ချစ်သောစံ
ချစ်သောစံ
ကျွန်တော် ကျောင်းတက်တုန်းက အကြောင်းအရာလေးတွေ
ပြောပြချင်ပါတယ်။ ဆယ်တန်း ပြီးတော့ ကြားထဲမှာ (၂)နှစ်လောက် နားနေရသေးတယ် မဟုတ်လား။ အားအားယားယားနဲ့
အချိန်တွေပိုနေတော့ မြန်မာဗွီဒီယိုခွေတွေ ငှားကြည့်တယ်။ အင်္ဂလိပ် အက်ရှင်တွေ ငှားကြည့်တယ်။
မှတ်မိသေးတယ် အဲဒီတုန်းက ဆယ့်ငါးကျပ်၊
နှစ်ဆယ်လောက်ရယ် ငှားခက။ မြန်မာကားတွေ ကြည့်တော့ တက္ကသိုလ်ကားတွေလည်း ပါတာပေါ့။ တက္ကသိုလ်ကားတွေကြည့်တော့
မင်းသား၊ မင်းသမီး လောင်စိန်လုပ်တာတွေ တွေ့ရော။ နောက် မင်းသားက မင်းသမီးပိုးတဲ့ ဗျူဟာတွေ
နံပါတ်စဉ်တပ်ပြီး သူငယ်ချင်းတွေနဲ့ ကြံကြပုံတွေ ကြည့်ရတော့ ကိုယ်တွေလည်း မကြာခင်တက္ကသိုလ်တက်ရတော့မှာဆိုတော့
ကြိတ်အားကျတာပေါ့။ ပြီး ကိုယ်တိုင်သာ မပေါရဲတာ၊ ရုပ်ရှင်ထဲက မင်းသားပေါသမျှ သိပ်အားရ၊
သိပ်အားကျပေါ့။ နောက်ပြီး ဆရာနီကိုရဲရဲ့ မကြည်ပြာကလည်း ရင်ထဲရောက်နေပြန်ရော။
ကျွန်တော် ကိုးတန်း၊ ဆယ်တန်းလောက်တုန်းကထင်တယ်
နှင်းဆီဝိုင်ကားကို ကျောင်းစာနဲ့မို့ မကြည့်ခဲ့ရတော့ ဆယ်တန်းဖြေပြီး ကျွန်တော်ကြွေတဲ့
သူငယ်ချင်းမလေးဆီက လချီငှားပြီး အကြိမ်ကြိမ် ကြည့်ဖြစ်ခဲ့တယ်။ လွင်မိုးရယ်၊ တင့်တင့်ထွန်းရယ်။
နောက်ပိုင်းထွက်တဲ့ တက္ကသိုလ်ကားတွေလည်း ဒီလို (Flow) ၊ ဒီလို (Theme) မျိုးတွေပါပဲ။
ဘာပဲပြောပြော ကိုယ်ပထမဆုံးရယ်ခဲ့၊ သဘောကျခဲ့တဲ့ကားမို့ ခုထိကြိုက်တုန်းပါ။ ကျွန်တော့်ဖေဖေပြောတဲ့
တစ်ခါတုန်းက တက္ကသိုလ်မှာဇာတ်ကားကိုလည်း ခပ်ငယ်ငယ်က ကြည့်ဖူးခဲ့ပေမယ့် မကြိုက်ဘူး၊ မရယ်ခဲ့ရဘူး။
ဆိုပါတော့ သရုပ်ဆောင် ညီဂျော်လား၊ ထူးသာလား မသိဘူး။ တက္ကသိုလ်အိမ်သာထဲမှာ ရှေ့ကြည့်ပါ၊ ဘေးကြည့်ပါ၊ နောက်ကြည့်ပါဆိုတဲ့ အိမ်သာထဲက
စာတွေဖတ်ပြီး ခွကျပုံအခန်းကြည့်ရတယ်။ ကလေးပေမယ့် မရယ်ရဘူး။
စာရေးဆရာမကြီးတစ်ဦးရဲ့ တက္ကသိုလ်စာထဲမှာ
မင်းသမီးအဖွဲ့လောင်စိန်လုပ်တဲ့အကြောင်း ဖတ်ရ တယ်။ အသက်အရွယ်၊ ဖြတ်သန်းခဲ့ရတဲ့ခေတ်၊
အခုအခံ အဲဒါတွေကြောင့် ထင်တယ် မရယ်ရဘူး။ တွတ်ပီဖတ်တယ်။ ရယ်ရတယ်။ နီကိုရဲဖတ်တယ်။ အကြည်တော်
ဖတ်တယ်။ နောက်ပြီး သော်တာဆွေ ဖတ်တယ်။ အကုန်ရယ်ရတယ်။ တက္ကသိုလ်ကားတွေကတော့ နှင်းဆီဝိုင်
ကြိုက်တယ်။ တကယ်သဘောကျတဲ့ ဇာတ်ကားတစ်ခုလည်း ရှိသေးတယ်။ ကိုးတန်းလောက်မှာ မြန်မာ့ရုပ်မြင်သံကြားက
လွှင့်တာ။ သျှားညိုရယ်၊ မြသဉ္ဇာလီ ရယ် ရိုက်ထားတာ။ ကျောင်းပြီးတဲ့နေ့မှာ သျှားညိုက မင်းသမီးကို
ပြောတဲ့အခန်း။ မင်းသမီးကလည်း သျှားညို ကြိုက်တာကို သိနေတော့ ချစ်စကားပြောမယ်ပဲ ထင်နေတာ။
ကျွန်တော်ကိုယ်တိုင်ကလည်း အဲလိုပြောမယ် ထင်ထားတာ။ (အဲဒီအချိန်တုန်းက မင်းသားမင်းသမီး
အဆင်ပြေပြီး ပန်းခြံထဲပတ်ပြေးမှ ကိုယ်တွေလည်း သဘောကျတာကိုး)။ ပြောလေလို့ လမ်းဖွင့်ပေးတော့
သျှားညိုက…
" မမြသဉ္ဇာ… ကျွန်တော်ဆေးလိပ် ဖြတ်လိုက်ပြီ…"
ဆိုတဲ့အခန်းပဲ။
မင်းသမီးနာမည် ထည့်ပြောသွားပေမယ့် မမြသဉ္ဇာတော့ မဟုတ်ဘူး။ မမှတ်မိတော့လို့။ နောက်ပြီး
ဇာတ်ကားနာမည်လည်း မမှတ်မိတော့လို့။ ခုနေ ရရင် ပြန်ကြည့်လိုက်ချင်သေး။ ကျွန်တော်က မပေါရဲပေမယ့်
အဲလိုကြောင်တောင်တောင် ကားလေးတွေကို သဘောကျတယ်။ ကိုယ်ကလည်း ခပ်ကြောင်ကြောင် မဟုတ်လား။
တက္ကသိုလ်တက်တော့ ဘာပြောကောင်းမလဲ။ ကိုယ့်ကြည့်ဖူးတဲ့ကားထဲက
တက္ကသိုလ်ဆိုတာကြီး ရောက်ပြီပေါ့။ အို ဘာပြောကောင်းမလဲ။ ဘာမှကို ပြောမကောင်းဘူး။ ကြားထဲ
ဖြတ်ပြောရရင် သူငယ်ချင်းကောင်မလေးက အဝေးသင်တက်ရအောင်ဆိုတော့ ကိုယ်တွေကလည်း တက်ပေါ့။
အမှတ်မကောင်းမှတော့ ဘာမှ မထူးဘူးလေ။ အဲဒါနဲ့ အဝေးသင်ရောက်ရော။ ရုပ်ရှင်တွေထဲကလိုလည်း
ပျော်စရာ မကောင်းဘူး။ ကိုယ့်အတွက်က ဘာမှ မထူးဆန်းဘူး။
ဆယ်တန်းအောင်စာရင်းထွက်ပြီး (၂)နှစ်ပိတ်ထားတုန်း
ကိုယ့်ထက်ကြီးတဲ့ အစ်ကိုကြီးတွေနဲ့ပေါင်းပြီး ကျောင်းနေ့တိုင်းတက်တယ်။ သင်တန်းတစ်ခုနဲ့ဆက်စပ်ပြီးခင်တဲ့
အစ်ကိုကြီးတွေဆိုတော့ မနက်ပိုင်း၊ ညနေပိုင်း ခွဲတက်ရပေမယ့် မနက်ကိုးနာရီလောက် ကျောင်းရောက်၊
အစ်ကိုကြီးတွေနဲ့ (Canteen) ထိုင်၊ ပရက်တီကယ်ချိန် သူတို့အခန်းထဲဝင်တော့ ခုံဝိုင်းလေးတွေမှာ
သူတို့ မိတ်ဆက်ပေးထားတဲ့ အစ်ကိုတွေနဲ့ ထိုင်။ ထမင်းစားချိန်ရောက်တော့ (Canteen) မှာ
စား။ တစ်ခါတစ်ရံ ထမင်းဗူးယူလာတဲ့ အစ်မကြီးတွေနဲ့ ဆိုင်မှာ ဝိုင်းထိုင်စား။
နေ့ခင်းဘက်ရောက်တော့ မနက်ခင်းသမားတွေက
အိမ်ပြန်ကြ။ ညနေခင်းတက်မယ့် တစ်ခြားနှစ်တွေ ရောက်လာ။ အဲဒီမှာလည်း ကိုယ်တွေသိတဲ့ အစ်ကိုတွေ
ရှိတာပဲ။ အိမ်ပြန်ရေမိုးချိုးတယ်။ တခြားလည်စရာ မရှိတော့ ကျောင်းသွားတယ်။ စစ်တုရင် ကစားတယ်။
အဲဒီတော့ ကိုယ်တွေက အချိန်ပြည့်နီးပါး ကျောင်းမှာ။ တက္ကသိုလ်က ဆရာမတချို့တောင် ခင်သွားရော။
စနေ၊ တနင်္ဂနွေကျတော့ အဝေးသင်ရောက်ရော။ စစချင်း မသိတော့ ငါတွေ့နေကျ ဘော်ဒါတွေ ဘယ်ရောက်ကုန်ပါလိမ့်ပေါ့။
နောက်ပြီး ကျောင်းကြီးက ပုံစံတစ်မျိုးပြောင်းသွားသလိုပဲ။ နောက်မှ ကိုယ့်ထက်တစ်နှစ်ကြီး၊
အတန်းကြီးတဲ့ အသိအစ်ကိုတစ်ယောက်နဲ့ တွေ့မှ ဒီနေ့အဝေးသင်နေ့ဆိုတာ သိသွားရော။ အဲဒီတော့
တစ်ပတ်မှ (၇)ရက် ကျောင်းသွားတယ်။ မုန့်စားတယ်။ စစ်တုရင်ကစားတယ်။ ညနေ သင်တန်းသွားတယ်။
ဘဝက အဲလို လေးနက်ခဲ့တာ။
ကိုယ်တွေကျောင်းတက်တော့ အိမ်မှာရှိတဲ့
စိမ်းရွှင်တို့၊ ခဲတို့ကို ဈေးကောင်းရလို့ ကိုယ့်သဘောနဲ့ကိုယ် ရောင်းပြီး ပန်းဘီးခရမ်းရောင်လေးစီးပြီး
ပထမတစ်လကျောင်းတက်ခဲ့သေးတာ။ ကိုယ်တွေက အဲလိုကြောင် တာ။ ဖေဖေက ခရီးသမားမို့ ဆိုင်ကယ်ရောင်းတာ
ခွင့်ပြုပေမယ့် ပြန်ဝယ်ခွင့်ကျ မပြုဘူးလေ။ နောက်ကျမှ ဆိုင်ကယ်လေးနဲ့ ပြန်တက်။ ဘာပဲပြောပြော
ရောက်ဖူးပြီးသားနေရာတစ်ခု ပြန်ရောက်တော့ မထူးဆန်း တော့ဘူး။ ရင်မခုန်တော့ဘူး။ ပြီး ကျောင်းတက်ရတဲ့ရက်က
စနေ၊ တနင်္ဂနွေ တစ်ပတ်ခြား။ တစ်လမှ လေးရက်လောက် တက်ရတာ။ ကိုယ်တွေက တစ်လမှာ ရက်သုံးဆယ်လောက်
မနက်ကနေ ညနေထိ တက္ကသိုလ်သွားခဲ့သူဆိုတော့ ဖီးလ် မရှိတော့ဘူးလို့ ဆိုရမှာပဲ။ ဘယ်ဆိုင်ရဲ့အရသာက
ဘာဆိုတာ အလွတ်တောင်ရလုပြီ။ ပိုဆိုးတာက ကိုယ်က ဇော်ကန့်လန့်လေ။ ရုပ်ရည်…နိုး၊ ပိုက်ဆံ…နိုး၊
အားကစား…နိုး၊ ငွေကြေး…နိုး။ အားလုံးဟာ နိုးနေတော့ မအိပ်တော့ဘူးပေါ့ဗျာ။
အရပ်ငါးပေလေး ရုပ်ရည် ရွက်ကြမ်းရေကျိုထက်
တစ်ဆင့်လျော့။ ဆိုင်ကယ် အကြီးကြီးတွေ၊ အမြင့်ကြီးတွေ ခေတ်စားနေချိန် စူပါကပ်လေး၊ တရုတ်ဘီးလေးစီးတဲ့
ငတိလေးတစ်ကောင်ပါ။ ပြောချင်တာက လူမသိ သူမသိ ကောင်လေးပါ။ အဲဒီ ခပ်ကြောင်ကြောင်ကောင်လေးက
ခပ်ကြောင်ကြောင် အတွေးတစ်ခု တွေးလိုက်တယ်။ ဒီရောက်တုန်း ရည်းစားလေးတော့ ထားဦးမှလို့။
အဲဒါနဲ့ ကျောင်းတံခါးဝနားက ခုံလေးမှာထိုင်ပြီး ကောင်မလေးတွေကို မရိုးမသာရှုတယ်။ အဲ ရှုပ်ကုန်လိမ့်မယ်
လှလားလို့ ကြည့်တယ်။ တစ်ယောက်မှ မလှဘူး။ အဲလေ တစ်ယောက်မှ မကြိုက်ဘူး။ သူတို့ကလည်း တစ်ယောက်မှ
ကျွန်တော့်ကို ရှိလေတဲ့ ငဖုတ် ပိတယ်တောင် မထင်။ အဲဗျာ ဖုတ်လေတဲ့ ငရှိ ပိတယ်တောင် မထင်။
ဟုတ်သေးဘူးဗျ။ ဟိုစာဗျာ။ ပိလေတဲ့ ငရှုပ် ဖိတယ်တောင် မထင်ဆိုတာလေ။ မဟုတ်သေးပေါင်ဗျာ။
ဒီလိုဗျာ။ ငပိဗျာ၊ ရှိတယ်ဗျာ၊ ဖုတ်တယ်ဗျာ၊ အဲဒါကို မသိဘူးဗျာ။ အဲဒီစာလေးလိုလေ။ ကျွန်တော်လည်း
ဆရာအကြည်တော် စာတွေ အဖတ်များသွားလို့ လိုရင်းရောက်အောင် မပြောတတ်တော့ဘူးဗျာ။
ပြောချင်တာက သူတို့က သူတို့အတွဲနဲ့ သူတို့ မဟုတ်လား။
အသိကောင်မလေးတချို့ကျ ပိုက်ဆံချေးမှာစိုးလို့ထင်တယ် မတော်တဆမြင်တာတောင် မျက်နှာလွှဲသွားတယ်။
တချို့ကတော့ အပြေးအလွှား ဝမ်းသာအားရနှုတ်ဆက်တယ်။ ပြီးမှ အချဉ်ပေါင်းတို့၊ ရေသန့်ဗူးတို့၊
ကျူတိုရီရယ်စာအုပ်တို့ သွားဝယ်ခိုင်းတယ်။ တကယ်က ကျွန်တော် မာနကြီးတာ သူတို့ မသိကြလို့။
ဘာရမလဲ ခိုင်းတာနဲ့ လုပ်ပေးလိုက်တာပဲ ချက်ခြင်းကို။ တစ်ခါတစ်လေ တိတ်ကပ် ခါးပြတ်ပိုက်ဆံကြီးကို
ပေးလိုက်လည်း ကိုယ်က စိုက်ဝယ်၊ စိုက်အမ်းပေးလိုက်တယ်။ ဈေးသည်က လက်မခံလို့။ ကျွန်တော်က
ဒီလိုလူစား။ ဟမ်း။
စကားပြတ်သွားလို့။ ဆက်ပြောမယ်နော်။
ကျွန်တော် ကောင်မလေးတွေ ကြည့်တယ်။ တစ်ယောက်မှ မကြိုက်ဘူး။ အဲဒီကျမှ စတိတ်က ဆရာမတွေ
နှပ်ချလိုက်တာ သိတော့တယ်။ မင်းတို့ ခုတွေ့နေတဲ့ ကောင်မလေးတွေ မကြိုက်နဲ့။ ဟိုးမှာ ပန်းဥယျာဉ်ကြီး
ရှိတယ်။ ကြိုက်တာရွေးလို့ရတယ်တဲ့။ တကယ်က ပန်းဥယျာဉ်ကြီးထဲမှာက ရွေးကျန်တွေချည့်ပဲ။
နဖူးမှာ အမာရွတ်လေးနဲ့ ကျွန်တော်က ကြိုက်တဲ့၊ ကျွန်တော့်ကို ကြိုက်တဲ့ သူငယ်ချင်းမလေးလောက်တောင်
ချစ်စရာ မကောင်းဘူး။ အဲဒီသူငယ်ချင်းမလေးပေးမယ့် ရည်းစာစာကို ပြပါဆိုပြီး ပြန်မပေးတော့တဲ့
သူငယ်ချင်းကောင်မလေးလောက်လည်း မလှဘူး။ နောက်ပြီး ကျွန်တော် သဘောကျတဲ့ ပုံစံက ကာတွန်းဝိဇ္ဇာထဲက
ကောင်မလေးတွေပုံမျိုးလေးလေ။ ဖတ်ဖူးကြလား။ လူပျိုတို့၏ မှတ်စုများထဲမှာလည်း သူ့ပုံပါတယ်။
(ရင်မြန်းသစ် ဆိုလား၊ ဘာလား၊ ရုပ်ပြမင်းသမီးလေးလေ)။ အဲလိုကောင်မလေးမျိုး၊ အဲလိုပုံစံလေးမျိုး
ကျွန်တော် မတွေ့ဘူး။ အိုး ဘာအရေးလဲ၊ ဒီနှစ် မစွံ နောက်နှစ်ပေါ့လို့ အားသွင်းထားလိုက်တယ်။
နောက်နှစ်ကျ အားလုံးဟာ အခြေတကျဗျ။ ကျွန်တော်လည်း အခြေတကျပဲ။ ရည်းစားလည်း တစ်ယောက်မှ
မရဘူး။ ဘယ်ရမလဲ နောက်ဆုံးနှစ် ကျန်သေးတယ်လေ။ နှုတ်ခမ်းပဲ့ချင်း မီးမှုတ်လို့ရတယ်၊ နောက်ပြီး
မျက်ခမ်းစပ်ခြင်းလည်း မျက်စပစ်လို့ ရတယ်မဟုတ်လား။ ဟားဟား လုံးဝလွဲတာပဲ။ ဘယ်နှုတ်ခမ်းပဲ့၊
ဘယ်မျက်ခမ်းစပ်မှ ကျွန်တော့်အတွက် မကျန်တော့ဘူး။ ကျန်ခဲ့ရင်တောင် ကျွန်တော်လိုလူမျိုး
အဖက်မလုပ်ဘူး။ တချို့က ကျူဝင်ဖို့ လုပ်နေကြတယ်။ ကျွန်တော့်မှာတော့ ကျူလည်း မဝင်ဘူး၊
လူလည်း မဝင်ဘူး။
မေမေ့ကိုပဲ ကျေးဇူးတင်ရမယ်။ ခြေမ လက်မ
စုံအောင်မွေးပေးလို့ " မ "ဆိုတဲ့ စကားလုံး ကျွန်တော့်မှာ ရှိနေတာကိုပါ။ နောက်ဆုံးနှစ်မို့
ဖရက်ရှာလေးတွေထဲ ပစ်ဖို့ကြံသေးတယ်ဗျ။ လူပျိုကိုယ်လွတ်မို့ မည်းမည်းမြင် ရာ ပစ်မှတ်မဟုတ်လား။
အဲ သူတို့ကလည်း အားလုံးနီးပါး ကိုယ်ပိုင်လေးတွေနဲ့ချည်းပဲ။ ပိုင်ရှင်မရှိသေးသူတွေ ကျတော့လည်း
ကိုယ်လို လူဘွန်ဇိုင်းကို ဘယ်စိတ်ဝင်စားပါ့မလဲ။ ကလေးအရပ်နဲ့ သက်ကျားအိုမျက်နှာနဲ့ ဆိုတော့လေ။
နောက်ဆုံးတော့ ကိုယ်လည်း စိတ်နာသွားပြီး (Single is the best) လို့ ကြွေးကြော်ပစ်လိုက်
တယ်။
တက္ကသိုလ်တက်တဲ့(၃)နှစ်လုံးလုံး ရည်းစားရှိတယ်
ပုံဖမ်းရအောင် ကိုယ့်ဆိုင်ကယ်နောက် ဘယ် ကောင်မလေး သူငယ်ချင်းမှ မထိုင်ခဲ့ကြဘူး။ လမ်းမှာတွေ့လို့
လိုက်ခဲ့ပါလားခေါ်ရင်တောင် ရပါတယ်ဆိုပြီး အရက်ဆိုင်ထဲ အပြေးဝင်သွားကြတဲ့ သူငယ်ချင်းမတွေတောင်
ရှိတယ်။ တစ်ခါဆိုလည်း တစ်မေဂျာထဲက သူငယ်ချင်းမလေး ဆိုင်ကယ်ပျက်တယ်။ ဝပ်ရှော့တွေလည်း
ပိတ်ကုန်ကြပြီ။ အဲဒီမှာ ဆိုင်ကယ်ကြည့်ပေး နေတုန်း အမူးသမားတစ်ယောက် ရောက်လာတယ်။
" ဘာဖြစ်တာလည်း ညလေး၊ ဂိုကြီး
ဘာလုပ်ပေးရမလဲ "
ဆိုတော့
ဆိုင်ကယ်ပျက်သွားလို့ အဆောင်လိုက်ပို့ပေးပါတဲ့။ ကျွန်တော်က သူ့ဆိုင်ကယ်တွန်းပြီး အဆောင်လိုက်ခဲ့ရတယ်။
သူကတော့ ရှေ့ကနေ အမူးသမားနဲ့ ကော့ကော့ကော့ကော့နဲ့ လျှောက်လို့။ နောက်တော့ သမီးရည်းစားတွေ
ဖြစ်သွားရော။ ကျွန်တော့်မှာ အချိန်ပြည့်မူးနေတဲ့ အမူးသမားလောက်တောင် ကံမကောင်းဘူး။
နောက်ပြီး အမူးသမားလောက်တောင် အယုံကြည် မခံရဘူး။
စာမေးပွဲနောက်ဆုံးနေ့ပြီးတော့ သူငယ်ချင်းတွေစုပြီး
ဘုရားသွားတယ်။ အားလုံးအတွဲကိုယ်စီနဲ့ပေါ့။ အတွဲမဟုတ်သူတွေ အတွဲဖြစ်သွားကြတယ်။ ကျွန်တော့်ဆိုင်ကယ်နောက်ကိုလည်း
သူငယ်ချင်းကောင်မလေး တစ်ယောက် ထိုင်တယ်။ သူ့ပုံက ဝိုင်ထည့်တဲ့ စည်အကြီးစားပေါ် သပိတ်မှောက်ထားပုံမျိုး။
ကျွန်တော် အံကြိတ်ပြီး မောင်းတယ်။ ဘုရားရောက်တော့ ဆိုင်ကယ်ပေါ်က တော်တော်နှင့် မဆင်းနိုင်ဘူး။
လက်တွေက အကြောအခြင်ကပ်ပြီး ဆိုင်ကယ်လက်ကိုင်က ခွာမရဖြစ်နေလို့။ အဲဒီနောက်တော့ ဘုရားမှာ
အလိုချင်ဆုံးဆုတောင်း၊ အဓိဌာန်ပြီး အားလုံးထက်အရင် ပြန်လာခဲ့လိုက်တော့တယ်။ ကျွန်တော်
အဓိဌာန်တောင်းခဲ့တဲ့ဆုကို ခင်ဗျားသိချင်ရင်တော့ ပြောပြလို့ ရပါတယ်။
" နောင် နှစ်သုံးဆယ်နေ၍မှ ရည်းစားမရခဲ့ပါလျှင်
ဘုန်းကြီးအပြီးဝတ်ပါတော့မည်ဘုရား"
အဲလိုဆုတောင်း အဓိဌာန်ပစ်လိုက်တာ။ သာသနာအရေးကြောင့်
ထင်ပါ့။ တန်ခိုးရှင်အပေါင်းက ကြည့်ရှုစောင့်ရှောက်လိုက်တာ၊ ဆုတောင်းပြည့်တယ် အဓိဌာန်အောင်တယ်လို့ပဲ
ပြောရမှာပေါ့။ တစ်နည်းအား ဖြင့် သာသနာဘောင် မဟုတ်မဟပ်လူ ရောက်လာမည်စိုးလို့ ဖြည့်ဆည်းပေးလိုက်တာလည်း
ဖြစ်နိုင်ပါတယ်။ ဆုတောင်းအဓိဌာန်ပြီး တစ်ရက်အကြာ ကောင်မလေးတစ်ယောက်ကိုတွေ့တယ်။
တစ်ပတ်အကြာ
ကျွန်တော် လိုက်ပြောတယ်။
တစ်လအကြာမှာတော့
ရည်းစားအဖြစ်ကို ရောက်ရော။
တစ်နှစ်အကြာမှာတော့
…" အခါတော်ပေးတာက နတ်ရေးငယ် ရွှေစာ " ဆိုသော သီချင်းကို ဖွင့်နိုင်တော့တာပေါ့ဗျာ။
ဒါ့ကြောင့် ခုအချိန်ထိတိုင် ဘုန်းကြီး မဝတ်ဖြစ်တော့တာ။
ကျွန်တော်နဲ့ ဖူးစာဖက်ခဲ့တဲ့ ကောင်မလေး
နာမည်ကို မိတ်ဆက်ပေးချင်ပါသေးတယ်။ ကျွန်တော် ချစ်စနိုးနဲ့ခေါ်တဲ့အမည်ကို အရင်ပြောမယ်နော်။
ကျွန်တော်ခေါ်တဲ့ အမည်ကို အိမ်အလည်လာတုန်း ကြားသွားကြတဲ့ မဆုံဖြစ်ကြတဲ့ ကျောင်းတုန်းက
သူငယ်ချင်းတစ်စုက မေးကြတယ်။
" မင်းက မင်းတပည့်မ ကို ယူထားတာလား
…"
အမှန်က ကျွန်တော်ခေါ်လိုက်တဲ့ အမည်ကို
နားစွန်နားဖျားကြားပြီး မေးကြတာရယ်။ သူတို့ကြား ကြတာက တပည့်မလေး ။ ကျွန်တော်ခေါ်တာက
" သပဲ့မလေး " ။ သူမ ငယ်စဉ်တုန်းက ရေတုံကင် နှိပ်တာ တုန်ကင် မောင်းပြန်ပြီး
ရှေ့သွားလေးပဲ့သွားခဲ့တယ်လေ။ အဲဒီအကြောင်းကို သူမစိတ်ကြည်နေတုန်း ချော့မေးထားလို့ သိခဲ့ရတာဗျ။
အနွတ္တသညာပေါ့ဗျာ။
ခုနေခါတော့ သူမနဲ့ ကျွန်တော်ရဲ့ တွဲလက်တွေ
ခိုင်မြဲခဲ့ကြတာ ဆယ့်သုံးနှစ်တိုင်ခဲ့ပြီ။ သားနှစ်ယောက် ပွားစီးခဲ့ပြီ။ သူမသာ မကယ်တင်ခဲ့ဘူးဆိုလျှင်
တစ်ချိန် ခင်ဗျားရဲ့ အိမ်ပေါက်ဝမှာ ဆွမ်းခံရပ်နေတဲ့ ဦးဇင်းကြီးက ကျွန်တော် ဖြစ်နေနိုင်တယ်
မဟုတ်လား။ ဒါ့ကြောင့် ဒီစာကို ဆင်စွယ်ရတုအဖြစ် အမှတ်တရ ရေးခြစ်ရခြင် ဖြစ်ပါတယ်။ (ပြောရင်းနဲ့
မျက်စိလည်သွားလို့၊ ဆင်စွယ်ရတုက ဆယ့်လေးနှစ်မြောက်ဗျ။ ကျွန်တော်တို့ မင်္ဂလာဆောင်တာက
၂၉.၁၀.၂၀၁၄ ဆိုတော့ ဆယ့်သုံးနှစ်လား၊ ဆယ့်လေးနှစ်မြောက်လား၊ သိရင်ပြောကြပါဗျ…)။
ကျွန်တော်က
ငွေများစွာ ရှာဖွေနိုင်သူ မဟုတ်ပါ။
သို့သော်
ကျွန်တော် ရှာရသမျှသော ဥစ္စာပစ္စည်း အားလုံးကို ပိုင်သူမှာ သူမသာလျှင်။
ကျွန်တော်က
အပြင်သွားရမည်ကို လုံးဝ မနှစ်သက်သူတစ်ယောက်။
သို့သော်
ခရီးသွားပြီဆိုလျှင်တော့ သူမ အနားမှာပါမှ ကျေနပ်နှစ်သက်နိုင်သူသာ။
ကျွန်တော် ဆိုးခဲ့တာတွေ ရှိမည်၊ ရိုးခဲ့တာတွေ
ရှိမည်။ လျှော်ခဲ့တာတွေ ရှိမည်၊ ကျော်ခဲ့တာတွေ ရှိမည်။ ကျွန်တော်၏ အားနည်းချက်၊ ချို့ယွင်းချက်၊
ညံ့ကွက်တွေကို ဖြည့်ဆည်း နားလည်ပေးနိုင်သူမှာ သူမတစ်ယောက်သာ ဖြစ်သည်။ သူမတစ်ယောက်သာ
ရှိသည်။ ကျွန်တော့် စိတ်ထဲစွဲမြဲယုံထားတာက အဲဒီအတိုင်းပဲဗျ။
သူမရဲ့ အမည်ကို ပြောပြလည်း အချိန်တစ်ခုမှာ
ခင်ဗျားတို့ မေ့သွားမှာမို့ မပြောပြတော့ပါဘူးနော်။ ကျွန်တော့် နှလုံးအိမ်မှာ စွဲထင်နေတာကတော့
သူမသည် သွားပဲ့မလေး(သပဲ့မလေး) တစ်ယောက်။ သို့မဟုတ် ကျွန်တော်ရဲ့
"ချစ်သော
စံ"
ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
https://www.facebook.com/authorshintnyolay
(၂၁.၁၀.၂၀၁၇ ညနေ ၄း၃၄ မိနစ်)
Comments
Post a Comment