သူဇာပျို့
၅၅။ သို့လျှင်ကျွန်မ၊ မပျမရွှင်၊ သေတည့်ချင်သည်၊ အလျင်စိတ်များ၊
ဘယ်ကိုသွားဘိ၊ တခြားအသစ်၊ ဖြစ်ပြန်တော့ကို၊ ဟိုကစ၍၊ ခုနေ့ရောက်တိုင်း၊
မြဲကိုင်စွဲကြိတ်၊ ကျွန်မစိတ်သည်၊ အဆိတ်ကယ်မျှ၊ လျှင်းမွပြီးဘူး၊
ရှည်ကျူးနောက်နောင်၊ သက်ဆုံးအောင်လည်း၊ စိန်တောင်ကဲ့သို့၊ မနဲ့မယိုင်၊
ခိုင်တော့မည်ပ၊ ကျွန်မစိတ်လက်၊ သည်ဖြစ်ချက်ကို၊ ဖော်မြွက်စေ့ငု၊ ခုလျှောက်ဘူးရှင်၊
နှစ်ဖြင်များလွေ့၊ သက်ရာစေ့၍၊ စုတေ့မည်စိတ်၊ ရွှေလှော်ရွှေသား၊ ဘဝါးစေတီ၊
မြတ်သိင်္ဂီကို၊ လှိုင်ညီကေသာ၊ ဆံပန်းကြာနှင့်၊ စေတနာမြတ်လှ၊ ပူဇော်ရမြ၊
ကျွန်မသာကြည်၊ လျှောက်ပါမည်ဟု၊ ပျံ့ကြည်သာချို၊ မိန့်လျှောက်ဆို၏၊ ထိုစကားဝယ်၊
အဓိပ္ပာယ်ကား၊ ပန်းနှယ်လှိုင်ကျော်၊ နာမံတော်ကို၊ ချီငေါ်အစ၊ ကြားသည်ကပင်၊
ချစ်လှပါပြီ၊ ပည်းသီချစ်ထု၊ ခုလည်းသည်းထဲ၊ ချစ်စွဲမြဲနှောင်၊ နောင်လည်းသက်ဆုံး၊
ချစ်ထုံးရစ်ခွေ၊ မြဲနေမယွင်း၊ ခြေတော်ရင်းတွင်၊ ဝပ်စင်းညွတ်ကြည်၊ ခေါင်းချမည်ဟု၊
မိန့်ရည်သာလျှောက်၊ စကားရောက်၏၊ ဘုန်းတောက်လျှံထင်၊ အိမ်ရှေ့ရှင်လည်း၊ ဟလျှင်ခဏ၊
နားလည်လှ၍၊ ရွှင်ပျမြတ်နိုး၊ မေတ္တာမိုးသည်။ ။ ဖြိုးဖြိုးသည်းလှ - စွေရွာတည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment