သူဇာပျို့
၁၀၄။ သို့လျှင်ဆရာ၊ ကွယ်ကာဆည်းဆို့၊ အသို့ဘွေနှယ်၊ ကြံပါမည်ဟု၊ မိန့်သည်ရှိသော်၊ တွေဖော်ကျမ်းလာ၊ ယတြာကြီးအင်၊ ယဇ်စီရင်မည်၊ နတ်ရှင်ဘုန်းခြည်၊ ဘုရားသည်ကား၊ မြိုင်စည်ရိပ်ကျော်၊ ဥယျာဉ်တော်မှာ၊ ယတြာမည်မှန်း၊ တဲနန်းဆောက်၍၊ ခုနှစနေ့တွင်၊ မမြင်လူသူ၊ ဆံမြူမနှောင့်၊ ဥပုသ်စောင့်လျက်၊ ငြိမ်သက်ကုပ်သေ၊ နေတော်မူပါ၊ ရေးရာမြော်မြင်၊ ပုဏ္ဏားတော်ကို၊ မှာသော်မူကား၊ ထင်ရှားကျူးကျော်၊ ယဇ်ပူဇော်မည်၊ ဘုန်းတော်စည်ဖြီး၊ ကြီးသည်ဘုရား၊ ရက်လည်ငြားမှ၊ နှုန်းထားပုံထု၊ ရာဟုလက်က၊ လွတ်သည့်လသို့၊ ထကြွခဲ့၍၊ ဘုန်းဟေ့ဧကရာဇ်၊ မင်းသစ်ဘွဲ့မည်၊ ခံသင့်သည်ဟု၊ ယုံကြည်ဘွယ်လောက်၊ လျှောက်လတ်သောခါ၊ ဆရာသင့်ပြီ၊ ခန့်စီရင်ပါ၊ လျင်မကြာဟု၊ ထွေသာအလျင်၊ နတ်ရှင်ဘုန်းဟေ့၊ ယနေ့နေ့ပင်၊ စုံစေ့ရုံးပေါင်း၊ ပြီးစေကောင်း၏၊ ပွင့်လောင်းဘုန်းကျော်၊ ဥယျာဉ်တော်မှာ၊ နေသော်ခါလည်း၊ လုံစွာတံခါး၊ စောင့်ရှောက်ထားလော့၊ ပုဏ္ဏားတို့ဝယ်၊ ပူဇော်ဘွယ်ကား၊ ကြီငယ်ဝတ္ထု၊ ရုံးစုစေ့င၊ များမြောင်လှ၏၊ ခုကဘုရား၊ မိန့်စေသားဟု၊ စီးပွားလိုယောင်၊ လှည့်ပတ်ဆောင်၍၊ ယုံအောင်ချိုသာ၊ နှုတ်ပျူဟာနှင့်၊ လိုရာချောင်းချောင်း၊ စကားတောင်းသည်။ ။ ပျော့ပျောင်းကွယ်ဝိုက်ကျေပွန်တည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment