ဝန်ကြီးပဒေသရာဇာ


 
ဝန်ကြီးပဒေသရာဇာ

ဝန်ကြီးပဒေသရာဇာသည် ခေတ်သစ် ထူထောင်သူတစ်ဦး ဖြစ်သည်။ ဟု ဆရာဦးသိန်းဟန် (ဇော်ဂျီ)က ၁၉၃၆-ခုနှစ်၊ ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းတွင် -

“ ခေတ်ကို ဩဇာပေးရန် ခက်၏။ ဩဇာကိုက်ပြီးသော လက်ရှိခေတ်ကို ဩဇာသစ်ထပ်ပေးရန်ကား သာ၍ ခက်သည်။ မြန်မာဂန္ထဝင်တွင် သက္ကရာဇ် ၁၀၀၀နှင့် ၁၁၀၀ ကျော်ခေတ်က ဝန်ကြီးပဒေသရာဇာနှင့် စိန္တကျော်သူဦးဩ တို့သည် ထိုသာ၍ခက်သော လုပ်ငန်းကို ထမ်းရွက်ခဲ့ကြသည်။ ဤစာဆိုနှစ်ဦးသည် အမြင်သစ်ကို မြင်၍ စာသစ်ကို ရေးကြသည်။ သူတို့မြင်သော အမြင်သစ်နှင့် သူတို့ရေးသော စာသစ်တို့ကလည်း နောက်ထပ်ရေးကြသော အချို့စာတို့ကို ဩဇာပေးနိုင်ကြလေသည်။ ”

စသည်ဖြင့် ချီးမွမ်းကာ ဝန်ကြီးပဒေသရာဇာကို ခေတ်သစ်ထူထောင်သူ အဖြစ် တင်ပြလေသည်။

နွေဦးကာလ၊ မြူထသောအခါ-ချီ ထန်းတတ်သမားဖွဲ့ တျာချင်းရေးသူ ဝန်ကြီးပဒေသရာဇာမှာ ၁၀၃၄-ခုနှစ်တွင် နန်းတက်တော်မူသော အင်းဝဘုရင် အင်္ဂါမင်း လက်ထက် ရတနာပူရ အင်းဝမြို့၌ ဖွားမြင်၍ ၁၀၆၀-ပြည့်နှစ် နန်းတတ်သော စနေမင်း လက်ထက်တွင် စုရေးစုကိုင် အဖြစ်ဖြင့်လည်း၎င်း အိမ်ရှေ့အချီတော်သား အဖြစ်ဖြင့်လည်း၎င်း ၁၀၇၆-ခုနှစ် နန်းတတ်သော မှန်နန်းဆင်ဖြူရှင် (ခေါ်)တနင်္ဂနွေမင်းလက်ထက်တွင် ဂေါပကမှူးရာထူးဖြင့်လည်း၎င်း ၁၀၉၅-ခုနှစ် နန်းတတ်သော ဟံသာဝတီရောက် မင်းတရားကြီးလက်ထက်တွင် အိမ်ရှေ့မင်း၏ အချီတော် အဖြစ်ဖြင့်လည်း၎င်း၊ ဘယကျော်သူဘွဲ့၊ မင်းရဲ မင်းလှကျော်ထင်ဘွဲ့ပေး၍ အသည်ဝန်ကြီးရာထူးဖြင့် ချီးမြှင့်ခံရသည့်အပြင် ဇလွန်မြို့ကိုလည်းစားရသည်။ ထို့နောက် နတ်ရှင်နောင်ဘွဲ့၊ ပဒေသရာဇာဘွဲ့၊ မြို့တွင်းရှင်ဘုရင်ဘွဲ့တို့ဖြင့် ချီးမြှင့်ခံရပြန်သောကြောင့် စာဆိုရှင်ကြီးကို ပဒေသရာဇာ-ဟု အများခေါ်ဝေါ်သမုတ်ခြင်း ဖြစ်သတည်း။

ညောင်ရမ်းခေတ် စာဆိုကျော်ဝန်ကြီး ပဒေသရာဇာသည် ၁ဝ၃၄ ခုနှစ်တွင် နန်းတက်သော အင်းဝဘုရင် အင်္ဂါမင်း လက်ထက် ရတနာပူရအင်းဝနေပြည်တော်၌ ဖွားသည်ဟု ညောင်ပင်သာ ဦးပုညက ဆိုသည်။ ရာဇဝင်ကျမ်းပြု ဆရာကြီး ဦးကုလားနှင့် တစ်ခေတ်တည်း ကျော်စောသူ ဖြစ်သည်။ ကျေးကျွန်တို့ လွန်စွာရနိုင်ခဲလှသော ရာဇတပ်ဘွဲ့ကို ချီးမြှင့် ခြင်းခံရသူ စာဆိုကျော်ကြီးဖြစ်သည်။ ဝန်ကြီးပဒေသရာဇာသည် ညောင်ရမ်းမင်း (၁၀)ဆက်တို့အနက် ရှစ်ဆက်မြောက်ဖြစ်သော သက္ကရာဇ် ၁ဝ၆ဝ ပြည့်နှစ်တွင် နန်းတက်တော်မူသည့် စနေမင်းလက်ထက်တွင် စုရေး စုကိုင်အဖြစ် ထမ်းရွက်ယင်း ကဗျာသီချင်းများကို ရေးသား ဆက်သွင်းရာ လက်ယာရွှေတောင်ဘွဲ့နှင့် မန်ကျည်းတုံရွာကို စားရသည်။ ၁ဝ၉၅-ခုနှစ်တွင် နန်းတက်တော်မူသော ဟံသာဝတီရောက် မင်းတရားကြီးလက်ထက် ဆက်လက်အမှုထမ်းပြန်ရာ ပညာအရည်အချင်းနှင့် ပြည့်စုံသောကြောင့် မင်းရဲမင်းလှ ကျော်ထင်ဘွဲ့နှင့် အသည်ဝန်၊ အတွင်းဝန်၊ လွှတ်တော် ဝန်ကြီး စသည်ဖြင့် အသီးသီးခန့်ထားခြင်း ခံရရုံမက ဇရွံ့ရွာကိုလည်း စားရန် သနားတော် မူခြင်းခံရသည်။ ဟံသာဝတီရောက် မင်းတရားကြီး ကိုယ်တော်တိုင်က စာဆိုဖြစ်သည့်အလျောက် ဝန်ကြီး၏ အစီအကုံး အနှုန်းအဖွဲ့တို့ကို အလွန် နှစ်သက်တော်မူလှသဖြင့် ရတုကဗျာ အရေးအသား၌ တံခွန်စိုက်ဖြစ်ခဲ့သူ တောင်ငူဘုရင်၏ ဘွဲ့နာမံတော်အတိုင်း နတ်သျှင်နောင်ဟူသော ဘွဲ့ကို ချီးမြှင့်တော်မူသည်။ နောက်တစ်ဖန် ဘုရင်ငယ်တဆူဟု အဓိပ္ပာယ်ထွက်သော ပဒေသရာဇာဘွဲ့ကိုပေး၍ ဝန်ကတော် ၂ ဦးအားလည်း ဒေဝီဘွဲ့ဖြင့် ချီးမြှင့်၍ မိဖုရားငယ်တို့၏ အဆောင်အယောင် ခွင့်ပြုတော်မူသည်အထိ မြှောက်စား ခံရသည်။ ယင်းပဒေသရာဇာ ဟူသော ဘွဲ့ဖြင့်ပင် မြန်မာစာပေလောက၌ ကျော်ကြားရာ ငယ်မည်ကိုပင် မသိကြတော့ချေ။

၁၁၁၃ ခုနှစ်တွင် အင်းဝဘုရင် ညောင်ရမ်း (၁၀)ဆက်မြောက် ဟံသာဝတီရောက် မင်းတရားကြီးအား မွန်တို့ ခေါ်ဆောင်သွားသောအခါ ဝန်ကြီးပဒေသရာဇာသည် ဇနီးသားသမီး ဆွေမျိုးတို့နှင့်အတူ အပါးတော်မှ အမြဲပါရသည်။ မင်းနှင့်တကွ ဝန်ကြီးအား သံလျင်မြို့သို့ ခေါ်ဆောင်လာရာ ဝန်ကြီးသည် ရှင်ပင်ကျိုက်ခေါက်ဘုရား အနီးရောက်စဉ် မောပန်းသော လူကြီးရောဂါဖြင့် အသက် ၈ဝ တွင် ကွယ်လွန် သည်။ ကျိုက်ခေါက်ဘုရားတည်ရာ တောင်ကုန်း၏ မြောက်မျက်နှာတွင် ဝန်ကြီး၏အရိုးဂူကို ယခုတိုင် တွေ့မြင်နိုင်လေသည်။
ဝန်ကြီးပဒေသရာဇာသည်
သူဇာပျို့၊ ငဆန်ပြန်ပျို့၊ မဏိကတ်ပျို့၊ ကျေးဇူးတော်ပျို့၊ ကုမ္မာဘယပျို့၊ တောထွက်ခန်းပျို့၊ ယိုးဒယားသံရောက်ပျို့၊ မနော်ပျို့သစ်၊ ဒန္ဒာသီရိပျို့၊ နုအူပျို့၊ ကြာနတ်ကေသာပျို့၊ မဟာပတိပျို့၊ နမောလင်္ကာပျို့၊ သမုဒ္ဓဃောသပျို့ စသောပျို့ကြီးများကို ပြုစုခဲ့ရာ ယင်းတို့ အနက် ၁၁ဝ၃ ခုနှစ်တွင် ရေးပြီးသော သူဇာပျို့သည်အကောင်းဆုံး ဖြစ်သည်။ ဤပျို့သည် စာအနုအယဉ်တွင် ပထမတန်းစားဖြစ်သဖြင့် ရှေးပညာရှင်များကပင် သူဇာကိုလည်း မပစ်နှင့်၊ စာနုကိုလည်း မချစ်နှင့်ဟူ၍ ဆိုစမှတ်ပြုကြသည်။ ဖွဲ့နွဲ့ထားပုံသည် လူတို့၏စိတ်ကို စွဲငြိစေသည်။ ဘုရားဟော ကျမ်းဂန်ကိုသာမှီး၍ အများအားဖြင့် ရေးသားသောခေတ်တွင် ပဒေသရာဇာသည် ယင်းသို့သော ထိုးဇာတ်များကို ထွင်၍ ရေးသားလေသည်။ ဤပျို့တွင် အခြားပျို့ထက် ထင်ရှား ထူးခြားသော အချက်နှစ်ချက်ရှိသည်။ ပျို့တခုလုံးကို တဦးနှင့် တဦး အပြန်အလှန် တိုက်ရိုက်ပြောဆိုဟန် ဖွဲ့ဆိုထားသဖြင့် ပြဇာတ်သဘောပါသည့် ပျို့ဖြစ်ခြင်းနှင့် ပျို့ထဲတွင် ဧချင်း အဖွဲ့များ ထည့်၍ စပ်ထားခြင်းတို့ ဖြစ်လေသည်။ ဝန်ကြီးပဒေသရာဇာသည် သူဇာပျို့၊ ငဆန်ပျို့စသည့် စာမျိုးကို ဖွဲ့ခြင်းကိုထောက်၍ ယဉ်ကျေးမှုအရာ၌ ဗုဒ္ဓစာပေကို အထွတ်အမြတ်ထားကာ လိုက်နာလေ့လာကြောင်း ထင်ရှားသလောက် စကုမင်းဧချင်း၊ မဏိကက် ဇာတ်ချင်းစသော စာမျိုးကို ဖွဲ့သည်ကို ထောက်၍ နိုင်ငံရေး၊ စီးပွားရေ၊ လူမှုဆက်ဆံရေးတို့တွင် အုပ်ချုပ်သူ မင်းမှုထမ်းတစုကို အများနည်းတူ အရေးပေးကြောင်းလည်း ထင်ရှားသည်။ သို့ရာတွင် ဝန်ကြီးသည် ပိန်းကောလှေသမားဖွဲ့၊ ထန်းတက်သမားဖွဲ့၊ လယ်သမားဖွဲ့၊ တောင်ပိုင်တက်သမားဖွဲ့၊ အညာလှေကြီး သမားဖွဲ့ တည်းဟူသော တျာချင်းငါးပုဒ်ကိုလည်း ဖွဲ့ဆိုခဲ့သေးသည်။ ယင်းကို ထောက်လျှင် ဝန်ကြီးသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုဆက်ဆံရေးတို့တွင် မင်းမှူးမတ်တစုကိုသာမက ကုန်သည် ဆင်းရဲသား လက်လုပ် လက်စား သမားများကိုလည်း အရေးယူပေးသူဖြစ်ကြောင်း ထင်ရှားသည်။ ဝန်ကြီး၏ ခေတ်အခါနှင့် စာကြည့်သော် ဝန်ကြီးသည် ဗုဒ္ဓစာပေကို၎င်း၊ မင်းမှူးမတ်တို့ကို၎င်း အရေးပေးဖွဲ့ဆိုသည်မှာ အံ့ဖွယ် မဟုတ်သော်လည်း၊ သက်ဦးဆံပိုင် စံနစ်အောက်ရှိ အာဏာမရှိ၊ ဓနမရှိ၊ ကိုယ်စားဖို့ ကိုယ်စိုက်၊ ကိုယ်ဝတ်ဖို့ ကိုယ်ရက်၊ ကိုယ်နေဖို့ ကိုယ်ဆောက်၍ ရှားပါးရသည့်အထဲမှ ဆယ့်နှစ်မှု မင်းတိုင်းကို မင်းအတွက် ပေးနေရသော ကျေးတော်မျိုး ကျွန်တော်မျိုးတို့အပေါ် စေတနာရောက်၍ ဖွဲ့ဆိုထားခြင်းသည်သာ ထူးသည်ဟု ဆိုအပ် ပေသည်။ ရဲဝံ့သည်၊ ဉာဏ်ခံ ကြီးပါပေသည်ဟုလည်း ဆိုထိုက်ပေသည်။ ဝန်ကြီး၏ စေတနာသည် အထက်ထက်က စာဆိုတို့ထက် ပိုလာသည်။

သစ်လာသည်ဟု ဆိုရပေမည်။ ထိုစေတနာသစ်မှ ပေါက်ဖွားလာသော စာပေသည် ရှေးကမြန်မာစာပေသစ်ဟု ဆိုရန်သာရှိသည်။ အဖွဲ့အနွဲ့အရာတွင်လည်း အကြောင်းသင့် အရိုးခံစကားတို့ကိုသာ သုံးကာ ပြေပြစ်စွာ ဖွဲ့ဆိုထားလေသည်။ မိုးဦးကျသည့်အခါ လယ်သမားတို့ဘာဝ မိမိသားမယား နှင့်တကွ ပျော်ပျော်ပါးပါးနေထိုင် စားသောက်ကြပုံကို 'ဝသန်ကာလ၊ မိုးကျတည့်လျှင်၊ ပျော်ပျော်ပါးပါး၊ မယားနှင့် ဆွေငယ်လင်၊ လက်တွဲငင်ခြေငင်၊ ကိုယ်တွင်အဝတ်၊ ပုဆိုးအင်္ကျီစုတ် ပြဲပြီ၊ ချည်နီဗောင်းတွတ်တွတ်ကယ်နှင့်လေး' အစချီသော လယ်သမားဖွဲ့ တျာချင်းဖြင့်၎င်း၊ ထန်းပင်တက်၍ ထန်းဦးရေယူပုံကို၊ ထန်းကိုအသုံးချပုံ၊ အိမ်တွင်မွေးထားသောခွေးနှင့် တောချောက်ကာ အမဲလိုက်ပုံ၊ ရသမျှ အမဲတို့ကို ချက်ပြုတ်ကင်လှော် ရေနှင့်ကြော်ပုံ၊ ဒေါင်းလန်းကြီးခင်းကာ သမီး သားမယားတစ်စုတို့နှင့် တပျော်တပါး တိုးဝှေ့ စားသောက်ကြပုံတို့ကို 'နွေဦးကာလ မြူထသောခါ၊ ရင်းထောင် ရင်းဆွဲ၊ ဆောင်မြဲအိုးလွယ်ကာ၊ ဓားနှီးထက်စွာ၊ ခါးမှာချပ်လျက်၊ ထန်းပွင့် ထန်းခိုင်၊ ..ရွှန်းမြိုင်မြိုင်၊ ကလိုင်သာ လွယ်လို့တက်သည်နှင့်လေး' အစချီသော ထန်းတက်သမားဖွဲ့ တျာချင်းဖြင့်၎င်း သဘာဝကျကျ စပ်ဆိုခဲ့ လေသည်။ လယ်သမားနှင့် ထန်းတက်သမားဖွဲ့တို့သည် ကုန် ထုတ်လုပ်သူတို့၏ ဘဝအကြောင်းဖြစ်၍ ပိန်းကော လှေသမားဖွဲ့သည် ကုန်ထုတ်လုပ်မူ၊ ကုန်သွယ်သူ၏ ဘဝအကြောင်းဖြစ်သည်။ အညာလှေကြီးသမားနှင့် နွားဝန်တင်သမားများအဖွဲ့သည် ကုန်သွယ် သယ်ယူသူတို့၏ ဘဝအကြောင်း ဖြစ်သည်။ အချုပ်အခြာ အာဏာသည် သက်ဦးဆံပိုင်မင်းမှ ဆင်းသက်သည့် ထိုခေတ်တွင် ဝန်ကြီးသည် အထက်ပါ ပြည်သူပြည်သား လူတန်းစားမှ အချုပ်အခြာ အာဏာသည် ဆင်းသက်လာနိုင်ရန် နိုင်ငံရေးအရ မဆောင် ရွက်နိုင်ခဲ့သော်လည်း ထိုသို့ သက်ဆင်းစေနိုင်သော မျိုးစေ့ကို ချပေးခဲ့သည်ဟု ဆိုသော် မှားမည်မထင်ချေ။ ဝန်ကြီးသည် မြန်မာစာပေသမိုင်း၌ ပြည်သူ့ဗိမာန် တစ်ခန်းကို ဖွင့်ခဲ့သည်ဟု ဆိုရပေမည်။

Source: Wikipedia

ပုံမှာ ဝန်ကြီးပဒေသရာဇာ၏ ဂူဗိမာန် ဖြစ်ပါသည်။ သံလျင်မြို့ ကျိုက်ခေါက်စေတီအနီးတွင် ရှိပါသည်

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း