ရိုးသားသူများ



ရိုးသားသူများ

            မျက်လုံး ဆိုတာ စိတ်ရဲ့ပြူတင်းပေါက်လို့ သူငယ်ချင်းတစ်ချို့ပြောတာကို ကြားမိသည့်နောက်ပိုင်း မျက်လုံးဆိုသောအရာတွေကို ဂရုတစိုက်စောင့်ကြည့်ဖြစ်ခဲ့သည်။ အစပိုင်းတွင် တမင်တကာ စောင့်ကြည့်ရ သော်လည်း သိပ်မကြာသောကာလတွင် လူတစ်ယောက်ကို မြင်လိုက်သည်နှင့် ပထမဦးဆုံး သတိထားမိ သောအရာမှာ မျက်လုံးများ ဖြစ်လာလေသည်။

(ကျွန်တော်နှင့် မျက်ဝန်းတို့၏ဘာသာစကားမှ/)

နောက်ပြီး ကျွန်တော်သဘောကျတဲ့ မျက်လုံးလေးတွေ ရှိသေးတယ်ဗျ။ မိန်းကလေးတစ်ယောက် အစားအသောက် စားခါနီး မျက်လုံးလေးတွေ။ အစားအသောက်နဲ့ ဆယ်ဖီဆွဲနေတဲ့၊ ဓာတ်ပုံအရိုက်ခံနေတဲ့ သူတို့မျက်လုံးလေးတွေ သိပ်ချစ်စရာကောင်းတာပဲ။ လူအမျိုးမျိုး၊ ပုံစံအမျိုးမျိုးပါပဲ။ အဲဒီအချိန်မှာ လှချင်တာထက် အစားအစာကို တပ်မက်တဲ့ အရိပ်တွေက မျက်လုံးမှာပေါ်နေတယ်။ ရိုးသားပြီး ချစ်စရာကောင်းတဲ့ မျက်လုံးလေးပေါ့။ အဲဒီအချိန်မှာ လှချင်လို့ ပြုံးတာထက် သူတို့မျက်လုံးထဲက အရိပ်က ပိုလေးနက်တယ်။ တချို့ ဆိုင်ကြီးဆိုင်ကောင်းမှာမို့၊ တချို့ ဆိုင်သစ်မှာ၊ နေရာသစ်မှာမို့။ ဘာပဲဖြစ်ဖြစ် ကြွားချင်တာထက် ပျော်ရိပ်သန်းနေတဲ့ မျက်ဝန်းလေးတွေက ချစ်စရာကောင်းတယ်။ ကျွန်တော် အဲဒီမျက်ဝန်းလေးတွေကို နှစ်သက်တယ်။
နောက်ထပ် သဘောကျတဲ့ အကြည့်တွေ ရှိသေးတယ်။ ယောက်ျားတစ်ယောက် စားသောက်ဆိုင်မှာ ဘီယာခွက်ကိုင်ထားတဲ့ စတိုင်နဲ့ မျက်လုံးတွေ၊ အကြည့်တွေ။ ပိုလေးနက်တာက အရက်ခွက်ကို ရှေ့ချထားပြီး ကြည့်တဲ့အကြည့်တွေ။ သိပ်လေးနက်တယ်။ ဘီယာခွက်ကိုင်မြှောက်ထားပြီး ဓာတ်ပုံအရိုက်ခံတဲ့ ယောက်ျားတစ်ယောက်ရဲ့မျက်လုံးဟာ ခပ်တည်တည်ဖြစ်နေရင်တောင် အတွင်းစိတ်ခံစားချက်က တစ်စွန်းတစ်စ တိုးထွက်နေတယ်။ ကျေနပ်မှုပေါ့။ အများအားဖြင့် ဘီယာခွက်ကိုင်ထားချိန်မှာ ဟန်မဆောင်ထားတာ သေချာတယ်။ ပြုံးရယ်နေလိမ့်မယ်။ အဲဒီအချိန်မှာ သူ့ရဲ့ရိုးသားမှုကို ဖြတ်ခနဲ တွေ့နိုင်တယ်။ ရိုးသားမှုကို သဘောကျတာမဟုတ်ဘူး။ ဟန်ဆောင်မှုလျော့ပါးသွားတဲ့၊ ရိုးသားတဲ့လူတစ်ယောက်ရဲ့ မျက်လုံးကို သဘောကျတာ။
မနှစ်သက်တဲ့ မျက်လုံးတွေလည်း ရှိတယ်။ တချို့ကိုပြောရရင် ဘီယာ၊ အရက်၊ ထန်းရေ သောက်နေတဲ့ မိန်းကလေးတွေရဲ့ မျက်လုံးပဲ။ သူခိုးတစ်ယောက်ရဲ့ မျက်လုံးမျိုးထင်တယ်။ ကိုယ်မလုပ်ရမှန်းသိပေမယ့်၊ တချို့ ဂုဏ်ယူချင်ယောင်ဆောင်ပြီး သောက်ပြ၊ ဓာတ်ပုံရိုက်ခံနေပေမယ့် သိမ်ငယ်နေတဲ့ဟန်ကို မျက်လုံးထဲမှာ တွေ့နေရတယ်။
နောက်ထပ် ခုထိ မနှစ်သက်တတ်သေးတဲ့ မျက်ဝန်းတွေရှိသေးတယ်။ ဒါက ကျွန်တော့် စိတ်ခံစားချက်သက်သက်ပါ။ ယောက်ျားလေးတစ်ယောက် အစားအသောက်နဲ့ပတ်သက်ပြီး တင်တဲ့ပိုစ့်တွေပါ။ သူတကယ့်ကို အစားအသောက်နှစ်သက်တာ သိပါတယ်။ စိတ်ခံစားချက်ကြောင့် ထင်ပါတယ်။ သူတင်တိုင်း ကျွန်တော်ရင်ပြည့်ရင်ကယ် ခံစားရတယ်။
နောက်ဆုံးအဆစ်အနေနဲ့ ပြောရရင် ကျွန်တော်သိတဲ့ အပျိုကြီးတစ်ယောက်ရဲ့ ဓာတ်ပုံထဲက သူမျက်လုံးပေါ့။ တချို့အပျိုကြီးတွေ ဓာတ်ပုံမကြာခဏတင်ကြပေမယ့် ပေါ့ပေါ့ပါးပါးပါပဲ။ သူမပုံမှာတော့ ရှက်ကိုးရှက်ကန်း ခံစားချက်ကို မျက်လုံးထဲမှာ မြင်မိလိုက်တယ် ထင်တာပဲ။ သူမက (Hotel Life) ထဲက အပျိုကြီးတစ်ယောက်ပါ။
ကဲပါလေ ဘာပဲပြောပြော ကျွန်တော်ကတော့ မျက်ဝန်းလေးတွေကို ချစ်ပါတယ်။ ကျွန်တော် ဘဝမှာ မှတ်မှတ်ထင်ထင် ရှိခဲ့တာက မျက်ဝန်းလေးတွေဆိုတာကို သတိမထားမိပေမယ့် ခုပြန်စဉ်းစားတော့ သိလာတယ်။ အဲဒါကြောင့်လည်း ကျွန်တော်နှင့် မျက်ဝန်းတို့၏ ဘာသာစကားဆိုတဲ့ အက်ဆေးလေးကို ရေးဖြစ်ခဲ့တာပါ။ (၂၀၁၅) လောက်က ထင်ပါတယ်။ ဘာပဲပြောပြော အက်ဆေးစုစည်းမှုကြရင် အဲဒီစာစုလေးကို ခင်ဗျား ဖတ်ခွင့်ရမှာသေချာတယ်...။


ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
https://shintnyolay.blogspot.com
(၂၇.၁၀.၂၀၁၇ နံနက် ၈း၄၈ မိနစ်)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း