လောကသာရပျို့
၅၃။ ကျေးဇူးပညာ၊ များစွာဂုဏ်အင်၊ ဗေဒင်တတ်သိ၊ ပညာရှိဟု၊ ကဝိပုဏ္ဏား၊ အများသမိုက်၊ သင်္သကရိုဋ်ကို၊ မြိုက်မြိုက်လျှာဖျား၊ စက်လားရဟတ်၊ ပတ်ပတ်သွင်သွင်၊ နှုတ်သံလွင်နှင့်၊ ပီပြင်မှုတ်မန်း၊ ဖြိုးဖြိုးဖြန်းလျက်၊ ကျယ်ဝန်းထွေပြား၊ အပါးပါးနှင့်၊ မှတ်သားကိန်းခန်း၊ ဆန်းနှင့်လင်္ကာ၊ နားဝင်စွာ၍၊ ဂါထာဘွဲ့ကျမ်း၊ ချီးမွမ်းစလောက်၊ မင်းပွဲမှောက်တွင်၊ တယောက်ပဏ္ဍိတ်၊ ပုရောဟိတ်ဟု၊ ဘိသိက်ဆရာ၊ မြောက်ထိုက်စွာသော၊ ဒိသာပါမုက်၊ မည်ထုတ်ကျော်အောင်၊ ကြိုးပမ်းဆောင်လျက်၊ တတ်ခေါင်လိမ်မာ၊ ရှေးအခါ၌၊ ဆရာမြောက်လှ၊ ဇာနက္ကသို့၊ လုံ့လကြိုးစား၊ မင်းတို့အားကို၊ စီးပွားရွက်ဆောင်၊ ကျေးဇူးရောင်ဖြင့်၊ လူ့ဘောင်ထွန်းလင်း တောက်စေမင်း။
စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော်
ကဗျာအမျိုးအစား - ပျို့
ခေတ် - အင်းဝခေတ်
Comments
Post a Comment