နားလည်မှုနဲ့ တည်ဆောက်ထားတဲ့မျဉ်းပြိုင်



            အကြောင်းကြောင့် အကျိုးဖြစ်သည်။ အကျိုးကြောင့် အကြောင်းဖြစ်သည်ဆိုလျှင် လောကမှာရှိသည့် အဖြစ်အပျက်အကြောင်းအရာ ဟူသမျှသည် ဒီနိယာမတရားနှင့် မလွတ်ကင်းနိုင်။ ထားတော့။ ပြောလိုသည်က ကျွန်တော်နှင့် ကျွန်တော့်ချစ်သူအကြောင်း…။
            သူမနှင့် ကျွန်တော် သိပ်ကိုချစ်ခဲ့ကြပါသည်။ ကြားလေသွေးလျှင် ဝေးသွားမလား ဆိုရလောက်အောင် ကဲကဲဆတ် မဟုတ်သော်လည်း နားလည်မှုတွေ အပြည့်အသိပ်ဖြင့် ချစ်ခဲ့ကြခြင်း ဖြစ်သည်။ ကျွန်တော့်ဘဝထဲသို့ သူမတိုးဝင်မလာခဲ့သလို သူမဘဝထဲသို့လည်း ဆွဲမခေါ်ခဲ့ပါ။ အများတကာတွေ တစ်ဦးကိုတစ်ဦး ပိုင်ဆိုင်ဖို့ ကြိုးစားနေချိန်မှာ သူမနှင့် ကျွန်တော်ကတော့ နားလည်မှုတွေကိုပဲ တန်ဖိုးထားခဲ့ကြသည်။ အချစ်ဆိုတာ ပိုင်ဆိုင်ခွင့်ရှိမှ၊ မဏ္ဍပ်တိုင်တက်ပြနိုင်မှ မဟုတ်ဘဲ။ အဲဒီလိုနဲ့ …။

            ***                                                       ***                                                       ***
            " ပန်းတစ်ပွင့်ခူးပြီး ရပ်မနေပါနဲ့
   ရှေ့မှာ သင့်အတွက်
   ပန်းဥယျာဉ်ကြီး ရှိတယ် …"
တဂိုး၏ ကဗျာတစ်ပုဒ်ကို လိုရာဆွဲ၍ ရောင်စုံပန်းခင်းကြီးထဲတွင် တစ်ပင်မှတစ်ပင်၊ တစ်ပွင့်မှတစ်ပွင့် ကျွန်တော် ပျံဝဲခဲ့သည်။ ဝဲခဲ့ဖူးသည့် ပန်းပွင့်လေးတွေအကြောင်း သူမထံမှာ ရင်ဖွင့်ရင်း သူမ၏ မှတ်ချက်လေးတွေထဲမှာလည်း ပျော်ဝင်ခဲ့ဖူးသည်။ အချစ်ဆိုတာ အာရုံငါးပါးထဲက တစ်ပါးပါးနှင့် စသည်ဟု ကြားခဲ့ဖူးသည်။ သူမနှင့် ကျွန်တော့်မှာတော့ နားလည်မှုက စ-သည် ထင်သည်။ ကျွန်တော့်နှုတ်ဖျားက စကားသံထက် ရင်ဘတ်ထဲက ဘာသာစကားကို တံခါးမခေါက်ဘဲ သူမက သိနေခဲ့သည်။ ရန်ဖြစ်စိတ်ကောက်ကြသည့်အခါ စိမ်းမြထက်မြိနေသော အရိုင်းဆန်သည့် မာကြောကြောအကြည့်ထက် နူးညံ့ပျော့ညွှတ်နေသော နှလုံးတစ်စုံ၏ ဆန္ဒမှန်ကို သင်ပုန်းကြီးကျေသလို ကျွန်တော်ကျေညက်ခဲ့သည်။
အဖြူရောင်စည်းကို စတင်ကျူးကျော်သူက ကျွန်တော်သာဖြစ်ပြီး ဒုတိယနှစ်စာမေးပွဲတွေပြီး၍ သူ့ကို ကားဂိတ်သို့ လိုက်ပို့ချိန်မှာ ဖြစ်ခဲ့သည်။ မှတ်မှတ်ရရ အဲဒီနေ့က မိုးမရွာပါ။ ရုပ်ရှင်တွေထဲမှာလို နှင်းတွေလဲ ကျမနေခဲ့။ ဒီဇင်ဘာလရဲ့ နေ့ခင်းတစ်ခုမှာဖြစ်သည်။ ဟိုစဉ်တုန်းကတော့ သူမမြို့လေးဆီသို့ပြန်တိုင်း ကားဂိတ်ကို ကျွန်တော်လိုက်ပို့နေကျ။ နှလုံးသားမှာ ဘာတစ်ခုမှ ထိထိရှရှ မခံစားခဲ့ရ။ ခံစားမှုလှိုင်းက နှလုံးသားကျောက်ဆောင်ကို မရိုက်ပုတ်သေးချိန်လည်း ဖြစ်နိုင်သည်။ ရင်ဘတ်ထဲက နှလုံးသားတစ်စုံရဲ့ အရောင်ပြောင်းလဲမှုကို သိလိုက်ရချိန်မှာတော့ ကျွန်တော့်အတွေးတွေအားလုံးက လှိုင်းပုတ်ခံနေရသည့် လှေတစ်စင်းလိုပင်။ ရိုးသားစွာနဲ့ မရိုးသားတော့တဲ့အကြောင်း ဝန်ခံလိုက်ရမလား။ ဟင့်အင်း …။
စိတ်ကူးထဲက ယိမ်းယိုင်နေသည့် အတွေးတွေကို ခေါင်းရမ်းခါထုတ်လိုက်ပြီးနောက် သူမကို သယ်ဆောင်သွားမည့် ကားကြီးကို ကြည့်လိုက်မိသည်။ အိုး လူတွေတောင် ပြည့်နေမှပဲ။ မကြာမီ ကားထွက်တော့မည်။ ဒီမြို့လေးနဲ့ ဝေးရာကို သယ်ဆောင်သွားတော့မည်။ နောက်တော့ ကျွန်တော်နဲ့ဝေးရာကို ရောက်သွားတော့မည်။ အတွေးအဆုံး ကားပြတင်းပေါက်မှာ တွဲလောင်းချထားသည့် သူမလက်ကလေးကို ခပ်တင်းတင်း ဖြစ်ညှစ်လိုက်ရင်း …
" ဟိုရောက်ရင် ဖုန်းဆက်လိုက်ဦးနော် … "
သူမ မျက်ဝန်းလဲ့လဲ့ဖြင့် ခေါင်းညိတ်ပြသည်။
            " အောင်စာရင်းထွက်ရင် လှမ်းအကြောင်းကြားလိုက်မယ် … "
သူမ ပြုံးစစဖြင့် ခေါင်းညိတ်ပြန်သည်။
            " ကျောင်းဖွင့်တာနဲ့ ပြန်လာခဲ့နော် … "
သူမ ခေါင်းညိတ်လိုက်ရပြန်သည်။ ကားထွက်ောတ့ သူမ ကျွန်တော့်ကို စကားတစ်ခွန်းဖြင့် ကောင်းချီးပေးသွားသည်။
            " အရူး …"
နေကျဲကျဲတောက်ပူနေတဲ့ ကားဝင်းထဲမှာ ကျွန်တော့်တစ်ကိုယ်လုံး အေးမြလို့…။
            ***                                                       ***                                                       ***
            ကျောင်းတွေပြန်ဖွင့်တော့ ပိုလှလာမည်ဟုထင်ထားသော ကျွန်တော့်အထင်နှင့် ဆန့်ကျင်စွာ သူမက ထူးထူးခြားခြား လှမလာခဲ့ချေ။ ဆံပင်အနည်းငယ် ပိုရှည်လာသည်မှအပ သိပ်မပြောင်းလဲခဲ့။ ပြောင်းလဲသွားသည်က ကျွန်တော်တို့နှစ်ယောက်၏ ပတ်သက်မှုသာ ဖြစ်သည်။ ကျွန်တော်ဟာ ဝတ်ရည်စုပ်ငှက်တစ်ကောင် မဟုတ်ဘူးဆိုတာကိုတော့ ကျိန်ပြောဝံ့ပါသည်။ ကျွန်တော်က ပန်းကလေးတွေကိုချစ်တဲ့လိပ်ပြာတစ်ကောင်သာ ဖြစ်သည်။ ချစ်ခဲ့ဖူးတဲ့ ပန်းကလေးတွေထက်၊ နောက်ပြီး ကိုယ့်ကိုယ်ထက်ပင် သူမကို ချစ်သည်။ လေပြေအသွေးတွင် လွင့်ဝဲသွားတတ်သည့် ဆံနွယ်လေးကိုလည်း ချစ်သည်။ မျက်ခုံးထူထူတန်းတန်းလေးအောက်မှ မျက်ဝန်းနက်နက်လေးများကိုလည်း ချစ်သည်။ ချစ်သူ၏ ဝါညက်ညက်ပါးပြင်လေးကိုလည်း ချစ်သည်။
            တစ်ခါတရံတွင် ကျွန်တော်က ချစ်သူ၏ဆံနွယ်ထက်မှ ရနံ့သင်းသည့် စံပယ်ပွင့်လေးတွေ ဖြစ်ချင်သည်။ မြူမှုန်ဖုန်မှုန့်တွေ မဝင်အောင် ကာဆီးပေးသည့် မျက်တောင်ကော့လေးလည်းဖြစ်ချင်သည်။ ချစ်သူ၏ ပါးပြင်ထက်မှာ အလှဆင်တတ်သည့် ပါးကွက်ကြားလေးလည်း ဖြစ်ချင်သေးသည်။ နြေ္ဒသိက္ခာနှင့်ပတ်သက်၍ အရမ်းမာနကြီးသည့် သူမသည် တစ်ခါတရံ ရှေးရိုးအနည်းငယ်ဆန်တတ်သေးသည်။ ကျွန်တော့်အတွက်တော့ ရှားပါးစပြုလာသည့် ရိုးရာအရုပ်လေးတစ်ရုပ်သာဖြစ်သည်။ ဒီရိုးရာရုပ်လေးကို ကျွန်တော်ချစ်သည်။ ပိုင်ဆိုင်လိုခြင်းထက် ချစ်ခြင်းတရားသက်သက်ဖြင့် ချစ်ခဲ့ခြင်းဖြစ်သည်။ ပိုင်ဆိုင်ဖို့ ကြိုးစားလိုက်သည်နှင့် အချစ်အတွက် ရိုးသားမှု မရှိတော့မှာကို စိုးရိမ်မိ၍ဖြစ်သည်။ အချစ်ထံမှ ဘာတစ်ခုမျှ မတောင်းဆိုချင်ခဲ့။ လိုချင်၍ တောင်းဆိုလိုက်သည်နှင့် ထိုအရာသည် အချစ်ဟန်ဆောင်ထားသည့် အတ္တအဖြစ် ပုံပြောင်းသွားတတ်သောကြောင့် ဖြစ်သည်။ ချစ်သူ့ပါးပြင်သည် ကျွန်တော့်အတွက် တစ်ကြိမ်တစ်ခါသာ ပန်းဖြစ်ခဲ့ဖူးသည်။ သူငယ်ချင်းဆိုသည့် စည်းတစ်ဖက်မှ ချစ်သူ့နယ်သစ်ဆီသို့ ချဉ်းနင်းဝင်ရောက်စဉ်တုန်းက ဖြစ်သည်။
            ချစ်သူဖြစ်ပြီးသည့်နောက်ပိုင်း စာမတော်သော်လည်း စာကြိုးစားသည့်သူမကြောင့် ကျွန်တော်၏ အတန်းချိန်တချို့ မှန်ခဲ့သလို လက်ချာချိန်တချို့တွင်လည်း သူမက အတန်းလစ်ကာ ကျောင်းကဲင်န်တီးတွင် ကျွန်တော်နှင့်အတူ အချိန်ဖြုန်းတတ်သေးသည်။ မကြာခဏ နှစ်ယောက်သားတွေ့ဖြစ်သည့် နေရာတွေက သူမတို့အဆောင်ဧည့်ခန်းမှာ၊ ကျောင်းနားက လက်ဖက်ရည်ဆိုင်မှာ၊ တစ်ခါတရံ ကျောင်းဝင်းထဲက ခုံတန်းပြာလေးပေါ်မှာ …။ ညနေခင်းတချို့တွင် သူမနှင့် ကျွန်တော် မြစ်ကမ်းတလျှောက်တာရိုးပေါ်မှာ လေညင်းခံရင်း လမ်းလျှောက်ဖြစ်ခဲ့ကြသည်။
            နှစ်ယောက်သား ပြောဖြစ်သည့် စကားတွေကလည်း တကယ့်ကိုတောရောက်တောင်ရောက်။ အမေရိကန်သမ္မတ အိုဘားမားအကြောင်း၊ ဝက်တုပ်ကွေးအကြောင်း၊ ပျားမြီးရွက်က ဆီးချိုပျောက်သည့်အကြောင်း၊ အိမ်မှာ ပျားမြီးပင်တွေ စိုက်ထားကြောင်း၊ အိမ်ကညီမလေး ကျူရှင်အပြန် ကောင်ကလေးတွေ လိုက်လိုက်နေလို့ အကြိုအပို့ လုပ်နေရကြောင်း၊ ဒီတစ်ခါကျောင်းပိတ်ရင် သူမတို့မြို့လေးဆီသို့ အလည်လိုက်လိုကြောင်း…။
            သူမကလည်း ကြည့်ခဲ့ဖူးသည့် ကိုရီးယားဇာတ်လမ်းတွဲတွေအကြောင်း၊ ကိုရီးယားယဉ်ကျေးမှု အချိုးအစားများများ အရောအနှော ခံလိုက်ရသည့် အခုခေတ်မိန်းကလေးများ၏ ဝတ်စားဆင်ယင်မှု၊ သူမဖတ်ခဲ့ဖူးသည့် စာအုပ်များနှင့် စာရေးဆရာများအကြောင်း၊ ကျောင်းပိတ်လျှင် သူမတို့မြို့လေးဆီသို့ အလည်မလိုက်စေလိုကြောင်း၊ အဒေါ်အပျိုကြီးများက စည်းကမ်းတင်းကြပ်ကြကြောင်း စသည်ဖြင့် စုံစီနဖာပင်။ သူမနှင့် ကျွန်တော်၏ နှလုံးသားကဗျာကို ရင်းနှီးသည့် သူငယ်ချင်းတစ်ဦးက …
            " မင်းတို့နှစ်ယောက်က နားလည်မှုဆိုတဲ့စကားကို ခုတုံးလုပ်ပြီး အချစ်ကိုလှည့်စားနေတာပဲ၊ ကိုယ့်ကိုယ်ကို လှည့်စားနေတာ၊ သိပ်ချစ်လာတဲ့အခါမှာ မျက်စိအောက်ကကို အပျောက်မခံနိုင်တော့ဘူး၊ နားလည်မှုဆိုတာ ခပ်ပါးပါးပဲ၊ နားလည်မှုနဲ့ တည်ဆောက်ထားတယ်ဆိုရင်လည်း ဒါဟာ သိပ်မချစ်ကြလို့ နားဝင်ကောင်းအောင် အကြောင်းပြတာ သက်သက်ပဲ… "
            သူငယ်ချင်း၏ ခပ်ပြင်းပြင်ဝေဖန်သံကို ကျွန်တော်ပုခုံးတစ်ချက်တွန့်ကာ ခါချပစ်လိုက်သည်။ ဒါဖြင့် အချစ်ဆိုတာ ချုပ်ချယ်မှုလား၊ ခွင့်မလွှတ်နိုင်မှုလား။
            သူမနှင့် ကျွန်တော်ကတော့ တစ်ဦးကိုတစ်ဦး မချုပ်ချယ်ခဲ့ကြပါ။ မကန့်သတ်ခဲ့ကြပါ။ ဒါပေမယ့် သိပ်ချစ်ခဲ့ကြသည်ဆိုတာကတော့ နှစ်ဦးစလုံး ခံစားနားလည်နိုင်ကြပါသည်။ ချုပ်ချယ်မှ၊ ကန့်သတ်မှ အချစ်ဆိုလျှင်လည်း ထိုအရာသည် သိပ်မခမ်းနားလှသည့် အချစ်တစ်ခုသာ ဖြစ်နိုင်ပါသည်။ အချစ်ဆိုတာ ဘာလဲ။ ချုပ်ချယ်မှုလား၊ လွတ်လပ်ပွင့်လင်းမှုလား၊ ရယူခြင်းလား၊ ပေးဆပ်ခြင်းလား၊ ခါးသီးခြင်းလား၊ ချိုမြိန်ခြင်းလား၊ ခွဲခွာခြင်းလား၊ ပေါင်းစပ်ခြင်းလား၊ ပန်းသီးတစ်လုံးလား၊ ချောကလက်တစ်ခုလား … ။
            ဘာတစ်ခုမျှ ကျွန်တော်သေချာမသိပါ။ အများတကာသတ်မှတ်ထားသည့် အချစ်ဆိုတာ ဘာမှန်းမသိဘဲနှင့် ကျွန်တော်တို့ သိပ်ချစ်ခဲ့ကြပါသည်။ သူမနှင့် ကျွန်တော့်ကြားတွင်ရှိသော ချစ်ခြင်းတရားမှာ နားလည်မှုသက်သက်သာ ဖြစ်နေခဲ့သည်။ အဆင်း၊ အနံ့၊ အရသာ၊ အသံ၊ ထိတွေ့မှု စသည့် အာရုံငါးပါး၊ တစ်ပါးနှင့်မှ မငြိတွယ်ဘဲ နားလည်မှုကြောင့်သာ ချစ်ခဲ့ကြခြင်းဖြစ်သည်။ အချစ်က တစ်ခါတရံ အဲဒီလိုပဲ ထူးဆန်းတတ်သည် ထင်သည်။
            ***                                                       ***                                                       ***
            " ဒီမှာဗျ ဒီမှာ … "
            သူမနှင့် ကျွန်တော် နောက်လှည့်ကြည့်လိုက်တော့ အားတုံ့အားနာဟန်နှင့် ရပ်နေသည့် အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရသည်။ သူက ကျွန်တော့်လက်မှာဆွဲထားသည့် ကျွတ်ကျွတ်အိတ်ထဲမှ သင်္ဘောသီးမှည့်နှစ်လုံးကို တစ်ချက်ဝေ့ကြည့်လိုက်ရင်း …
            " ဟိုလေ ညီ၊ အားတော့နာတယ်၊ ကိုယ့်ကို သင်္ဘောသီးတစ်လုံးလောက် မျှပါလား၊ ကိုယ့်အမျိုးသမီး ကျွေးချင်လို့ ဈေးထဲပတ်ရှာနေတာ သုံးပတ်တောင်ရှိပြီ၊ ရှာမရဘူး။ ထိုင်ဝမ်သင်္ဘောသီးကျတော့လည်း ဓာတုဆေးဝါးတွေနဲ့ဆိုတော့ ကိုယ့်ရင်သွေးလေး ထိခိုက်မှာစိုးလို့။ အမျိုးသမီးချဉ်ခြင်းတပ်တာကလည်း သင်္ဘောသီးမှ သင်္ဘောသီးဆိုတော့ ကူညီနိုင်ရင် ကူညီပါကွာညီရာ နော် … "
            ခပ်လှမ်းလှမ်းမှာ ရပ်နေသည့် ပန်းနုရောင်ဗိုက်ဖုံးအင်္ကျီလေးနှင့် ကျောင်းစိမ်းလုံချည်ဝတ်ထားသည့် အားနာမှုတို့စွန်းထင်းနေသော ဆရာမတစ်ယောက်၏ ပုံရိပ်ကိုကြည့်ရင်း ကျွတ်ကျွတ်အိတ်ထဲက သင်္ဘောသီးကို ထုတ်ယူလိုက်သည်။
            " ကို … "
ငဲ့ကြည့်လိုက်တော့ ဝေခွဲမရဖြစ်နေသည့် သူမက ဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့်
            " နှစ်လုံးစလုံး ပေးလိုက်ပါလား ကိုရဲ့ … "
            " ဟာ အားနာစရာကြီးဗျာ၊ တစ်လုံးဆိုရပါပြီ။ မျှပေးတာကိုပဲ ကျေးဇူးတင်လှပါပြီ။ ရိုင်းတယ်လို့လဲ မထင်နဲ့ဗျာ၊ ကျွန်တော် ဘယ်လောက်ပေးရမလဲဟင် … "
            သူမက ဇွတ်အတင်းပင် သင်္ဘောသီးနှစ်လုံးကို ထည့်ပေးလိုက်သည်။ ဝယ်စဉ်က မဖြစ်စလောက်ပေးခဲ့သည့် တန်ဖိုးငွေကို ထိုအစ်ကိုထံမှ ယူထားလိုက်ခြင်းကိုမူ စဉ်းစားမရဖြစ်ရသည်။ ထိုနေ့က သူမနှင့်ကျွန်တော် ဈေးသွားခဲ့ခြင်းမှာ သင်္ဘောသီးဝယ်ရန်မဟုတ်။ အဆောင်မှာထိုင်စကားပြောနေရင်း ဗိုက်ဆာလာ၍ ဈေးသို့မုန့်ဟင်းခါးစား လာခြင်းဖြစ်သည်။ ဆေးအုပ်ထားခြင်းမဟုတ်ဘဲ ပင်မှည့်ဖြစ်သည့် ဗမာသင်္ဘောသီးလက်ကျန်နှစ်လုံးကို အဆင်သင့်တွေ့၍ ဝယ်လာခဲ့ခြင်းသာဖြစ်သည်။
            သူမသည် တစ်ခါတရံ ဘာသာစကားခက်ခဲသည့် စာအုပ်ထူကြီးနှင့်တူသည်။ တစ်ခါတရံမှာတော့ ခပ်နက်နက်ရေပြင်တစ်ခု၏ မျက်နှာပြင်ကို ကြည့်ရသလို ခံစားရသည်။ မြိုသိပ်မထားတတ်သည့် ကျွန်တော်က သူမ၏မျက်ဝန်းနက်နက်လေးများကိုကြည့်ရင်း…
            " ဘာဖြစ်လို့ ယူထားလိုက်တာလဲကွာ၊ သူ့မှာလည်း တကယ်လိုအပ်နေတယ်၊ ပေးလိုက်လို့လဲ ကိုယ့်မှာ ဘာမှမထိခိုက်ဘူး၊ လက်ဆောင်ဆိုရင် ဘယ်လောက်လှသွားမလဲ၊ ခုတော့ နဲနဲရုပ်ဆိုးသွားတာပေါ့၊ အကြောင်းတစ်ခုခု ရှိတယ်ဆိုတာ သိပေမယ့် ဘာအကြောင်းလဲဆိုတာကိုတော့ ကိုယ်စဉ်းစားလို့ကို မရဘူး၊ ပြောစမ်းပါဦး … "
            သူမမျက်နှာပေါ်မှာ ပွင့်လန်းသွားသည်က ပန်းတစ်ပွင့်၏ နံနက်ခင်းအပြုံး။ ထို့နောက် ဟိုဟိုဒီဒီကြည့်၍ ဈေးပေါက်ဝမှာတောင်းရမ်းနေသည့် မြေးအဖိုးနှစ်ယောက်၏ ခွက်ထဲသို့ ခုနကပိုက်ဆံကို အကုန်လုံးထည့်လိုက်သည်။ သူမ၏ အတွေးတချို့က တစ်ခါတရံတော့ အနည်းငယ်ဆန်းသယောင် ထင်ရသည်။
            " ဒီလို ကိုရဲ့၊ သူတို့လိုချင်တာရလို့ ဝမ်းသာသွားတာလည်း တွေ့သားပဲ၊ လက်ဆောင်ပေးလိုက်ရင် ကျေးဇူးတင်နေရမှာပေါ့။ မသိတဲ့လူက လက်ဆောင်ပေးတာဆိုတော့ ပြန်တွေးမိတိုင်း အားနာနေရမှာ၊ ကျေးဇူးတင်နေရမှာ ဘယ်လောက်ပင်ပန်းသလဲ၊ သင်္ဘောသီးဖိုးလက်ခံလိုက်တော့ သူတို့စိတ်သက်သာရာ ရတာပေါ့၊ နောက်ပြီးတော့လည်း … "
            " နောက်ပြီးတော့ ဘာလဲ၊ ဆက်ပြောလေ … "
            သူမထံမှ ဘာစကားသံမှ ထပ်ထွက်မလာတော့သော်လည်း ကျွန်တော့်နှလုံးသားတယောကို သူမ၏ဘိုးတံရယ်သံမျှင်မျှင်လေးဖြင့် ညင်းညင်းလေးတို့ထိကစားနေတော့သည်။ အချစ်ဆိုတာ နှလုံးသားနှစ်ခု ထိတွေ့ရာမှ ပေါ်ပေါက်လာသည့် တေးသွားတစ်ခုသာဖြစ်သည်။ အချစ်မှာ နားလည်မှုအပြင် တေးသွားတစ်ပုဒ် ရှိနေသေးကြောင်း ကျွန်တော် သိလိုက်ရသည်။
          ***                                           ***                                           ***
          " ကိုယ်တို့ ဘာဆက်လုပ်ကြမလဲဟင် … "
          ရေစိုနေသည့် သောင်ပြင်မွမွပေါ်သို့ ဖွဖွလေး နင်းလျှောက်နေရာမှ မော်ကြည့်လာသည့် ချစ်သူ၏ မျက်ဝန်းနက်လေးများက အနည်းငယ်စိုစွတ်နေသယောင်ယောင် … ။ ဒီမျက်ဝန်းတွေထဲမှာ ဝမ်းနည်းခြင်း၊ နာကျင်ခြင်း၊ အာခံခြင်း၊ ထီမထင်ခြင်း အဓိပ္ပါယ်မျိုးစုံတို့ ပြည့်လျှံလျက်ရှိသည်။ ပုခုံးကိုမှီတွယ်လာသည့် သူမကို အသာပွေ့ဖက်လိုက်ရင်း သောင်စပ်တစ်လျှောက် ဆက်လျှောက်လာခဲ့လိုက်သည်။ ထိုနေ့က မြစ်ကမ်းတစ်လျှောက် လေအနည်းငယ်ထန်၍ သောင်စပ်တွင် ဝါကြန့်ကြန့်လှိုင်းမြှုပ်လေးများ တင်ကျန်လျက်ရှိသည်။ အဝါရောင်သောကများကတော့ သူမနှင့် ကျွန်တော့်နှလုံးသားပေါ်မှာ …။
သူမကို အိမ်နှင့် မိတ်ဆက်ပေးထားသည်မှာ တနင်္ဂနွေနှစ်ပတ်ပင် မရှိသေး။ အဲဒီတုန်းကတော့ အစစအရာရာ အဆင်ပြေသည်။ ညီမငယ်နှစ်ယောက်နှင့်လည်း အဖွဲ့ကျသည်။ မေမေနှင့်လည်း စကားတွေဖောင်ဖွဲ့လို့။ စကားနည်းသည့် ဖေဖေသည်ပင် စကားဝင်ဝင်ပြီး ထောက်တတ်သေးသည်။ ရိုးရိုးယဉ်ယဉ်နှင့် နြေ္ဒရသည့် သူမကို တစ်အိမ်သားလုံး လက်ခံလိမ့်မည်ဟု ကျွန်တော့်ဘက်မှာ အပိုင်တွက်ထားခဲ့ဖူးသည်။ ထိုစဉ်တုန်းက ပျက်ယွင်းသွားသည့် မေမေ့မျက်နှာကို ကျွန်တော် ဘာကြောင့်များ သတိမထားခဲ့မိပါလိမ့်။ သူမကတော့ သတိပြုမိသည်ဟု ဆိုသည်။
ကျွန်တော်ကျောင်းပြီးသည်နှင့် ဆရာမတစ်ယောက်သမီးနှင့် လက်ထပ်ပေးမှာဆိုသော သတင်းမှားကို မေမေဘယ်လိုများ သူမထံကိုပို့ခဲ့တာပါလိမ့်။ မေမေ လက်မခံနိုင်သည်က သူမကို မဟုတ်ဘဲ သူမ၏ ဖြစ်တည်မှုကို ဖြစ်သည်။ မာနစီးချင်းထိုးရင်း နောက်အိမ်ထောင် အသီးသီးနှင့်ဖြစ်နေသော သူမ၏ မိဘများ။ အဒေါ်များ၏ အုပ်ချုပ်မှုအောက်မှာနေခဲ့ရသည့် သူမဘဝ။ ဒီအခြေအနေတွေက သူမ၏ အတွေးအခေါ်၊ အယူအဆ၊ သူမ၏ စိတ်ဓာတ်ကို တစ်နည်းတဖုံ ရိုက်ခတ်ပြောင်းလဲစေလိမ့်မည်။ မိဘနှစ်ပါးရဲ့ဗီဇစရိုက်က သူမထံမှာ ရာနှုန်းပြည့်မဟုတ်တောင် အနည်းအကျဉ်းတော့ ရှိနေလိမ့်မည်ဟူသော မေမေ့ရဲ့စွပ်စွဲချက်က တစ်ဆင့်ပြန်ကြားရသည့် သူမအတွက်တော့ ထိချက်ပြင်းလွန်းလှသည်။ ဘဝကို စုတ်ချက်လှလှရေးခွင့်မရသူတွေက ဆေးစက်ကျရာမှာ ဘဝဖြစ်တည်နေရတာကို မေမေဘာကြောင့်များ မစာနာနိုင်ရတာပါလိမ့်။ မေမေ့မေတ္တာကို ခံစားနားလည်နိုင်သော်လည်း ကပ်ပါလာသည့် အတ္တပါးပါးလေးကြောင့် သူမနှင့်ကျွန်တော်၏ အိပ်မက်သည် မှုန်ဝါးလွန်းလှသည်။
ငြိုးရိပ်သင့်နေသော ကောင်းကင်ကြီးအောက်တွင် လမ်းလျှောက်နေရင်းမှ ဖြတ်ခနဲမော့်ကြည့်လာသည့် သူမ၏ မျက်ဝန်းတို့က တည်ငြိမ်လွန်းလှသည်။ သူမထံမှ ပျံ့လွင့်လာသည့် ညံ့သက်သိမ်မွေ့လွန်းသည့်  စကားလုံးတို့က အတိတ်ဆီမှဖြတ်သန်းတိုက်ခတ်လာသည့် လေညင်းလေးလိုပင်… ။
" ကို သိလား ... ၊ ကျွန်မငယ်ငယ်ကတည်းက မိဘရဲ့မေတ္တာကို အပြည့်အဝ မရခဲ့ဖူး။ ပထမတော့ ဖေဖေပေါ့၊ နောက်တော့ မေမေ။ သူတို့တတွေက ဘဝအသစ်၊ မိသားစုအသစ်နဲ့ ပျော်နေကြချိန် ကျွန်မကတော့ ကစားဖော်မရှိ ဘာမရှိနဲ့ အထီးကျန်ကလေးတစ်ယောက်ရဲ့ ဘဝမှာ အပျော်ဆိုတာ ဘာမှန်း မသိခဲ့ရဘူး။ တကယ်တော့ ကျွန်မဘဝထဲက သူတို့တွေ ထွက်သွားကြတာ မဟုတ်ဘူး။ သူတို့ဘဝထဲကနေ ကျွန်မကို ဆွဲထုတ်ပစ်ခဲ့ကြတာ၊ ထားရစ်ခဲ့ကြတာ။ အဲဒီခံစားချက်က သိပ်ဆိုးတာပဲ ကိုရယ်။ ငယ်ငယ်ကတည်းက ခုချိန်ထိ တစ်ယောက်ယောက်က ထားရစ်ခဲ့မှာကို ကြောက်နေတုန်းပဲ။ ကျွန်မဆီမှာ ဘယ်သူမှ မရှိတော့ဘူး။ ဒါပေမယ့် ကြောက်နေတုန်းပဲ။ ကျွန်မက အတ္တနဲနဲကြီးတယ် ကိုရဲ့။ ဘာကိုပဲဖြစ်ဖြစ် အပြည့်အဝပဲ လိုချင်တယ်။ ကျွန်မပိုင်ပြီးသားအရာတစ်ခုကို ဘယ်သူ့ကိုမှ မမျှဝေနိုင်ဘူး။ အခြေအနေ အမျိုးမျိုးကြောင့် မျှဝေခဲ့ရရင်လည်း တန်ဖိုးတစ်ခုခုကို ပြန်ယူတတ်တာ ကျွန်မအကျင့်ဖြစ်နေပြီ။ ကို မှတ်မိသေးလား၊ ဟိုတလောက ဈေးထဲမှာ အစ်ကိုတစ်ယောက်ဆီက သင်္ဘောသီးဖိုး လက်ခံလိုက်တာကိုလေ။ ကျန်တဲ့သူအတွက်ဆိုရင် အလကားပေးပစ်ချင် ပေးပစ်မိမှာ။ ခုတော့ ကျောင်းစိမ်းဝတ်ထားတဲ့ ဆရာမတစ်ယောက်အတွက် ဖြစ်နေတယ်။ ဆရာမတစ်ယောက်ရဲ့ သမီးနဲ့ သဘောတူထားတယ်ဆိုတဲ့ ကို့မေမေရဲ့ စကားကြားပြီးကတည်းက ကိုနဲ့ပတ်သက်ပြီး သူတို့တွေကို မုန်းတယ်။ အို အားလုံးကို မုန်းတယ် … "
ဖြတ်ခနဲ ငုံ့ကြည့်လိုက်တော့ မြစ်ပြင်ဘက်မှ ခပ်ကြမ်းကြမ်းတိုက်ခတ်လာသည့် လေစီးကြောင်းထဲတွင် သူမ၏ဆံနွယ်တို့က အရိုင်းဆန်စွာ၊ ဆတ်ဆတ်ခါ နာကျင်နေသည့် နှလုံးသားမှသွေးစက် စကားလုံးတို့က စည်းချက်မညီစွာဖြင့် စီးမျောသွားကြသည်။ မေမေ့ထံမှ " ဆိုက်ကို၊ ဆိုက်ကို " ဆိုသည့် စကားသံကို ကြားယောင်မိချိန်မှာတော့ ချစ်သူထံမှ အကြည့်တို့ကို အားနာစွာ လွှဲဖယ်ပစ်လိုက်သည်။
" နောက်ပြီး ဖေဖေနဲ့ မေမေ ဘာကြောင့် လမ်းခွဲခဲ့ရသလဲ သိလား။ ဖွားဖွား အင်း ဖေဖေရဲ့ အမေကြောင့်ပေါ့။ ဖေဖေနဲ့ မေမေ့ကို သူက သဘောမတူဘူးလေ။ ခုလည်း ကို့မေမေက ကိုနဲ့ကျွန်မကို သဘောမတူဘူး မဟုတ်လား။ ကျွန်မတို့ရှေ့ဆက်တိုးရင် တစ်ချိန်မှာ နှစ်ယောက်စလုံးအတွက် နာကျင်စရာတွေ ဖြစ်လာလိမ့်မယ်။ ကျန်ရစ်ခဲ့သူက ကျွန်မ မဖြစ်ချင်ဘူး … ကို၊ ကျွန်မတို့ နားလည်မှုနဲ့ပဲ ရှေ့ဆက်ကြရအောင်နော် … "
နားလည်မှုဆိုတာ သိပ်မချစ်ကြလို့ နားဝင်ချိုအောင် အကြောင်းပြတာဆိုသည့် သူငယ်ချင်း၏ စကားသံကို ပြန်ကြားယောင်မိလိုက်သည်။ မဟုတ်ဘူး။ သူမရဲ့ စိတ်ခံစားမှုအားလုံး ကျွန်တော်သိနေခဲ့ပြီပဲ။ နောက်ပြီး ဒီလိုအခြေအနေမျိုးမှာ … ။ အလွယ်တကူမဟုတ်သော်လည်း ချစ်သောစိတ်တစ်ခုနှင့် သူမ၏ တောင်းဆိုမှုကို ကျွန်တော် ခေါင်းညိတ်ခဲ့သည်။ ထပ်ပြီး သိလိုက်ရသည်က အချစ်မှာ နားလည်မှုအပြင် လိုက်လျောမှုဆိုတာ ရှိနေသေးကြောင်း ဖြစ်သည်။
မှတ်မိသေးသည်။ ထိုနေ့က သူမ၏ ကျန်ပါးပြင်တစ်ဖက်သည် ပန်းတစ်ပွင့်ဖြစ်သွားခဲ့သလို ကျွန်တော့်နဖူးမှာလည်း ညင်သာနူးညံ့သည့် သင်္ကေတတစ်ခုကို သူမ ခပ်နှိပ်သွားသည်။ ကျွန်တော့်ရင်ထဲမှာ သူမ ရှိနေသလို သူမနှလုံးသားတစ်ထောင့်မှာလည်း ကျွန်တော်ရှိနေမှာကတော့ အသေအချာပင် ဖြစ်သည်။ သော့ခတ်မထားသည့် နှလုံးသားတံခါးတွေကို ဖွင့်မကြည့်ဖြစ်သည်မှာလည်း ယနေ့ထိအောင်ပင် ဖြစ်သည်။
***                                           ***                                           ***
သူမနှင့် ကျွန်တော် သိပ်ကို ချစ်ခဲ့ကြပါသည်။ ကျွန်တော့်ဘဝထဲသို့ သူမ တိုးဝင်မလာခဲ့သလို သူမဘဝထဲသို့လည်း ဆွဲမခေါ်ခဲ့ပါ။ ချစ်မြတ်နိုးစွာဖြင့် ကျွန်တော်တို့နှစ်ဦး နားလည်မှုတွေကိုပဲ တန်ဖိုးထားခဲ့ကြသောအခါ … ။

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
https://www.facebook.com/authorshintnyolay


Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း