သူဇာပျို့
၅၆။ အိမ်ရှေ့သခင်၊ ထိပ်ထားတင်မှာ၊ မင်းရှင်မိန့်ရည်၊ ရွှေခွန်းသည်လျှင်၊ ဖွေနှည်ပေါင်းရုံး၊ စိတ်နှလုံးကို၊ ကျုံး၍ကြွင်းမဲ့၊ ယူဘိကဲ့သို့၊ မဟဲ့ပြစ်ခြည်၊ မြဲတည်မှတ်နေ၊ ထင်သောထွေကြောင့်၊ သည်လေမိန့်ဟ၊ ဆိုပြီးမှလျှင်၊ အရခဲခက်၊ ကိုယ့်အသက်ကို၊ ဆက်ခါဆက်ခါ၊ မညှာမတွန့်၊ ကြိမ်ကြိမ်စွန့်၍၊ ပွားပြန့်မေတ္တာ၊ ချစ်စရာလျှင်၊ ပေါ်လှာတော့သည်၊ ဝင်းကြည်နုနယ်၊ မင်းလှငယ်ဟု၊ ပျံ့ကြွယ်သာချို၊ ဖျော်ဖြားဆို၍၊ ကြည်ညိုသာရွှင်၊ ပါးဝယ်ပင်လျှင်၊ ငုံချင်မတက်၊ ချစ်မြတ်လွန်ကျူး၊ ရွှေသို့ဦးမျှ၊ ပျံ့ပျူးထွေထွေ၊ နေလည်းမခြား၊ စားလည်းတလျက်၊ စက်လည်းတူအုံး၊ နှလုံးမခြား၊ သွားလည်းတူစုံ၊ ရိပ်ခြုံကသိုဏ်း၊ မှတ်နှိုင်းကြ၏၊ နေ့တိုင်းပျော်မှု၊ ရတုစောင်းငြင်း၊ သီချင်းကျူးရင့်၊ အနင့်လုံးထား၊ ထူးပြားထွေထွေ၊ ကချေနှင့်ပတ်၊ နတ်လည်းခုန်က၊ နန်းမစပ်ယှဉ်၊ ဥယျာဉ်ရေကန်၊ သာလွန်နန်းမြင့်၊ တိုက်ဆင့်ရိပ်ချမ်း၊ ဆင်ဘမ်းရေကြောင်း၊ ရွှေလောင်း ရွှေလှေ၊ နေ့ရေမချန်၊ ရံဖန်တင့်ရည်း၊ မင်းစည်းသဘင်၊ စံရွှင်ရာရာ၊ မည်သည်မှာမှ၊ မကွာစဘူး၊ ချစ်မျိုးကြူး၍၊ ကြိုင်မြူးချစ်နံ့၊ နေ့တိုင်းပျံ့လျက်၊ ပံ့ကာဖြီးလှိုင်၊ ချစ်စွဲခိုင်သည်။ ။ ယိမ်းယိုင်မရှိ - သေချာတည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment