ငါပြောသလို လုပ်၊ ငါ လုပ်သလို မလုပ်နဲ့


ငါပြောသလို လုပ်၊ ငါ လုပ်သလို မလုပ်နဲ့

 

ဆေးတက္ကသိုလ်တစ်ခုတွင် ပါမောက္ခဆရာကြီးက တပည့်ဆေးကျောင်းသား၊ ဆေးကျောင်းသူ များကို လက်ချာပေးနေသည်။

“ မောင်တို့မယ်တို့ ဆရာဝန်လုပ်မယ့်သူဟာ အခြေခံအချက်(၃)ချက်တော့ လိုအပ်တယ်ကွယ် ”

“ ဟုတ်ကဲ့ ”

“ နံပါတ်တစ် မရွံရှာရဘူးကွယ့်၊ မင်းတို့လေးတွေ ရွံရှာတတ်ကြသလား ”

ဆေးကျောင်းသူတချို့မှလွဲ၍ ဆေးကျောင်းသားတို့က

“ မရွံပါဘူး ဆရာ ”

“ နောက် နံပါတ်နှစ် လက်လျင်ရမယ်၊ ဘယ်လိုလဲ လျက်ကြရဲ့လား ”

“ လျင်ပါတယ် ဆရာ”

ရှေ့တန်းမှာရှိနေသည့် တပည့်တစ်ယောက်က ခပ်သွက်သွက်ပင် ဖြေလိုက်သည်။

“ နောက်ဆုံးအချက်က လက်လျင်သလို မျက်စိလည်း ရှင်ရှင် ထားကြမယ်ကွယ့်”

ပါမောက္ခကြီးက သူ့အိတ်ထဲမှ အဝါရောင်အရည်များပြည့်နေသည့် ပုလင်းသေးလေးတစ်လုံးကို ထုတ်ပြသည်။

“ ကဲ မောင်တို့မယ်တို့ ဆရာ့လက်ထဲက ပုလင်းလေးထဲမှာ ဘာတွေ့သလဲကွယ် ”

ကျောင်းသားတချို့က

“ ဆီးတွေပါ ဆရာ ”

တချို့က

“အဝါရောင်အရည်တွေပါ ဆရာ”

“ ကဲ ထားပါတော့ အဝါရောင် အရည်ပဲဖြစ်ဖြစ်၊ ဆီးပဲ ဖြစ်ဖြစ်။ ဒီအရည်ကို ဟောဒီလိုလက်နှစ်ပြီး ပါးစပ်ထဲမှာ ဆရာ့လို စုပ်ပြပါ။ မရွံပါဘူးဆိုတဲ့ မောင်တို့မယ်တို့အတွက် ပရက်တီကယ် တစ်ခုပါ ”

ထိုသို့ပြောပြီးနောက် ပုလင်းထဲသို့ လက်ကို ဇွပ်ခနဲ နှစ်ပြလိုက်သည်။ နောက် ပါးစပ်ထဲထည့်ကာ ပြွတ်ခနဲ စုပ်ပြလိုက်သည်။ ကျောင်းသား၊ ကျောင်းသူအားလုံး တိတ်ဆိတ်သွားသည်။ တချို့ ပါမောက္ခကြီးနှင့် မျက်လုံးချင်း မဆုံချင်သဖြင့် မသိမသာ မျက်နှာလွှဲနေကြသည်။ ထိုစဉ်ရှေ့ဆုံးတန်းမှ ကျောင်းသားက

“ ကျွန်တော် လုပ်မယ်ဆရာ ”

ဆိုပြီး ဆရာလုပ်သည့်အတိုင်း ထပ်တူလုပ်ပြသည်။ လုပ်ပြပြီးနောက် သူ့မျက်နှာတွင် သူစုပ်လိုက်သည့် အရသာကို စူးစမ်းနေသည်။ ပါမောက္ခကြီးက ကျောင်းသား၊ ကျောင်းသူများဘက်သို့လှည့်ကာ

“ သတ္တိရှိတဲ့ မင်းတို့သူငယ်ချင်းကို လက်ခုပ်တီးပြီး ဂုဏ်ပြုလိုက်ပါဦး ”

သူငယ်ချင်းအားလုံးက မျက်နှာများရှုံ့မဲ့နေရာမှ ပြုံးရွှင်ကာ လက်ခုပ်တီးလိုက်ကြသည်။ အသံစဲမှ

“ ဆရာ ကျွန်တော် မေးခွန်းတစ်ခု မေးပါရစေ ၊ ခုနက ကျွန်တော်တို့ စုပ်လိုက်တာ ဘာတွေလဲဆရာ ”

“ အဲဒါ ဆီးတွေပဲ တပည့်၊ ဓာတ်ခွဲခန်းက ဆီးချိုစစ်တဲ့ ဆီးတွေပါ၊ မောင်တို့မယ်တို့ကို သင်ပြပေးချင်လို့ ဆရာကိုယ်တိုင် ယူလာခဲ့တာပါ ”

ဆရာအတိုင်း လိုက်လုပ်မိသည့် ကျောင်းသားမှာ ပျို့ချင်အန်ချင် ဖြစ်နေသော်လည်း ပါမောက္ခကြီးမှာ ပုံမှန်အတိုင်း စာဆက်သက်နေသဖြင့် ငြိမ်နေရသည်။

“ ဒီမှာ ဆရာပြောချင်တာက မရွံရှာရဘူးဆိုတဲ့ စည်မျဉ်းကို တပည့်လိုက်နာနိုင်တာ ချီးကျူးပါတယ်၊ ဒါပေမဲ့ တပည့်မှာ သွက်လက်ပေမယ့် လျင်မြင်မှု ဆိုတဲ့ စွမ်းရည်လေး လျော့နည်း နေတယ် ”

“ ဘယ်လိုလျင်မြန်မှုလည်း ဆရာ၊ ကျွန်တော် မတုံ့ဆိုင်းဘဲ နှစ်ပြီး ဆရာ့လို လုပ်ခဲ့တာပဲ ”

“ ဟုတ်ပါတယ်၊ ဒါပေမယ့် ဆရာ နှိုက်လိုက်တာက လက်တစ်ချောင်းပါ၊ အဲဒီလိုပဲ ဆရာမင်းတို့ကို စုပ်ပြလိုက်တာက တခြားလက်တစ်ချောင်းပါ၊ ဒါ့ကြောင့် လျင်မြန်ရမယ်လို့ ပြောခဲ့တာပေါ့ ”

ပါမောက္ခ၏ စကားမဆုံးသေးမီပင် ဆရာ့အတိုင်း လိုက်လုပ်ခဲ့သည့် တပည့်မှာ ကျောင်းခန်းပြင်ဘက်ရှိ ဘေစင်တွင် အန်နေပါတော့သည်။

 

(ငါပြောသလို လုပ်၊ ငါလုပ်သလို မလုပ်နဲ့ ဆိုသောစကားကို ကောင်းစွာနားမလည်နိုင်သေးသော သူများသို့။)

 

ရှဉ့်ညိုလေး

(၁၂.၁.၂၀၂၂)

 

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း