ဒါဟာလျှို့ဝှက်ပါ
ဒါဟာလျှို့ဝှက်ပါ
အစိုးရမဟုတ်သည့်
လျို့ဝှက်အဖွဲ့အစည်းတစ်ခုသည် ဂျိမ်းစ်ဘွန်းကဲ့သို့သော (Agent) တစ်ယောက်ကို
မွေးထုတ်နိုင်ရန်အတွက် ၎င်းတို့နှစ်သက်ကာ ဖြစ်နိုင်မည့်သူများကို ဆက်သွယ် ထားသည်။
ထိုသူမှာ လိုအပ်လျှင် လုပ်ကြံသတ်ဖြတ်သည့် တာဝန်ကိုယူနိုင်မည့်သူလည်း ဖြစ်ရန် လိုအပ်သည်။
ကိုယ်ခံပညာတတ်ကျွမ်းမှုနှင့်
နောက်ခံကိုယ်ရေးရာဇ၀င်များ၊ အင်တာဗျူးများနှင့် စစ်ဆေးမှု များ ပြုလုပ်ပြီးနောက်
ဇကာတင်အဖြစ်သုံးယောက်ထွက်ပေါ်လာသည်။ အမျိုးသားနှစ်ဦးနှင့်
အမျိုးသမီးတစ်ဦးဖြစ်သည်။ ၎င်းတို့၏လုံခြုံရေးအရ အမည်ထုတ်ဖော်ပြောဆိုရန်
မသင့်သော်လည်း နှစ်ဦးမှာ ရွေးချယ်ခြင်း မခံရသူဖြစ်၍ အမည်ထုတ်ဖော်ပြောသော်လည်း တစ်စုံတစ်ရာ
ထိခိုက်မည်ကို မမြင်မိ၍ ပြောပြလိုက်ရပါသည်။ ထိုသူနှစ်ဦးမှာ ကိုဝေဖြိုး၊
လူပျိုကြီး ကိုဖြိုးမောင်တို့ ဖြစ်သည်။ ၎င်းတို့နှစ်ဦးမှာ နောက်ဆုံးအဆင့်တွင်မှ
ပြုတ်ကျသွားခြင်းဖြစ်သည်။ နောက်ဆုံးစစ်ဆေးမှု အနေဖြင့် တစ်ဦးချင်းကို
ခန်းမကျယ်တစ်ခုဆီသို့ ခေါ်ဆောင်သွားပြီး အဖွဲ့၏ ဒုဥက္ကဌဖြစ်သူက ခြောက်လုံးပြူး သေနတ်
တစ်လက်ပေးသည်။
"
ဒီအဆင့်ကျော်သွားပြီးရင် မင်းကို ဥက္ကဌကြီးနဲ့ တွေ့ပေးရတော့မှာဖြစ်တယ်။ အဲဒီမှာ
မင်းဟာ အမြဲတမ်း အဖွဲ့ဝင်ဖြစ်သွားပြီ။ ဘယ်လိုအခြေအနေ၊ အခက်အခဲပဲကြုံကြုံ
အမိန့်နာခံပြီး ဆုံးအောင် ဆောင်ရွက်ရမယ် မဟုတ်လား …"
"
ဟုတ်…"
ကိုဝေဖြိုး၏
တိုပြတ်ပြတ်အသံက ခန်းမကြီးထဲတွင် ဟိန်းထွက်လာသည်။
"
ကဲ…ဒါဆို ဟိုဘက်ခန်းထဲမှာ မင်းအမျိုးသမီး ကော်ဖီသောက်ရင်း မင်းကိုစောင့်နေတယ်…။
အဲဒီသေနတ်နဲ့ ရှင်းပြီး ပြန်လာခဲ့။ ဥက္ကဌကြီးနဲ့ တွေ့ပေးဖို့ ရှိသေးတယ်…"
"
ဗျာ… ကျုပ်မိန်းမကို ရှင်းပစ်ရမယ် ဟုတ်လား။ ခင်ဗျား ရူးနေလား။ ကျုပ်ကို
ဘာကောင်မှတ်နေလဲ။ ကျုပ်ကို မိန်းမ မကြောက်ရတဲ့ကောင် မှတ်နေလား။ ဒီသင်တန်းတောင်
သူဖြေခိုင်းလို့ လာဖြေတယ်မှတ်ပါ…ဟမ်း…"
"
ဒါဆို မင်း မဖြစ်နိုင်တော့ဘူး …"
"
အိုး…ဘာအရေးလဲ…ပေးပါ လမ်းစရိတ်…"
"
ဘာကွ…"
သို့နှင့်
နောက်တစ်ဦး ခန်းမကျယ်ကြီးထဲ ရောက်လာသည်။ ထိုသူမှာ ကိုဖြိုးမောင်။ လူပျိုကြီး
ကိုဖြိုးမောင်…။
"
ဒီမှာ…ဟိုဘက်အခန်းထဲမှာ မင်းမိန်းမထိုင်နေတယ်…"
"
ဘာဗျ… ကျုပ်က လူပျိုဗျ…"
"
အေးအေး…မှားသွားလို့၊ မင်းကောင်မလေး ထိုင်နေတယ်။ အဲဒါ ဒီသေနတ်သုံးပြီး
ရှင်းပစ်လိုက်၊ ပြီးရင် ဒီကို ပြန်လာခဲ့…"
"
ခင်ဗျား …ခင်ဗျား ရက်စက်လှချည်လား၊ နှံပြည်စုတ်လောက်မှ ဦးနှောက်မရှိဘူးလား။
ကျုပ်ကောင်မလေးပါးတောင် မနမ်းရက်လို့ နှစ်ဖက် မနမ်းဘူး။ တစ်ဖက်ပဲ ရွေးနမ်းနေတာ။
မလုပ်ဘူးဗျာ မလုပ်ဘူး…ထွန်စက်စခန်းပြန်ပြီး ထွန်စက်ပဲ မောင်းတော့မယ်…"
"
ကြွ…ကြွ၊ မြန်မြန်သာကြွ…"
"
ကောင်မလေးနဲ့အတူ လက်ဖက်ရည်တော့ သောက်သွားဦးမယ်နော် အာစိ…"
"
ဟာ … ဒီကောင်…"
သို့နှင့်
နောက်ဆုံးအဖြစ် အမျိုးသမီးအလှည့်သို့ ရောက်လာသည်။
"
ဟိုဘက်အခန်းထဲမှာ ခင်ဗျား ငယ်ရည်းစားနဲ့ ခင်ဗျားယောက်ျား လက်ဖက်ရည်သောက်ရင်း
စကားပြောနေကြတယ်။ ကြိုက်တဲ့တစ်ယောက်ရှင်းပြီး ပြန်လာခဲ့။ ရော့ဒီမှာ သေနတ်…"
"
အသံသိပ်ဆူမလား…"
"
မဆူအောင် ဒါလေးတပ်သွား …"
အသံတိတ်ကိရိယာလေးတပ်ပြီး
အမျိုးသမီးထွက်သွားသည်။ နောက်တော့ ခပ်အုပ်အုပ် အသံတစ်ချက်ထွက်လာသည်။ ချောက် ချောက်
ချောက် ချောက် ဆိုသော အသံများ ထွက်ပြီးနောက် ကွဲရှသံများ၊ တောင်းပန်းသံများ၊ ညည်းတွားသံများ…။
စက္ကန့်သုံးရာကျော်ခန့်တွင် တံခါးသည် ဖြေးညှင်းစွာပွင့်လာသည်။ နံဖူးပေါ်မှ
ချွေးများကို လက်ဖျံနှင့် သုတ်လိုက်ရင်း ပြုံးသွားသည့် အမျိုးသမီးကို တွေ့လိုက်ရသည်။
"
ရှင်က ဘာ့ကြောင့် ကျည်ဆံကို တစ်တောင့်ထဲထည့်ထားတာတုန်း၊ ထည့်ထားတဲ့ တစ်တောင့်ကလည်း
ပစ်မရဘူး။ ဒီမှာ မနည်းရိုက်သတ် လိုက်ရတယ်။ နောက်ဘယ်သူ့ ရှင်းရဦးမလဲ …"
"
တစ်…တစ်ယောက်ဆို ရပါတယ်…"
"
အဟင်း…သေချာအောင်လို့ရှင့်…"
ထို့နောက်…။
ထို့နောက်များမှာတော့ …။ ယခုအခါတွင် ထိုအမျိုးသမီးသည် အစိုးရမဟုတ်သည့်
လျို့ဝှက်အဖွဲ့အစည်းကြီးတစ်ခုတွင် တာဝန်ထမ်းဆောင်ရင်း အသွင်ယူလှုပ်ရှား နေကြောင်း
ကြားသိရပါသည်။ တလောကပင် သူအသွင်ယူ စုံစမ်းနေရင်း လျို့ဝှက်ဗီဒီယိုဖိုင်တစ်ခု
အွန်လိုင်းပေါ်တွင် ပျံ့နှံ့သွားသေးသည်။ ခရမ်းရောင်ပန်းကလေးဆိုသော ဗီဒီယိုဖိုင်သည်
လျို့ဝှက် လိုသူများကြားတွင် တိုးတိုးတိတ်တိတ်နှင့် နာမည်ကြီးသွားခဲ့သည် မဟုတ်လား။
ဘာပဲပြောပြော ဒါဟာလျို့ဝှက်ပါ။
(PS:
ဖတ်မှတ်ဖူးသည့် ရယ်စရာစာတစ်ပုဒ်ကို ဆင့်ပွားထားခြင်းသာ ဖြစ်ပါသည်။
ယခုစာထဲတွင်ပါသည့် ဝေဖြိုးဆိုသူမှာ ကျွန်တော် ဖြစ်နိုင်သော်လည်း
ဖြိုးမောင်ဆိုသူမှာ ခင်ဗျားမဟုတ်ပါ။ နာမည်ရှားပါး၍ တိုက်ဆိုင်သွားခြင်း ဖြစ်ပါသည်။
ကျွန်တော်ဖတ်ရသည့် မူရင်းဟာသစာသည် လွန်စွာရယ်ရပါသည်။ ယခုစာသည် မရယ်ရသော်
မူလဟာသဆရာအား အပြစ်တင်၍ ရယ်ရသည်ဆိုပါလျှင် ကျွန်တော့်အား စိတ်နှစ်လက်နှစ်
ချီးကျူးနိုင်ပါကြောင်း…။ မူလစာရေးသူအား ဖတ်မှတ်ဖူးသူများမှ
ကလောင်အမည်ပြောပြစေလိုပါကြောင်း…)
ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
https://web.facebook.com/authorshintnyolay
Comments
Post a Comment