သူဇာပျို့
၂၄။ သို့လျှောက်သောခါ၊ သူဇာမင်းလှ၊ မိန့်ဟသာကြည်၊ ဆိုပြန်သည်ကား၊ တောလည်ရှာလျှိုး၊ ဘမူဆိုး ...၊ မြတ်နိုးကြည်လင်၊ သာရွှင်သာဖြား၊ ဘစကားသည်၊ မမှားမသွေ၊ မှန်ပေနိုင်မျှ၊ ကောင်းပေလှ၏၊ ဒေါသမထင်၊ သို့ပင်သော်လည်း၊ ရှုမြော်နောင်လာ၊ သံသရာကို၊ ထောက်ညှာသမှု၊ အကြောင်းပြု၍၊ ယခုငါ့ကို၊ ကြည်ညိထဲဝိုက်၊ လွှတ်ပါလိုက်တော့၊ နှစ်ခြိုက်သာဖြည်း၊ လွဝ္ကတည်းကို၊ ကျော်သည်းပတ်ဝေ့၊ အိမ်ရှေ့မင်းနား၊ ကြားပေလားဟု၊ ပျံ့ရှားလှိုင်ချို၊ မိန့်ဆိုပြန်သော်၊ ကြည်ညိုမြတ်နိုး၊ မဆိုးလိမ္မာ၊ လက်ခါလျှာထုတ်၊ ပွက်နှုတ်ကျေပွန်၊ ဆိုစဟန်ကား၊ ငါးကြန်စုံအင်၊ မင်းလှရှင် ...၊ သို့စင်ထွေပြား၊ သည်စကားကို၊ ရွှေသားနုဝါ၊ မမိန့်ပါနှင့်၊ သမ္ဘာရဲရင့်၊ ဆင့်ဆင့်မြင့်သည်၊ တို့ရှင်ဘုန်းတော်၊ အာနုဘော်ကား၊ ကျူးကျော်လွန်စွာ၊ မကြားရာလည်း၊ ဘွေရှာစေ့ရေ၊ ကြာတတ်ချေ၏၊ တောခြေလှည့်ရစ်၊ သည်မှာဖြစ်၍၊ စင်စစ်နားတော်၊ မကြားသော်လည်း၊ ထွန်းပေါ်ဘုန်းတောက်၊ သစ္စာရောက်၍၊ ညှိုးခြောက်ခန္ဓာ၊ ရက်တာမရှည်၊ သေတော့မည်ရှင့်၊ မြဲပင့်စွဲကိုင်၊ အပြီးတိုင်၊ ဘက်ပြိုင်မရှည့်၊ မင်းရွှေမည့်ကို၊ လွှတ်မည့်အရာ၊ မဝံ့ပါသည်။ ။ ရေးရာကြံခင်း ခဲလွန်မင်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment