အုန်းကပ်စီးအတွက် ရေးတဲ့စာ

အုန်းကပ်စီးအတွက် ရေးတဲ့စာ

ဆီးစစ်ရန်လိုအပ်သောကြောင့် ဆရာဝန်ညွှန်လိုက်သည့် ဓာတ်ခွဲခန်းသို့ ကိုထိန် ရေသန့် တစ်လီတာဗူးဖြင့် ဆီးယူလာသည်။ ဓာတ်ခွဲခန်း ဝန်ထမ်းဆရာမလေးက အံဆွဲထဲတွင် ထည့်ထားသည့် နမူနာယူသည့် ပုလင်းလေးများကို ပြရင်း မေးသည်။
“ ရှင် ဘာဖြစ်လို့ အများကြီးယူလာရတာလဲ၊ ဓာတ်ခွဲဖို့အတွက် နည်းနည်းပဲလိုတာကို ”
“ ကပ်စေးနဲတယ် အထင်ခံရမှာ စိုးလို့ပါ ”
နောက်ရက်တွင် ချိန်းထားသည့်အချိန်ရောက်၍ စစ်ဆေးသည့်အဖြေလာယူရင်း
“ မနေ့က ကျွန်တော် အများကြီးယူလာတဲ့ ဆီးဗူးရော၊ ဆရာမက ဓာတ်ခွဲဖို့ နည်းနည်းပဲလိုတာဆို ”
ကိုထိန်ကို မှတ်မိနေသည့် ဆရာမလေးက
“ ရှင် … သွန်ပစ်လိုက်ပြီပေါ့ရှင်၊ ကျွန်မက သိမ်းထားပြီး ဘာလုပ်ရမှာတုန်း ”
“ ဟင် ”
ကိုထိန် အမူအယာကြည့်ပြီး အံ့ဩသွားသည့် ဆရာမလေးက ရှုံ့မဲ့ပြီး မေးလိုက်သည်။
“ ဒါနဲ့ ရှင်က အဲဒါတွေကို ဘာလုပ်မလို မေးတာတုန်း ”
“ ခုနက ခင်ဗျားပဲ ဆေးစစ်ချက်ဖတ်ပြီး ပြောတယ်လေ၊ ဆီးထဲမှာ သကြားတွေများနေတယ်ဆို၊ ထားခဲ့ရမှာ နှမျောစရာကြီး ”
“ ရှင် ”
“ မရှင်နဲ့ ဆရာမ၊ သွန်ပစ်လိုက်ပြီဆိုတော့ ဗူးခွံလေးတော့ ကျန်မှာပေါ့နော် ”
“ ဗူးခွံလည်း အမှိုက်ထဲ ရောက်သွားပြီပေါ့ရှင် ”
“ ဟာဗျာ ပြန်ရောင်းစားရင် ပိုက်ဆံရဦးမယ့်ဟာကို၊ ဆရာမ လုပ်ရက်တယ် ”
“ ကဲပါရှင် ကျွန်မသောက်လက်စ ရေသန့်ဗူးလေး ယူသွားလိုက်ပါတော့ ”
“ ဟုတ်… ဟုတ်၊ ကျေးဇူး ”
“ ဒါနဲ့ ရှင့်နာမည် ”
ကိုထိန်က သူ့လက်ထဲမှ ဆေးစစ်ချက် အဖြေလွှာလေးကိုပြရင်း
“ ဒီမှာ ဆရာမပဲ ရေးခဲ့တာလေ၊ ကိုထိန်… ကိုထိန်”
“ ရှင့် သူငယ်ချင်းတွေ ခေါ်တဲ့ နာမည်ကို ပြောတာရှင့်၊ မဟုတ်မှ လွဲရော ရှင့်နာမည်မှာ ကပ်စီး ဆိုတာ ပါလိမ့်မယ် ”
ကိုထိန်က အံ့အားသင့်ဟန်ဖြင့်
“ ဟာ ဆရာမ၊ ဘယ်လိုသိ၊ ဓာတ်ခွဲခန်းအပြင် အကြားအမြင်ပါ ဟောတတ်သေးတယ်၊ ဟိုကောင်တွေ ခေါ်တာက အုန်းကပ်စေး တဲ့ ”
“ အုန်းကပ်စေး၊ ဦးကပ်စေး မဟုတ်ဘူးလား ”
ကိုထိန်က သူ့ခေါင်းကို လက်ညှိုးဖြင့် ထောက်ပြရင်း
“ အုန်းကပ်စေး”
ထိုနေ့က ဓာတ်ခွဲခန်းမှ ထွက်သွားသော လူတစ်ဦး၏ နောက်ကျောကိုကြည့်ရင်း ရယ်မောနေသည့် ဆရာမလေးတစ်ဦးကို ဗိုလ်ချုပ်လမ်းတွင် ဖြတ်သွားသည့် လူတချို့ သတိပြုမိမည်ဆိုက မြင်နိုင်မည်ဖြစ်သည်။ တစ်ဦးတစ်ယောက်ကတော့ ဖြစ်စဉ်အတိအကျကို သိမြင်ခဲ့ရလေသည်။ ထိုသူမှာ စာရေးသူဖြစ်နိုင်သလို ကိုထိန်၏ သူငယ်ချင်းတစ်ဦးလည်း ဖြစ်နိုင်ပါသည်။
(PS; ကျွန်တော့်အား လက်ဖက်ရည်ဆိုင်လာခဲ့ရန် ဖုန်းဆက်ခေါ်ပြီး မလာနိုင်ကြောင်း ချေချေငံငံပြောသည်ကို “ မင်းမလာလည်း နေပေါ့၊ ဂရုစိုက်လို့ ” ဆိုပြီး ပမာမခန့်ပြောသည့် အကြောတင်း ငတိတစ်ကောင်ကို အမြင်ကတ်၍ ဤစာကို ရေးပါသည်။ ထိုသတ္တဝါ ဖတ်မိပါစေသော်…)
ရှဉ့်ညိုလေး
(၈.၁.၂၀၂၂ ညနေ ၄ နာရီ ၃၂ မိနစ်)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း