လမ်းလျှောက်လာသော ကော်ဖီ



 ကော်ဖီတစ်ခွက်၏တန်ဖိုးကို သင်ဘယ်လို ပိုင်းဖြတ်မှာလဲ။ ခါးသက်သက်နှင့် အနည်းငယ် ဆိမ့်သောကော်ဖီကိုတော့ သူမနှစ်သက်သည်။ လျှာဖျားမှတစ်ဆင့် လျှာရင်း၊ နောက် လည်ချောင်း တစ်လျှောက် ခပ်သက်သက် စီးဆင်းသွားမည့် ကော်ဖီပူပူတစ်ခွက်က သူမ၏အာရုံတွေကို လန်းဆန်းစေ သည်။ အထီးကျန်သူမအတွက် မိတ်ဆွေကောင်းတစ်ယောက်နှယ် အဖော်ပြုပေးနိုင်သူမှာ ကော်ဖီတွေသာ ဖြစ်ခဲ့သည်။

သူမက ကလေးတစ်ယောက်နှယ် ကုန်မှာစိုးသည့်စိတ်ဖြင့် ဖြည်းဖြည်းချင်းမျှင်း၍ အရသာခံကာ သောက်တတ်သေးသည်။ အကြောင်းအမျိုးမျိုးကြောင့် ကော်ဖီတစ်ခွက်ကုန်အောင် သောက်ရသည်မရှိဘဲ သောက်လက်စ ကောက်ဖီခွက်တွေကတော့ တစ်ထပ်တိုက်ငယ်လေး၏ နေရာအနှံ့မှာ ပြန့်ကျဲနေတတ် သည်။ မီးဖိုချောင်ရှိ ရေခဲသေတ္တာပေါ်မှာ၊ ပန်းခြံထဲမှာ၊ ဒန်းလေးပေါ်မှာ၊ နေရာအနှံ့မှာ ရှိနေတတ်ကြသည်။ ပြန်တွေ့ချိန်မှာတော့ ပုရွက်ဆိတ်၊ ယင်၊ ပိုးဟပ်ကတက်နေပြီ။ ဒါမှမဟုတ် အပေါ်ယံတင်းကာ အဖေးတက်၍ အေးစက်နေပြီ။ ထိုအခါမျိုးတွင် တစ်ချိန်က ရနံ့သင်းသည့် ကော်ဖီလေးကိုကြည့်ကာ ပျို့အန်ချင်မတတ် ဖြစ်ရသည်။
ရွံရှာစိတ်ကိုချိုးနှိမ်ကာ ကော်ဖီခွက်တွေကို သေချာဆေးကြောသန့်စင်ရင်း မီးဖိုပေါ်ရှိ ကော်ဖီကရား ထဲမှ ခပ်ကျကျ နှပ်ရေရနံ့က သူမ၏ အနံ့အာရုံသို့ အရူးအမူးတိုးဝင်လာသောအခါ…။ ကျွမ်းကျင် သပ်ရပ်သည့် သူမလက်တွေက ကမ္ဘာပေါ်မှာ အကောင်းဆုံးကော်ဖီတစ်ခွက်ကို စတင်ဖျော်နေပြီဖြစ်သည်။ ကော်ဖီတွေက စိတ်မကောက်ပါဘဲနှင့် သူမကသာ ကော်ဖီတွေကို စိတ်ကောက်ကာ၊ စိတ်ဆိုးကာနှင့်။ သတိပြုမိချိန်မှာတော့ ကော်ဖီတစ်ခွက်ကို တစ်ရှိုက်မက်မက် သောက်သုံးနေသူမှာ သူမသာလျှင် ဖြစ်သည်။ ဘဝသည် တကယ့်ကို ကော်ဖီရနံ့ သင်းပျံ့လှသည်။
***                                  ***                                  ***
အခန်းထဲရှိ စာရေးစားပွဲမှာထိုင်ရင်း စာတစ်ပုဒ်ဖြစ်ဖို့ သူမဖန်တီးနေသည်မှာ ကြာပြီုဖစ်သည်။ ဝတ္ထုတိုလေးရဲ့ ဇာတ်လမ်း၊ ဇာတ်ကွက် ဘယ်လိုဇာတ်သိမ်းရမည်ဆိုတာကအစ ဦးခေါင်းထဲမှာ နှပ်ထားသည်က လွန်ခဲ့သော တနင်္ဂနွေတစ်ပတ်လောက်ကပင်။ အချိန်လည်းရမည်၊ စိတ်လည်းရွှင်နေမည် ဆိုပါက ပစ်မှတ်ကိုစွဲဝင်စေမည့် ဝါကျမြားတံတွေက သူမ၏ကလောင်ဖျားမှ တစ်စင်းပြီးတစ်စင်း။ အတွေးရှင်းတော့ အရေးလည်း ရှင်းသည်။ လက်ကလည်းသွက်သည်။ ယခုတော့ ရင်ထဲမှာခုနေသည့် အလိုမကျစိတ်ကြောင့် ရှိပြီးသား ဇာတ်ကွက်၊ ဇာတ်လမ်းက ကလောင်ဖျားမှ မဆင်းချင်တော့။ သူမလက်ဖျားမှ ဘယ်လိုပင်ခါချသော်လည်း ထွက်မလာသည့် အက္ခရာစာသားတွေကို စိတ်ပျက်မိသည်။ စိတ်တိုရသည်။ ထွက်လာသည့် စာသားတွေကိုလည်း စိတ်တိုင်းမကျ။ အဲဒီလိုနှင့် သူမစာရေးနေသည်မှာ နှစ်ကြောင်းရေ တစ်ကြောင်းခြစ်မဟုတ်တော့ဘဲ တစ်ကြောင်းရေး နှစ်ကြောင်းခြစ် ဖြစ်လာသည်။
သက်ပျင်းဖွဖွချလိုက်ရင်း အားထုတ်မှုကို ရပ်ဆိုင်းထားသည့် သင်္ကေတအဖြစ် ရေးလက်စ
စာရွက်ပေါ်သို့ ဘောပင်ကို လွှတ်ချလိုက်သည်။ ဘေးမှာရှိသည့် အပေါ်ယံတင်းနေသော သောက်လက်စ ကော်ဖီကို တစ်ငုံ ငုံလိုက်သည်။ အေးစက်ခါးသက်သည့် ကော်ဖီတစ်ငုံစာက သူမ၏ လည်ချောင်း တစ်လျှောက် တစိမ်းဆန်စွာ တိုးဝင်သွားသည်။
ဘဝဆိုတာ ကော်ဖီတစ်ခွက်ဆိုလျှင် ဘယ်လောက်ကောင်းလိုက်မလဲ။ မသောက်ချင်သေးချိန်မှာ အဖုံးအုပ်ထား၊ မသောက်ချင်တော့ဘူးဆိုလျှင်တော့ သွန်ပစ်လိုက်ရုံပင်။ စာရေးခြင်းဆိုသည်ကလည်း သူမဘဝသာဖြစ်သည်။ စာရေးခြင်းနှင့် ကော်ဖီတစ်ခွက်ကို ဆက်စပ်ကြည့်မိသည်။ ကော်ဖီတစ်ငုံ သောက်ပြီးချိန်တိုင်း ခါးသက်သက်အရသာနောက်မှာ ဆိမ့်သက်ခြင်း၊ ကျေနပ်ခြင်း။ စာတစ်ကြောင်း၊ စာတစ်ပိုဒ်ရေးပြီးတိုင်း မွန်းကြပ်မှုနောက်မှာ တက်ကြွခြင်း၊ ကျေနပ်ခြင်း။ ကော်ဖီတစ်ခွက်လုံး သောက်ပြီးချိန်တိုင်း ပေါ့ပါးလန်းဆန်းခြင်း၊ အကြံသစ် ဉာဏ်သစ်များ ထွက်လာခြင်း။ စာတစ်ပုဒ်လုံး ရေးပြီးချိန်တိုင်းမှာ ကြည်နူးပီတိ ဖြစ်ခြင်း၊ နောက်တစ်ပုဒ်အတွက် အားသစ်အင်သစ်များ ပြည့်လာခြင်း။
ကော်ဖီတစ်ခွက်ကို မသောက်ချင်သေးလျှင်တော့ အချိန်အတိုင်းအတာတစ်ခုအထိသာ သိမ်းထား လို့ရသည်။ ရေးလက်စစာမူတစ်ပုဒ်ကို မရေးချင်၍၊ ရှေ့ဆက်မရ၍ သိမ်းထားလျှင်တော့ အချိန်က အကန့်အသတ်မဲ့ ဖြစ်သည်။ ဇာတ်လမ်းအကြောင်းအရာက နှလုံးသားထဲကို အော်တိုဝင်သွားသောကြောင့် ဖြစ်မည်ထင်သည်။ ရေးလက်စစာမူတစ်ပိုင်းတစ်စကို ပြန်တွေ့ရချိန်တွင် ဝမ်းသာကျေနပ်မိသလို ရှေ့ဆက် ရေးရမည့် အကြောင်းအရာအတွက်လည်း စိတ်အားတက်ရသည်။ ရက်လွန်နေသည့် သောက်လက်စ ကော်ဖီတစ်ခွကို မြင်ရသည်ကတော့ သိပ်ကို အော်ဂလီဆန်စရာ ကောင်းပါသည်။  ယနေ့သည် သူမအတွက် သိပ်ကိုအော်ဂလီဆန်စရာ ကောင်းသော နေ့တစ်နေ့သာ ဖြစ်သည်။ နှစ်ချီကြာနေပြီဖြစ်သော သောက်လက်စကော်ဖီခွက်ကို ပြန်တွေ့လိုက်ရသောကြောင့် ဖြစ်သည်။ တွေ့သည့်နေရာက သူမဝယ်နေကျ ဈေး၏ ဆိတ်သားဆိုင်ရှေ့တွင်ဖြစ်သည်။ အဲဒီကော်ဖီခွက်က …။ ဟုတ်သည် အဲဒီကော်ဖီခွက်က လမ်းလျှောက်လာသော ကော်ဖီတစ်ခွက် ဖြစ်သည်။
***                                  ***                                  ***
" တစ်ယောက်ထဲလား …"
အနီးကပ် တရင်းတနှီးနှုတ်ဆက်သံကြောင့် ဆိတ်သားဝယ်ရန်စောင့်နေသည့် သူမ ဖြတ်ခနဲ လှည့်ကြည့်လိုက်သည်။
" ဟင် … အင်း …"
ဘယ်လိုမှ ထင်မှတ်မထားသူတစ်ယောက်ကို ရုတ်တရက်တွေ့လိုက်ရတော့ သူမ၏အဖြေတို့က ယောင်ယောင်မှားမှား။ မောင် … ။ သူမ၏ တစ်ချိန်က ချစ်ရပါသော မောင် …။
တဒင်္ဂအံ့သြသွားသည့် သူမမျက်နှာပေါ်မှ အရိပ်မျိုးစုံတို့ ဖြတ်သန်းသွားမည် ထင်သည်။ ခပ်စူးစူး တစ်ချက် စိုက်ကြည့်လိုက်ရင်း လှည့်ထွက်လာခဲ့လိုက်သည်။ သူမ၏နောက်သို့ မောင်၏ ရှက်အမ်းအမ်း ပုံရိပ်က ကပ်ပါလာသည်။ မောင့်လက်ထဲမှာ ချီထားသည့်ကလေးက မောင်နှင့် သိပ်ကိုတူလွန်းလှသည်။ အခါလည်သားကျော်လောက်ဆိုတော့ ဒုတိယလား၊ တတိယမြောက်လား … ။ သူမ၏ ရင်ဘတ်တစ်နေရာမှ သိပ်သိပ်သည်းသည်းကို စူးအောင့်သွားသည်။
ဒီနေ့ကျမှ ဆိတ်သားကပတ်လုပ်စားချင်သည့် သူမကိုပဲ အပြစ်တင်ရမည်လား။ ဒါမှမဟုတ် သုံးနှစ်ကျော်ပေါင်းသင်းလာသည့် ဇနီးဟောင်းတစ်ယောက်ကို လာနှုတ်ဆက်သည့် မောင့်ကိုပဲ အပြစ်ဖို့ရမည်လား သူမ မဝေခွဲနိုင်။ ကလေးမရနိုင်ဘူးဆိုပြီး စွပ်စွဲခံထားရသူရှေ့မှာ ကလေးတစ်ယောက် ချီပြီး လာနှုတ်ဆက်တာ ဘာသဘောလဲမောင်။ တစ်ချိန်က နှောင်ဖွဲ့ခဲ့ဖူးတာကို မထောက်ထားရင်တောင်မှ သူငယ်ချင်းဆိုတဲ့ မျက်နှာကိုတော့ ငဲ့ကြည့်သင့်သည်ဟု သူမထင်သည်။
သူမတို့နှစ်ယောက်၏ နှောင်တွယ်မှုကို စတင်ကြိုးဖြည်သူက မောင်သာဖြစ်ပြီး ဖြတ်တောက် လိုက်သည့် သူကတော့ သူမကိုယ်တိုင်ပင်ဖြစ်သည်။ ဖြတ်တောက်လိုက်သည့် ဓားကတော့ မောင်၏ ဇယားတစ်ကွက်သာဖြစ်သည်။ အပြစ်ဆိုကြစတမ်းဆိုလျှင် ကလေးသိပ်လိုချင်နေသည့် သစ္စာမဲ့သည့် မောင်က နံပါတ်တစ် တရားခံ။ ဇနီးသည် သူမတစ်ယောက်လုံးရှိနေလျက်ကယ်နှင့် မောင့်ထံသို့ တိုးဝင်လာသည့် နောက်တစ်ယောက်က တရားခံနံပါတ်နှစ်ဖြစ်မည်။ သူမကရော အပြစ်ရှိသူစာရင်းမှာ နံပါတ်ဘယ်လောက်ချိတ်ထားသနည်း။ နေရာလွဲမှား သန္ဓေတည်မိသည့်၊ ယောက်ျားတစ်ယောက်၏ အမှားကို ခွင့်မလွှတ်နိုင်သည့် မာနကြီးသည့်သူမက နံပါတ်သုံးတရားခံ ဖြစ်မည်ထင်သည်။
မတတ်သာလွန်း၍ သူမ၏ရှင်သန်ရေးအတွက် နေရာလွဲ၍တည်နေသည့် သန္ဓေသားကို ခွဲထုတ်ခဲ့ရသည့် မျက်ရည်လွှမ်းသော ငရဲခန်းနေ့ရက်များကို သတိရမိသေးသည်။ မိန်းမတစ်ယောက်၏ နာကျင်ဝမ်းနည်းမှုကို နှစ်သိမ့်မှုမပေးနိုင်လောက်အောင် စိတ်ထိခိုက်ခံစားခဲ့ရသည့် မောင့်အတွက် သူမပိုခံစားခဲ့ရသည်။ မောင့်အတ္တကို မမြင်ခဲ့ဘဲ သူမ အသနားပိုခဲ့ရသည်။
မိုး၊ ဆောင်းနှင့် နွေတချို့ကို ဖြတ်သန်းပြီးနောက်မှာတော့ သူမ၏ စိတ်ဖိစီးမှုတွေက လျော့ပါးလာခဲ့သည်။ ကလေးမရနိုင်တော့ဟု အထင်လွဲမြဲလွဲနေသည့် မောင်က တစ်ခါတစ်ရံ ငူငူငိုင်ငိုင်နှင့်မို့ အသနားပိုကာ သူမက ဖြေသိမ့်စရာစကားလုံးရှာမရ ဖြစ်တတ်သေးသည်။ တကယ်တမ်းသနားစရာ ကောင်းသည်မှာ သူမသာဖြစ်ကြောင်း တစ်နေ့မှာတော့ သိခဲ့ရသည်။ တစ်နေ့ …။ အဲဒီတစ်နေ့မှာတော့ သူမဘဝ၊ သူမ မာနကို ထိပါးရိုက်ချိုးခံခဲ့ရခြင်းကို သူမ မမေ့။
" ထား … သေချာနားထောင်နော်။ မှားယွင်းမှုတစ်ခုအတွက် မောင်တာဝန်ယူရတော့မယ် ထား … ။ တကယ်တော့ အဲဒီ မှားယွင်းမှုကလည်း … "
အပြင်းအထန်ပေါက်ကွဲတော့မည့် ချိန်ကိုက်ဗုံးတစ်လုံးက သူမတို့နှစ်ယောက်ကြားမှာ ရောက်ရှိနေပြီဖြစ်ကြောင်း သိလိုက်ရသည်။ တိတ်ဆိတ်မှုက တကယ့်ကို ကြောက်ခမန်းလိလိ။
အရက်မသောက်တတ်သောမောင်က မမူးဘဲနှင့် ဘယ်လိုများမှားခဲ့တာလဲ။ မောင်မမူးပေမယ့် ရူးနေခဲ့တာကိုတော့ သူမသိသည်။ မောင်ရူးနေသည်က ကလေးရူး။  အဲဒီအတွက် မှားယွင်းမှုကို မောင်ကိုယ်တိုင် ဖန်တီးခဲ့တာပဲဖြစ်မည်။ နေရာလွဲပြီး ဆေးစက်ကျခဲ့သည့် မောင့်အတွက် လက်ထပ်ခြင်း ဆိုသည်က တာဝန်ယူမှုတစ်ခု ဖြစ်နိုင်ပါသည်။ မယားပြိုင်ဆိုသော စကားလုံးက မိန်းမသားတစ်ယောက်၏ ဘဝနှင့်မာနကို အသင်္ချေနက်သည့် တွင်းနက်ထဲ ပစ်ချစီရင်တတ်သည်ကို မောင်မသိခဲ့။ ဒါမှမဟုတ် လစ်လျူရှုခဲ့တာလည်း ဖြစ်နိုင်သည်။ စနက်တံကို မောင့်ဘက်မှ မီးရှို့လိုက်ပြီဆိုမှတော့ သူမလက်ထဲမှာ ရှိနေသည့် ကွန်ထရိုးကို လွှင့်ပစ်လိုက်ဖို့ပဲ ကျန်တော့သည် မဟုတ်လား။ ထိုနေ့မှစ၍ မောင့်ကို သူမဘဝထဲမှ ကြွပ်ကြွပ်အိတ်ခွံတစ်ခုလို၊ အမှိုက်တစ်စလို စွန့်ထုတ်ပစ်လိုက်သည်။
ပတ်ဝန်းကျင်၏ အတင်းအဖျင်းမြားမိုးအောက်မှာ သူမ မယိုင်လဲစေရ၊ ခြေလှမ်းမတွန့်စေရဟူသော မာနဖြင့် မောင်မရှိတော့သည့် နေ့စွဲစိမ်းတွေကို၊ သို့မဟုတ် လောကကြီး၏ နေ့သစ်တွေကို သူမဖြတ်သန်းနိုင် ခဲ့သည်။
" အပျိုကြီး ဘယ်လဲ … အဟဲဟဲ … "
ပတ်ဝန်းကျင်မှ ပရောပရီစကားလုံးတွေ လိမ်းကျံထားသည့် ရွံစရာမြွေသတ္တဝါတွေကို အော့နှလုံးနာစွာ၊ တင်းမာခက်ထန်စွာနှင့် မာနကို မြိနေအောင်သွေးကာ သူမဘဝကို လုံခြုံအောင် ကာကွယ်ထားခဲ့ရသည်။ ကာကွယ်ထားနိုင်ခဲ့သည်။ တစ်ချိန်က ချစ်မြတ်နိုးစွာခေါ်ခဲ့သည့် မောင်ဆိုသော စကားလုံးကိုတော့ အကြောင်းတိုက်ဆိုင်တိုင်း နာမ်စားတစ်ခုအဖြစ် သူမသုံးနေမိဆဲဖြစ်သည်။
ငါးနှစ်ကျော် ကြာခဲ့ပြီမောင် … ။ နှလုံးသားရဲ့ အမာရွတ်တွေက ခုချိန်ထိကို မကျက်နိုင်သေးဘူး … ။ လမ်းလျှောက်လာတဲ့ကော်ဖီခွက်တွေကို ကျွန်မ သိပ်မုန်းတယ် မောင် … ။
***                                  ***                                  ***
ဘဝမှာ ကော်ဖီခါးခါးတစ်ခွက်နှင့် ကလောင်တစ်ချောင်းရှိလျှင် သူမအတွက် အရာရာပြည့်စုံနေပြီဟု ယူဆခဲ့ဖူးသည်။ ကံတရားသည် သူမအတွက် ကော်ဖီခါးခါးတစ်ခွက်ကို ဘဝရဲ့ရသအဖြစ် ဖျော်ပေးခဲ့ပြီ။ နှလုံးသွေးကိုဖောက်ကာ ကလောင်ကိုင်ဖို့အတွက်တော့ သူမတာဝန်သာ ဖြစ်သည်။
လောလောဆယ် စာဆက်ရေး၍ မရတော့မည့်အတူတူ စာကြည့်မီးလုံးလေးကို ပိတ်ပစ်လိုက်သည်။ ထို့နောက် အိပ်ယာထက်သို့ ညင်သာစွာလှဲချလိုက်ရင်း သူမ၏ မျက်ဝန်းတွေကို မှေးမှိတ်ထားလိုက်သည်။
ခဏအကြာမှာတော့ ပြတင်းပေါက်မှဝင်လာသည့် လရောင်အောက်မှာ မှေးစက်နေသော သူမ၏ အသက်ရှုသံမျှင်းမျှင်းက ညကိုအဖော်ပြုကာ ပျံ့လွင့်လာသည်။ ကုတင်ဘေး စာရေးစားပွဲပေါ်မှာတော့ ခြစ်ရာဖျက်ရာများ ပြည့်နေသည့် စာရွက်ပေါ်မှ အဖုံးဖွင့်ထားသော ဘောပင်တစ်ချောင်း၊ သောက်လက်စ ကော်ဖီတစ်ခွက်တို့က လရောင်အောက်မှာ ငိုက်မြည်းရင်း ကျန်နေရစ်ခဲ့သည်။

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
***                                  ***                                  ***
       

                  

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း