စာရေးသူတစ်ဦးအကြောင်း
စာရေးသူတစ်ဦးအကြောင်း
" မယ်နီ... ငါ နင့်ကို ပြောစရာရှိတယ် "
"အံမယ်... ဖိုးထူးက ထူးထူးဆန်းဆန်း"
" ငါ...ငါ...နင့်ကို ငါကြိုက်တယ်၊ နင်ရော င့ါကိုကြိုက်လား "
ကောင်မလေးက သွားကြားထိုးတံဖြင့် ထိုးမရတော့သဖြင့် ကျန်နေသော အချဉ်ပေါင်းဖတ်လေးကို လက်ဖြင့်ကောက်စားလိုက်ရင်း...
"ဟင့် အင့်း..."
"အေးပါ င့ါထိုက်နဲ့င့ါကံပေါ့၊ သွားမယ်ဟာ"
ခေတ်ဟောင်းမင်းသားဂိုက်ဖြင့် တိုက်ပုံလေးပုခုံးပေါ်ချိတ်ကာ ခေါင်းငိုက်စိုက်ဖြင့် ထွက်သွားသည့် အနှီကောင်လေးကို မယ်နီဆိုသည့်ကောင်းမလေးက လက်တွင်ပေနေသည့် အချဉ်ရေများကို ပြွတ်ခနဲ ကမန်းကတမ်း စုတ်လိုက်ပြီး...
"ဟဲ့...ဖိုးထူး...နေအုံးဟဲ့.. နင်က ချစ်လားလို့ဖြင့် မမေးဘဲနဲ့..."
"ဟာ... ဝမ်း... ဝမ်း... ဝမ်းသာလိုက်တာ မယ်နီရာ၊ အဲဒါဆို ငါပြင်ပြီး ပြန်မေးမယ်နော်..."
"အင်း..."
ကြည့်ခဲ့ဖူးသည့် မြန်မာဗီဒီယိုထဲမှ ရည်စားစကားပြောခန်းတွင် မင်းသမီးများ၏ အမူအယာကို သတိရသွားပုံဖြင့် မယ်နီဆိုသည့် ကောင်မလေးက လွယ်အိတ်ကိုင်းကြိုးကို အဝတ်လျှော်သလို ပွတ်ခြေနေသည်။ ဖိုးထူးကား တွံတေး အဆိုတော်ဂိုက်ဖမ်းနေရာမှ အောင်မြင်သည့်ရဲ ဟု အဓိပ္ပါယ်ရသည့် မင်းသားဟန်ဖြင့် သူ့လက်နှစ်ဖက်ကို အားပါးတရပွတ်ကာ...
" မယ်နီ... နင် င့ါကို ချစ်လား ..."
"ဟင့် အင်း"
"ငင့်..."
ထိုအဖြစ်အပျက်များ ဖြစ်ပွားပြီး ဆယ့်တစ်နှစ်ခန့်အကြာတွင် မဂ္ဂဇင်းစာမျက်နှာထက်၌ ခုထိအောင်လည်း ဆိုသော ဝတ္ထုတိုတစ်ပုဒ်ကို စာချစ်သူတို့ မျက်စိနောက်စဖွယ် ဖတ်ခဲ့ကြရပေလိမ့်မည်။ တချို့က မဖတ်ဘဲ ကျော်သွားရန် ကြိုးစားကြသည်။ တချို့ကတော့ မဂ္ဂဇင်းတွင်ပါသည့် ကြော်ငြာများဖတ်ပြီးမှသာ မတတ်သာသဖြင့် ဖတ်ကြလေသည်။ တချို့မဖတ်ကြသော်လည်း ဟိုတစ်ပိုဒ်၊ ဒီတစ်ပိုဒ် မျက်မှန်းတန်းမိရင်း ဖတ်ဖြစ်သလို ဖြစ်သွားကြသူများလည်း များသည်။
ထိုသို့ ပရိသတ်များ မျက်စိနောက်စေသည့် စာရေးသူတစ်ဦး မြန်မာစာပေလောကတွင် ရှိခဲ့ဖူးသည်။ ထိုသူမှာ ...
ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
(၃.၅.၂၀၁၈ ၈း၁၉ မိနစ်)
(PS: ဆရာသန်၎ကို၏ ဟာသတစ်ပုဒ်ကို ဖျက်ဆီးထားခြင်းသာ။ ခွင့်လွှတ်ပါ ဆရာသန်...ငိငိ...)
Comments
Post a Comment