သူဇာပျို့
၅၄။ ကိုးမျက်ရောင်ဖြာ၊ ရတနာကို၊ ဝင်းဝါသိင်္ဂီ၊ နန်းချည်သီမှ၊
စုံစီရှက်ရှက်၊ စက်ကြမ်းခက်သည်၊ ပြိုးပြက်ရောင်မြူး၊ ဖထိုင်ကြူးထက်၊
စုံပူးမောင်နှံ၊ နှစ်ပါးစံသော်၊ ဘုန်းလျှံထွန်းဝါ၊ ဧကရာကား၊ သူဇာမင်းရှင်၊
မင်းရွှေစင်ကို၊ ရင်ခွင်တင်ထက်၊ ထားတင်ဘက်၍၊ ဖြူညက်ဝင်းရွ၊ မင်းရှင်လှကို၊
ပွက်ဟထွေလည်၊ လျှောက်ပါသည်ကို မည်မျှရွှေခွန်း၊ ကြိုင်မွှန်းချိုသာ၊ မဟပါခဲ့၊
ဩဇာပျံ့သင်း၊ မိန့်သံညင်းကို၊ လွန်ပြင်းဆန္ဒ၊ ကြားချင်လှ၏၊ မိန့်ဟမရွှင်၊
ရုပ်သွင်ပန်းနှယ်၊ မင်းလှငယ်ဟု၊ နံ့ကြွယ်ပန်းတူ၊ မိန့်တော်မူသော်၊ ဖြူအူနုဝါ၊
မင်းသူဇာကား၊ ရှုရာသက်ခင်၊ ပန်းလျက်ပင်တည့်၊ လျှောက်ချင်လွန်းအား၊ ထုတ်ကြိုးစား၍၊
သနားဘွယ်သာ၊ လျောက်သည်မှာကား၊ စကြာပတ်ကုံး၊ လေးကျွန်းလုံးကို၊ ယူကြုံးမည်ရာ၊
ဘုန်းညွန့်ဖြာသည်၊ ထိပ်ခြာထားတင်၊ ထိပ်ပန်းရှင် ….၊ ပူပ်ငြင်ငြို၊ ကျွန်မကိုလေ၊
ဟိုမူဆိုးပ၊ ဘမ်းမိစက၊ ကျွန်မစိတ်မှာ၊ မကြာလျင်တောင်း၊ ဘယ်အကြောင်းကြောင့်၊
ငံ့ညောင်းမဆည်၊ သေရမည်ဟု၊ ကြံစည်စိတ်ထဲ၊ အမြဲသေချာ၊ အောက်မေ့ရာတွင်၊ တောသာလည်လား၊
မူဆိုးသားသည်၊ တိုင်းကားပြည်ရွာ၊ သာသည်ကစ၊ ယဉ်လှရွှန်းမြေ့၊ အိမ်ရှေ့သခင်၊ ထိပ်တင်နာမ၊
လည့်နှယ်ပဟု၊ ကျွန်မကိုလေ၊ အထွေထွေသည်။ ။ သံခြေပွက်ဟ - စေရှာတည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment