ဖူး သည်။ စားပွဲအောက်မှာတော့ ခြင်ဆေးဖြန်းသည့် စပရေးဗူးက လဲလျက်တစ်မျိုး၊ ထောင်လျက် တစ်ဖုံရှိသည်။ သူစာရေးနေစဉ် သူ၏ခြေဖမိုး၊ ခြေကျင်းဝတ်၊ တကောက်ကွေးနှင့် တံတောင်ဆစ်များကို ကိုက်ခဲနှိပ်စက်တတ်သည့် ခြင်ကျားများကို ကာကွယ်တိုက်ခိုက်ရာ တစ်ခုတည်းသောလက်နက်လည်း ဖြစ်သည်။ သူ့အခန်းထဲမှာရှိသည့် ထိုခြင်သတ္တဝါများသည် ကိုက်ခဲရုံသာမက အသံဖြင့်လည်း နှိပ်စက်တတ် သေးသည်။ ဂီတသံပင်လျှင် ကြာကြာနားထောင်လျှင် ဆူညံသံဖြစ်လာသည်ဟု စာအုပ်တစ်အုပ်ထဲတွင် ဖတ်ခဲ့ဖူးသည်။ ဘယ်ကီးမှ မဝင်သည့် ထိုအကောင်တွေ၏အသံက သူ့အတွက်တော့ ခံရခက်သည့် နှောက်ယှက်သံသက်သက်သာ ဖြစ်သည်။           စားပွဲဘေး ဗီရိုပေါ်ရှိ (Panasonic) ကက်ဆက်ကြီးဆီမှ သူသိပ်ကြိုက်ခဲ့ဖူးသည့် သီချင်းသံတွေ ထွက်ခဲ့ဖူးသည်။ ကျောင်းသားဘဝက သင်္ချာတွက်လျှင်ပင် သီချင်းသံတိုးတိုးဖွင့်ကာ တွက်ချက်ခဲ့သူဖြစ်သည်။ ယခုတော့ စာရေးနေချိန်တွင် ကြားရသမျှအသံ အားလုံးသည် သူ့အတွက်ဆူညံသံသာ ဖြစ်သည်။ ဘေးအိမ်မှ ပရိဘောဂလုပ်သည့် သစ်သား ဖြတ်တောက်သံများ၊ အိမ်ရှေ့မှဖြတ်သွားသည့် ထီကားမှ သီချင်းသံများ၊ တွန်းလှည်းနှင့်ရောင်းသည့် ရေခဲမုန့်သည်နှင့် အချဉ်ပေါင်းသည်များထံမှ စကားပြောသည့် သီချင်းသံများ၊ ပရဟိတအဖွဲ့များမှ အသံကုန်လွှင့်ထုတ်သွားသည့် အလှူခံဆုတောင်းသံများ စသည်ဖြင့် စာရေးရာတွင် အနှောက်အယှက် ဖြစ်စေသည့် အသံတွေက မျိုးစုံဖြစ်သည်။ သူက အသံဗလံတွေ တိတ်ဆိတ်နေမှ စာရေးရာတွင် အာရုံဝင်စား၍ ရသူဖြစ်သည်။ ထို့ကြောင့်အနှောက်အယှက်ကင်းသည့် ညဥ့်နက်ပိုင်းမှာပဲ စာရေးဖြစ်သည်က များသည်။
          အကြည့်ကို နံရံတစ်ဖက်ဆီရွေ့လိုက်တော့ ညဥ့်နက်နက်မှာ အဖော်ပြုခဲ့ဖူးသည့် အနီရဲရဲဂစ်တာက လျော့ရဲနေသောကြိုးတို့ဖြင့် နံရံထက်မှာ ငိုက်မြည်းလျက်ရှိသည်။ တစ်ချိန်က အနှစ်သက်ခဲ့ဆုံးသော ဒီရှစ်ကြိုးတပ်ဂစ်တာကို သူ မတီးဖြစ်သည်မှာ ကြာပြီဖြစ်သည်။ ရင်ထဲကခံစားချက်ကို လူငယ်တစ်ယောက် လို နှုတ်ဖျားမှ ဖွင့်ထုတ်ပစ်ဖို့အတွက် သူ့အသက်အရွယ်ကပဲ ရှက်ရွံ့နေသည်လား၊ သို့မဟုတ် ခံစားချက်တွေကပဲ အက္ခရာစာသားအဖြစ်နဲ့ စာရွက်တွေပေါ်ကို စီးဆင်းသွားကြ၍လား သူမသိတော့။ ဆယ်ကျော်သက်အရွယ်က ကက်ဆက်မှထွက်ပေါ်လာသည့် သီချင်းသံကို မက်မောနှစ်သက်စွာ လိုက်ဆိုခဲ့ ရသည့် အရသာမျိုး၊ နှစ်သက်တပ်မက်မှုမျိုး သူပြန်လိုချင်မိသည်။ နည်းပညာတွေ ပေါက်ကွဲနေသည့် ယနေ့ခေတ်မှာတော့ အသံပါမက အရုပ်ပါခံစားနိုင်သည့် ဗွီစီဒီတွေ၊ သီချင်းပုဒ်ရေ ရာကျော်ပါသည့် ဒီဗွီဒီတွေက နေရာအနှံ့မှာ ဈေးနှုန်းချိုချိုနှင့် ဝယ်၍ရနေပြီ။ ဟိုစဉ်တုန်းက မုန့်ဖိုးလေးစုကာ ဝယ်ခဲ့ရသည့် ကက်ဆက်တိတ်ခွေ၏ အရသာကိုမမှီ။ သီချင်းခုနစ်ပုဒ်လောက် ဖွင့်ပြီးသည်နှင့် ဟိုဘက်ဒီဘက်ပြန်လှန် ပေးရသည့် တိတ်ရီကော်ဒါကို သူဘာကြောင့် စွဲမက်နေရသလဲ။ ဖြစ်နိုင်ချေကတော့ သူသည် အတိတ်ကို ထမ်းပိုးရင်းသွားနေသည့် သံသရာခရီးသည်တစ်ယောက် ဖြစ်သောကြောင့် ဖြစ်မည်ထင်သည်။ နောက်ပြီး အရုပ်ရောအသံပါ ခံစားနိုင်သည့် ယနေ့ခေတ်၏အခွေတွေက သီချင်းစစ်စစ်ရဲ့ရသကို အပြည့်အဝ မခံစားရတော့။
          ဒီဗွီဒီအခွေများတွင် သီချင်းအဓိပ္ပါယ်နှင့် လုံးဝမသက်ဆိုင်သည့် (Dancer)များ၏ ကုန်းကော့ကွကား ပါဖောမင့်များကလည်း သီချင်း၏ရသကိုလျော့ကျသွားစေသည်ဟု သူထင်သည်။ သံစဉ်စာသား သိပ်လှ သည့် သီချင်းတစ်ပုဒ်ကို သရုပ်ဆောင်တချို့၏ ဟာသမမြောက်သည့် ပေါ့ပျက်ပျက်အမူအရာများဖြင့် သရုပ်ဆောင်လိုက်ကြသောအခါ သီချင်းတစ်ပုဒ်၏ ရသသည် လုံးဝကို ပျက်စီးသွားတော့သည်။ စာလုံးတွေနှင့် ပုံဖော်ထားသည့် ဝတ္ထုဇာတ်လမ်းကောင်းတစ်ပုဒ်ကို ရုပ်ရှင်အဖြစ် အသက်သွင်းလိုက်သည့် အခါ ဝတ္ထု၏အာဘော်ပျက်စီးသွားသော၊ အနှစ်သာရလျော့ကျသွားသည့် ဇာတ်ကားတချို့ကို သတိရမိသေး သည်။ မကြာသေးမီက သူကြည့်ခဲ့ရသည့် ရာဇဝင်ကားတစ်ကားဆိုလျှင် တိုင်းပြည်ထူထောင်သည့် ဧကရာဇ်မင်းကြီး၏ လက်ရုံးရည်စွမ်းပကားကို မပြသဘဲ နယ်ပယ်အနှံ့ မိဖုရားမြှောက်သည့် ဇာတ်ဝင်ခန်း များသာဖြစ်နေသည်။ လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်စုံသည့် သမိုင်းထဲမှသူတို့၏ဘုရင်ကြီးသည် အချစ်သမားကြီးလုံးလုံးဖြစ်နေခဲ့သည်။ ထို့ကြောင့် သူရုပ်ရှင်ရုံဘက် ခြေဦးမလှည့်တော့။
          သူ့မှာ ရုပ်ရှင်ဝါသနာကြီးသည့် သူငယ်ချင်းတစ်ယောက် ရှိခဲ့ဖူးသည်။ သူ့နာမည်က မြင့်ထွေး။ အထက်တန်းကျောင်းတုန်းက သူငယ်ချင်းဖြစ်သည်။ ဇာတ်ကားသစ်တင်တိုင်း ဒကာခံ၍ခေါ်တတ်သည်။ သူ့ဒဏ်ကိုလည်း အတော်အသင့်ခံရသည်။ ထိုသူငယ်ချင်းက အတီးအမှုတ်ကိုလည်း ခုံမင်သည်။ ကျောင်းကထိန်ကပွဲဆိုလျှင် သူကအိုးစည်ဒိုးပတ်ခေါင်းဆောင်။ သူနှင့်ပတ်သက်၍ ဒိုးပတ်ဆရာများနှင့် လည်း သိကျွမ်းခဲ့ရသည်။ သူတို့မြို့က စာပေ၊ အနုပညာနှင့်ပတ်သက်၍ ချွန်သည်။ ချင်းတွင်းဒိုးဆိုလျှင် မသိသူ မရှိသလောက်ဆိုနိုင်သော်လည်း မကြားဖူးသူမရှိသလောက်ဟုသာ ပြောလိုက်ချင်သည်။ ရပ်ကွက်တိုင်း၊ လမ်းတိုင်း၊ အလှူခံမဏ္ဍပ်တိုင်း ချင်းတွင်းဒိုးအခွေကို ဖွင့်တတ်ကြသည်။ ရုပ်ရှင်ကြည့် ဝသီပါသည့်၊ အတီးအမှုတ်ခုံမင်သည့် ထို " မြင့်ထွေး " ဆိုသည့် သူငယ်ချင်းသည် ဘဝလမ်းကြောင်းကို လျှောက်လှမ်းရာတွင် ရွေးချယ်သွားသည်က ပန်းချီဆရာ။ ရန်ကုန်တွင် ပန်းချီဆရာအဖြစ် တိုးဝင်နေသည်ကိုတော့ သူငယ်ချင်းတချို့ထံမှ ကြားသိရသည်။ သူငယ်ချင်းများနှင့် လက်ဖက်ရည်ဆိုင် ထိုင်ရင်း နယ်ပယ်အသီးသီးမှာ ရှိနေကြသည့် သူငယ်ချင်းများအကြောင်း၊ အရောင်ပြောင်းသွားကြသည့် သူငယ်ချင်းများအကြောင်း ရင်ဖွင့်ဖြစ်တတ်ကြသည်။
          တစ်နေ့က သူမြို့ထဲသို့အသွား ဗိုလ်ချုပ်လမ်းမကြီးဘေး အအေးဆိုင်ကြီးရှေ့ကို နက်မှောင် ပြောင်လက်နေသည့် ကားနက်ကြီးတစ်စီး ငြိမ့်ခနဲထိုးစိုက်လာသည်။ ကားပေါ်မှဆင်လာသူက တစ်ချိန်က သူ့ရဲ့ ချောကလက်မလေး။ သူ ရင်နည်းနည်းတော့ ခုန်ချင်သွားသည်။ နောက်ပြီး အတန်းထဲမှာ စာသိပ်မတော်သော၊ အိမ်စီးပွားရေးမှာ အသင့်အတင့်သာရှိသည့် သူမ၏အခြေမြင့်ပြောင်းလဲသွားမှု အတွက်လည်း သူလှိုက်လှိုက်လှဲလှဲဝမ်းသာသည်။ ကားတစ်ဖက်မှ ဆင်းလာသည့် မျက်လုံးမှေးမှေး၊ အသားဖွေးဖွေး၊ ဝမ်းဗိုက်ဆူဆူငတိကို တွေ့လိုက်ချိန်မှာတော့ သူ့ရင် နည်းနည်းအင့်ချင်သည်။ သူမက သူ့ကိုမြင်တော့ အံ့အားသင့်ရာမှ ဝမ်းသာအားရ လှမ်းခေါ်သည်။ သူလည်း သွားရမည့်အလုပ်ကို ရွှေ့ဆိုင်းကာ သူမတို့နှင့်အတူ အအေးဆိုင်ထဲသို့ လိုက်ခဲ့လိုက်သည်။ တကယ်ဆို လွတ်လွတ်လပ်လပ် စကားပြောနိုင်သည့် လက်ဖက်ရည်ဆိုင်သာ ထိုင်လိုက်ချင်သည်။ တစ်ချိန်က သူမသည်လည်း လက်ဖက်ရည်ကြိုက်သူတစ်ဦး မဟုတ်လား။
          မဆုံဖြစ်ကြသည့် နှစ်တွေထဲမှ သူမဘဝ၏ နေ့ရက်များအကြောင်း၊ သူငယ်ချင်းများအကြောင်း ပြောဖြစ်သည့်စကားတွေက တော်တော်များသည်။ စကားပြောပွင့်လင်းပုံက ဟိုစဉ်တုန်းကလိုပဲဖြစ်သည်။ အနားမှာရှိနေသည့် သူ့အမျိုးသားက သူတို့စကားဝိုင်းကို ဥပက္ခာပြုထားသည်မှာ ဆိုင်မှာထိုင်ပြီး ခဏအကြာမှာပဲဖြစ်သည်။ ဖုန်းပြောလိုက်၊ အအေးသောက်လိုက်၊ စီးကရက်ခဲလိုက်နှင့် လုံးချာလိုက်နေ သည်။ သူမ၏ပြောင်းလဲမှုကို တွေ့လိုက်ရသည်က ရင်းနှီးမြှပ်နှံမှု ခေါင်းစဉ်အောက်တွင်ဖြစ်သည်။ သူမနှုတ်ဖျားမှ ထွက်လာသည်က အစိမ်းရောင်စက္ကူများအကြောင်း၊ အဝါရောင်သတ္ထုများအကြောင်း။ သူဖိတ်ခေါ်လိုက်သည်က သူငယ်ျခင်းတွေနှင့် ဖွဲ့စည်းထားသည့် " ပညာ့အရောင် " ပရဟိတအဖွဲ့တွင် ဖြစ်သည်။ ပညာသင်ရန် ငွေကြေးမတတ်နိုင်သည့် လူငယ်လေးများကို စာအုပ်စာတမ်းမှအစ ငွေကြေး ထောက်ပံ့ပေးသည့် အဖွဲ့ငယ်လေးဖြစ်ကြောင်းကိုလည်း ရှင်းပြလိုက်သေးသည်။ တစ်ချိန်က သူရေးထားသည့် ကဗျာလေးတွေကို ရွတ်ဆိုခဲ့ဖူးသည့် သူမထံမှ …
          " နင်လည်း ဒါတွေနဲ့ အချိန်ကုန်မနေနဲ့၊ ဘဝနောင်ရေးဆိုတာ ရှိသေးတယ်၊ သားနဲ့ မယားနဲ့ဆိုရင် နင်တော့အခက်ပဲ၊ ငါက စေတနာနဲ့ ပြောတာ … "
          ထိုနေ့က မိုးသားပြာပြာကြီးအောက်မှ ဆေးရောင်စိုလက်နေသည့် ဓာတ်ပုံကားများနှင့် အရောင် မှိန်နေသည့် ပန်းချီကားများအကြောင်း သူကောင်းကောင်းကြီး သိလိုက်ရတော့သည်။ နောင်ဘယ်တော့မှ အအေးဆိုင်မထိုင်တော့ဟု ဆုံးဖြတ်လိုက်သောနေ့လည်း ဖြစ်သည်။
          ယခုနောက်ပိုင်း သူ လက်ဖက်ရည်ဆိုင်ပင် သူငယ်ချင်းများနှင့်၊ ရေးဖော်ရေးဖက်များနှင့် မထိုင်ဖြစ်တော့။ ထိုင်ဖြစ်လျှင်လည်း ဆွေးနွေးငြင်းခုန်ကြသည့် အကြောင်းအရာတွေက စာပေအနုပညာ အကြောင်း မဟုတ်တော့။ ခေါင်းစဉ်ပြောင်းသွားကြပြီဖြစ်သည်။ ရခိုင်အရေး၊ လက်ပတောင်းတောင်အရေး၊ မိတ္ထီလာအရေး။ ဒီအရေးတွေအားလုံးကို သူတို့က လက်ဖက်ရည်နှင့်သောက်သည်။ ဘီယာနှင့်မြည်းသည်။ ဂျာနယ်တွေဖတ်ပြီး သူတို့၏အမြင်တွေကို ဖွသည်။ အဖွဲ့အစည်းတချို့နှင့် လူသားချင်းစာနာသည့် ပုဂ္ဂိုလ်တချို့က တတ်နိုင်သည့်ဘက်မှ ထောက်ပံ့ကူညီနေချိန်၊ ပြဿနာကို လက်တွဲဖြေရှင်းနေချိန်တွင် ဘေးထိုင်ဘုပြောနေသည့် အနှစ်အသားမဲ့သည့် စကားလုံးတွေပြန့်ကျဲနေသည့် လက်ဖက်ရည်ဆိုင်ကို သူမသွားလိုတော့။ ယုတ်စွအဆုံး စာပေဟောပြောပွဲများကိုပင် သွားနားမထောင်တော့။ ထင်ရှားကျော်ကြား သည့် ပုဂ္ဂိုလ်ကြီးတချို့၏ စကားလုံးများကို ကိုးကားပြီး ပြောဟောနေကြသည့် ဆရာ့ဆရာများ၏ ဆောင်းပါးဆန်ဆန် ဟောပြောပွဲများကလည်း ကြားရဖန်များသည့်သူ့အတွက် ရိုးအီနေပြီဖြစ်သည်။ " Today is better than yesterday " ဆိုကာ တက်ကြွခဲ့ဖူးသည့်သူသည် အိမ်အပြင်ထွက်ရမှာကိုပင် ပျင်းနေသည်။ အခန်းထဲမှာ အဝတ်စုတ်လေးတစ်စလို ပုံပုံလေးပဲ နေလိုက်ချင်သည်။
***                                           ***                                           ***
          " ………………………… "
          ရုတ်တရက်ထမြည်လာသည့် ဖုန်းသံကြောင့် အတွေးလွန်နေရာမှ လန့်သလိုဖြစ်သွားသည်။ သူဖုန်းထကိုင်ရမှာကို ပျင်းနေသည်။ အကြိမ်ရေပြည့်သွားလျှင် ရပ်သွားမည့် ဖုန်းသံကို နားစွင့်နေလိုက် သည်။ ဆက်ကာ ဆက်ကာ မြည်နေသည့် ဖုန်းသံက ခေါ်ဆိုသူ၏ ဇွဲကိုပြနေသည်မို့ သူ ပျင်းရိပျင်းတွဲဖြင့် ထလိုက်သည်။ အိပ်ယာခြေရင်းတွင် မနေ့ညတုန်းက ချွတ်ထားသည့်ပုဆိုးနှင့် ခြေထောက်က ငြိနေသေးသည်။ ခြေထောက်ကို ခါချလိုက်တော့ ကုတင်ခြေရင်းတွင် ပုဆိုးဟောင်းက ပုံလျက် ကျသွားသည်။
          " ဟယ်လို … "
          " ………………."
          " အေး … မလိုက်တော့ဘူး…"
          " ………………………………. "
          " အိုကေ အိုကေ ကိုယ်ဘာမှ မဖြစ်ဘူး၊ နောက်မှကွာ နော …"
          ကမ်းခြေသို့ အပန်းဖြေခရီးထွက်ရန် သူငယ်ချင်းက လှမ်းခေါ်ခြင်းဖြစ်သည်။ လိုက်မည်ဆိုလဆင် သူ့အတွက် အစစ အရာရာအဆင်သင့်။ နောက်ပြီး စရိတ်ငြိမ်း။ သူ့ဘက်မှ အိတ်ဆွဲထွက်လာခဲ့ရုံပင်။ ဟိုစဉ်တုန်းကတော့ ဒေသန္တဗဟုသုတအမည်တပ်ကာ လိုက်မြဲဖြစ်သည်။ ခုချိန်မှာ သူလိုက်ချင်စိတ် လုံးဝမရှိတော့။ သူ့အတွေးတွေကလည်း တောင်တောင်အီအီ ဖြစ်နေသည်။ အပန်းဖြေခရီးမထွက်တော့ဘဲ ကုန်ကျမည့်ငွေတွေကို သူတို့အာဘောင်အာရင်းသန်သန်နှင့် ငြင်းခုန်နေကြသည့်၊ အတိဒုက္ခရောက်နေ သည့် သူတွေအတွက် ထောက်ပံ့လှူဒါန်းလိုက်မယ်ဆိုရင်ကော … ။
          " ခွမ်း … "
          စားပွဲပေါ်သို့ ဖုန်းကိုပြန်ထားလိုက်စဉ် အစွန်းမှာတင်ထားသည့် ကော်ဖီခွက်ကို တိုက်ချမိလိုက် သည်။ သမံတလင်းပေါ် ကျကွဲသွားသည့် ပန်းကန်ကွဲစများနှင့်အတူ ကော်ဖီတချို့က သူ့ခြေထောက်ကို လာစင်သည်။ ပန်းကန်ကွဲစများကိုသိမ်းရန် အမှိုက်သိမ်းဂေါ်ပြားကို ကြည့်သည်။ မတွေ့။ နောက်မှပဲ လွှင့်ပစ်လိုက်တော့မည်။ ကုတင်ခြေရင်းမှာကျနေသည့် ပုဆိုးဟောင်းဖြင့် ခြေထောက်တွင် ပေနေသည့် ကော်ဖီတွေကို သုတ်လိုက်သည်။ ထို့နောက် … ။
          အိပ်ယာပေါ်တွင် ခြေကားယား၊ လက်ကားယားဖြင့် လှဲနေရာမှ စိမ်းပြာရောင်ဖျော့ဖျော့ သုတ်ထား သည့် အပေါ်ထပ်ကြမ်းခင်းကို ကြည့်လိုက်သည်။ ဟိုစဉ်တုန်းက ဆေးသားများနှင့် ပိတ်နေမည်ဖြစ်သော လျှာထိုးကြမ်းခင်းများမှာ ဆက်ရာအကြောင်းများ ထင်နေပြီဖြစ်သည်။ ထိုအကြောင်းအရာများကို သူ မနှစ်တတ်ခဲ့။ ဆေးထပ်သုတ်လိုက်မည်ဆိုလျှင်တော့ ဆက်ရာအကြောင်းများ ပျောက်သွားပေလိမ့်မည်။ နေတတ်လျှင် ကျေနပ်စရာချည်းပဲဟု ယုံကြည်ခဲ့ဖူးသည့် သူ့နှလုံးသားဆီမှ အက်ကြောင်းအရာများ … ။ ထိုအက်ကြောင်းရာများ ပျောက်သွားဖို့အတွက် သူ့နှလုံးသားကို ဘယ်ဆေး၊ ဘယ်အရာတွေနှင့် ဖြည့်တင်းရ မည် သူမသိတော့ … ။

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
(၉.၅.၂ဝ၁၃) မနက် (၂းဝ၇)မိနစ်။ 
(Faces မဂ္ဂဇင်းတွင် ပုံနှိပ်ဖော်ပြပြီး)
https://web.facebook.com/authorshintnyolay

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း