မလုံသည့်အိုးလေးများ
မလုံသည့်အိုးလေးများ
စိမ့်ခနဲ ခံစားလိုက်ရသည့်အအေးဓာတ်ကြောင့်
ခန္ဓာကိုယ်သည် ဆတ်ခနဲတုန်သွားသည်။ နောက် သူ ရုတ်တရက်ပင် နိုးလာသည်။ ချွေးတွေ၊ ချွေးတွေ။
နွေနေ့လယ်ခင်းမှာ နိုးထလာသည့် သူ့တစ်ကိုယ်လုံး ချွေးတို့က ရွှဲရွှဲစိုနေသည်။ နဖူး၊ လည်ပင်း၊
ရင်ဘတ်နှင့် လက်ကတီးကြားတို့တွင် စီးကျလာသည့် ချွေးတို့ ကြောင့် စွပ်ကျယ်တစ်ခုလုံး
စိုစိုစွတ်စွတ်။
မျက်လုံးမဖွင့်သေးဘဲ နံဘေးသို့ အသာစမ်းကြည့်လိုက်သည်။
အပူရှိန်ဟပ်နေသည့် သင်ဖြူးဖျာ၏ နေရာလွတ်ကို သူစမ်းမိလိုက်သည်။ “ စံ ” ဘယ်အချိန်က ထသွားလိုက်ပါလိမ့်။
အိမ်ရှေ့ဝရန်တာဘက်ဆီမှ ယပ်တောင် တဖြတ်ဖြတ်ခတ်သံကြားရသည်။
အညာနွေသည် ကိုယ်ဝန်ဆောင် မိခင်လောင်းအတွက် မိတ်ဆွေကောင်းမဟုတ်သည်မှာ သေချာပြီ။ သူတံတွေး
တစ်ချက် မျိုလိုက်သည်။ နောက် လေပူတွေကို မှုတ်ထုတ်လိုက်ပြီး အသက်ကို ခပ်ပြင်းပြင်း ရှုသွင်းလိုက်သည်။
လေပူတွေက နှာသီးဖျားမှတစ်ဆင့် ပူစပ်ပူလောင်နိုင်စွာ တိုးဝင်လာသည်။ သည်နေ့ကျမှ လေကလည်း
ငြိမ်လွန်းလှသည်။
စွပ်ကျယ်ကို ချွတ်လိုက်ပြီး ကြိုးတန်းပေါ်သို့
လွှားထားလိုက်သည်။ ထို့နောက် ဝရန်တာသို့ ထွက် လာခဲ့လိုက်သည်။ ကြမ်းပြင်ထက်မှာတော့ ချွေးစိုကွက်နှင့်
သင်ဖြူးဖျာက ပက်လက်လှန်လျက် ကျန်ရစ် သည်။
“ မောင် နိုးပြီလား၊ စံ ဗိုက်ဆာနေလို့ မောင်အိပ်ယာနိုးစောင့်နေတာ…”
“ ဟင် ဒါများနှိုးလိုက်ရောပေါ့ …”
ပြောသာပြောလိုက်ရသည်။ တံလျှပ်ခိုးတွေ တရှိန်းရှိန်းဟပ်နေသည့်
လမ်းမထက်သို့ သူမသွားချင် ပါ။ မသွားမဖြစ်သည့် အကြောင်းအရာတချို့ဖြင့် သွားလာနေကြသူများမှအပ
လမ်းမထက်တွင် လူရှင်းနေ သည်။
“ အဆာပြေ ဘာစားရင်ကောင်းမလဲ။ အစုံသုပ်လား၊
အကြော်နဲ့ ရေနွေးပူပူလေးဆိုရင်ကော …”
မေးသာမေးလိုက်ရသည်။ နေပူထဲထွက်ပြီး လမ်းထိပ်သွားဝယ်ရမည့်အကြော်ကို
သူမစားချင်ပါ။ ယခုအချိန်တွင် သူအတောင့်တဆုံးမှာ မုန့်သည်တစ်ဦးဦး အိမ်ရှေ့လမ်းမထက်မှ
ဖြတ်သွားရေးဖြစ်သည်။ ဒါဆိုလျှင် သူအပြင်ထွက် မဝယ်ရတော့။ တစ်ဆက်တည်း ကိုယ့်အကြောင်း
ကိုယ်တွေးမိတော့ ပြုံးချင်လာ သည်။ ယောက်ျားတစ်ယောက်၏ အိမ်ထောင်မကျမီနှင့် အိမ်ထောင်ကျပြီး
ပြောင်းလဲလာသည့် သဘော တရားများကြောင့် ဖြစ်သည်။ မရခင်ကတော့ သူမအတွက်ဆိုလျှင် မီးပင်လယ်ပဲဖြတ်ရမလား
အရာရာဟာ အလွယ်လေးပဲဖြစ်သည်။ ရပြီးခုချိန်မှာတော့ ထွက်ရမှာကို ဝန်လေးနေသည်။
“ မုန့်ဟင်းခါး ချဉ်ငံစပ်လေး သောက်ချင်တာ၊
သံပုရာစိပ်လေးတွေညှစ်ပြီး ငရုတ်သီးမှုန့်အလှော် နိုင်းချင်းနဲ့လေ…”
သေချာပြီ။ ဒါဆိုလျှင်လည်း ဈေးသွားဝယ်မှ
ရမည်။ သူတက်ကြွမှုကင်းသည့် ခြေလှမ်းများဖြင့် အိမ်ထဲပြန်ဝင်လာခဲ့လိုက်သည်။
“ ကြာဆံဟင်းခါး ပူပူလေး…”
လမ်းမပေါ်မှ ခုန်ထွက်လာသည့် အသံကြောင့် သူဖြတ်ခနဲလှမ်းကြည့်ရင်း
ဘယ်လိုလဲသဘောဖြင့် မေးဆတ်ပြလိုက်သည်။ အိမ်သူ၏ သဘောတူ သင်္ကေတလေး မဆုံးမီပင် …
“ ခေါ်လိုက်… ခေါ်လိုက် …”
ဆေးပြာသုတ်ထားသည်မှာ မကြာသေးပုံရသည့် တွန်းလှည်းလေး၏
ပုံသဏ္ဍာန်က နေပူထဲမှ ဖြတ်သန်းလာရသော်လည်း တက်ကြွနေသယောင်ယောင်။ သို့မဟုတ် သူ့သခင်မ၏
အပြုံးတွေကပဲ လန်းဆန်းနေသယောင်ယောင်။
“ အရင်တုန်းကတော့ ရာသီစာသီးနှံတွေပဲ ရောင်းတာ။
မုန့်ဟင်းခါးရောင်းတဲ့ ညီမက တစ်နယ်သား နဲ့ အကြောင်းပါတော့ ဒီတွန်းလှည်းလေး ပေးထားခဲ့တာနဲ့
ဟင်းခါးလုပ်ရောင်းနေတာ။ ဘယ့်နှယ်လဲ ကောင်း ရဲ့လား၊ ကလေးမ ယူအုံးလေ။ နေကလည်း ပူပါ့တော်
ခုမှပဲ အမောပြေရဲ့ …”
ဂျုံရိုးဦးထုပ်နှင့် တဖြတ်ဖြတ်ယပ်ခတ်ရင်း
ပြောလာသည့် ကြာဆံဟင်းခါးသည်ကြီး၏ စကားသံတွေ က ဟင်းခါးရနံ့နှင့်အတူ ပျံ့လွင့်လာသည်။
ကွက်တစ်ချက် ပျက်တစ်ဝက်နှင့် သနပ်ခါးတွေက သူမဘဝ၏ တစ်စိတ်တစ်ဒေသကို ပြောကြားနေသည့်နှယ်။
သေချာပါသည်။ နှုတ်ချိုသလို စေတနာပိုသည့် ထိုအမျိုးသမီးကြီးသည်
အိမ်ရှင်မ၏ ဝယ်နေကျဈေး သည်ဖြစ်တော့မည်ဆိုတာကို သူအတပ်သိလိုက်သည်။ စေတနာပိုသလို ဝေဒနာတွေကလည်း
လျှံသည်။ ဘယ်အချိန်ကတည်းက ဖွင့်အန်ချင်နေသည်မသိသော သူမပြောပြသည့် ဝန်းကျင်စိမ်းများသည်
စာရေး ဆရာပေါက်စ သူ့အတွက် စိတ်ဝင်စားစရာ ကုန်ကြမ်းများဖြစ်လာနိုင်သည်။ ဘဝသရုပ်ဖော်
ပီပီပြင်ပြင် ရေးဖွဲ့လိုသူအတွက် အရာရာသည် လေ့လာစူးစမ်းစရာချည်းပင် မဟုတ်ပါလား။
ဝေဖန်ရေးဆရာကြီး ဆရာကိုလေးမြတ်ကလည်း ဆောင်းပါးတစ်ပုဒ်တွင်
ပြောဖူးသည်။ ဘဝသရုပ် ဖော် ရေးဖွဲ့သူဟာ လက်တွေ့လူမှုအခြေအနေမှာ လေ့လာမှုရှိရမယ်။ လေ့လာတဲ့နေရာမှာ
အာရုံသိအဆင့် ကနေ ဆင်ခြင်သိအဆင့်ထိရောက်အောင် လေ့လာနိုင်ရမယ်ဟု ဆိုထားသည်။
ယခုပင် သူ ထိုအမျိုးသမီး၏ ဘဝတစ်စိတ်တစ်ဒေသကို
သိမြင်နေပြီ။ လူတန်းစားတစ်ရပ်ကို ကိုယ်စားပြုနေသည့် သူမထံမှ မတူညီသည့် အလွှာတစ်ခု၏ လူမှုဆက်ဆံရေး၊
စီးပွားရေး၊ ခံစားသည့် အနုပညာ၊ ကျင့်သုံးသည့် ယဉ်ကျေးမှုတို့ကို သိလာခဲ့ရသည်။ ထိုနေ့က
စကားပြောကောင်းကောင်းနှင့် သူတို့အိမ်ရှေ့ သစ်ပင်ရိပ်တွင် အချိန်အတော်ကြာအောင် သူမက
အနားယူသွားခဲ့သည်။ နောက်ရက်များမှာ တော့ သူတို့အိမ်သည် သူမအတွက် တစ်ထောက်ခိုနားစရာ
နေရာတစ်ခုဖြစ်လာသည်။ ရင်းနှီးမှုကလည်း ဟိုးယခင်ကတည်းက ပေါင်းသင်းလာကြသည့် ရပ်ဆွေရပ်မျိုးများပမာ။
သူမထံမှာ ကြာဆံဟင်းခါးမဝယ် သော်လည်း အိမ်ရှင်မအတွက် နေ့စဉ်တစ်ပန်းကန် ပေးသွားတတ်မြဲ
ဖြစ်သည်။ ပိုက်ဆံပေးသော်လည်း
မယူသဖြင့်
ကြာတော့ သိပ်မကြိုက်လို့ပါဟူ၍ ငြင်းယူရတော့သည်။
သူမနှင့် ပတ်သက်၍ ပြောစရာတစ်ခု ကျန်နေပါသေးသည်။
သူတို့အိမ်မှ ရေနှစ်ဖလားခန့်သည် သူမ၏ ပွက်ပွက်ဆူနေသည့် ဟင်းခါးအိုးထဲ ရောက်သွားတတ်သည့်အကြောင်းပင်
ဖြစ်သည်။ အောက်က ထင်းမီးဖိုနှင့်မို့ ဈေးအရောက် ဟင်းခါးရည်အပွက်နှင့် အတော်ပဲဟု သူမက
တခုတ်တရ ရှင်းပြတတ်သေး သည်။
ထိုအရာသည် သူမ၏ စီးပွားရေးသာဖြစ်သည်။ မဆိုင်သောအရေးအတွက်
သူတို့ဇနီးမောင်နှံနှစ်ဦး ချိုသည်၊ ခါးသည် မဆိုမိခဲ့ကြချေ။ အချိန်မှန်ခုတ်မောင်းနေသည့်
ဘဝရထားကြီးကိုစီးရင်း သူမသည်လည်း သူတို့အိမ်တွင် တစ်ထောက်ခိုနားမြဲ၊ တစ်ခါတစ်ရံ အိမ်ရှင်မက
ကြာဆံဟင်းခါးတစ်ခွက် ယူသောက်မြဲ၊ ရေနှစ်ဖလားခန့်ကလည်း ဟင်းခါးအိုးထဲရောက်သွားမြဲ။ သည်လိုနှင့်
ရာသီတွေက ရင့်မာလာခဲ့သည်။
*** *** ***
“ အနုပညာဆိုတာ ရင်ဘတ်ကို မရိုက်ခတ်ဘဲနဲ့
မရေးဖွဲ့သင့်ဘူး၊ မဖန်တီးသင့်ဘူးဗျ။ ခံစားချက် မရှိဘဲ နှလုံးသားအတုနဲ့ ရေးဖွဲ့လိုက်တာနဲ့
အသွင်သဏ္ဍာန်အရသာ ကဗျာ၊ ဝတ္ထုဖြစ်လာမယ်။ ခမ်းနားတဲ့၊ တော်ဝင်တဲ့ အနုပညာရဲ့အလှတရားနဲ့ဝေးနေဦးမှာပဲဗျ၊
အနုပညာအပေါ်မှာ သစ္စာရှိကြစမ်းပါဗျ … ”
ဒီနေ့ သူတို့ဝိုင်းလေးက လူစုံတက်စုံမဟုတ်သော်လည်း
စိုပြေနေသည်။ နေရာက သူတို့အိမ်နှင့် ခုနစ်အိမ်ခန့်ခြားသော ကဗျာဆရာလင်းဝေသစ်၏ အိမ်ဂေဟာအပေါ်ထပ်။
အောက်ထပ်မှာတော့ ကဗျာ ဆရာ၏ အိမ်သူသက်ထား မလွင်မာက အိမ်ဆိုင်လေးဖွင့်ထားသည်။ ပုဂ္ဂလိကဆေးရုံကြီးတစ်ခုတွင်
သူနာပြုလုပ်နေသည့် သူမက အိမ်မှာရှိနေချိန်နှင့်ကြုံလျှင် သူတို့ငြင်းခုန်ဆွေးနွေးရာ
ဝိုင်းလေးဆီသို့ လက်ဖက်သုပ်၊ ချင်းသုပ် စားစရာတစ်မျိုးမဟုတ်တစ်မျိုး ပို့ပေးတတ်သေးသည်။
ခါတိုင်းနေ့တွေမှာတော့ သူတို့တစ်တွေက
လေပြေညင်း၊ စံပယ်နိုင်နှင့် အရိပ်စစ်တို့တွင် ဆုံနေကြ ဖြစ်သည်။ သူတို့မြို့နယ်မှ စာရေးဆရာများဖြစ်သည့်
ဆရာကြယ်စင်မင်းနှင့် ဆရာဝေမိုးနိုင် တို့လည်းပါလာ တတ်သည်။ တစ်ခါတစ်ရံ ဆရာမိုးထက်စံ(IR)
တို့လည်း ဝင်ရောက်ဆွေးနွေးတတ်သည်။ အများအားဖြင့်
တစ်ပတ်မှာတစ်ရက်တော့ ဆုံနိုင်အောင်ကြိုးစားကြသည်။ တစ်ပတ်အတွင်း ကိုယ်ရေးထားသည့် ကဗျာ၊
ဝတ္ထု၊ ဆောင်းပါး၊ အက်ဆေးလေးများကိုပြရင်း အချင်းချင်းဝေဖန်သုံးသပ်ကြခြင်းသာ ဖြစ်သည်။
သက်တန့်ရောင် ကဗျာဝိုင်းဟု အမည်ပေးထားသည့်
သူတို့အုပ်စုထဲတွင် ကဗျာဆရာဒေါင်းနီနှင့် ဆောင်းပါးဆရာ ထူးအောင်ဝင့်တို့က အစ ဆွဲထုတ်တတ်ကြသူများ
ဖြစ်သည်။ တစ်ယောက်က အဆိုတင်သွင်းလိုက်သည်နှင့် ကျန်တစ်ယောက်က အတိုက်အခံဘက်မှ အလိုလိုဖြစ်သွားသည်။
မတည့် အတူနေ ထိုနှစ်ယောက်က ပြောတတ်သေးသည်။ သူတို့နှစ်ယောက်က ရှုထောင့်ပြောင်း စဉ်းစားနေကျ
မို့ပါတဲ့။ ယနေ့လည်း ထိုသူနှစ်ယောက် ရှုထောင့်ပြောင်းရင်း ထိပ်တိုက်တွေ့နေကြပြီဖြစ်သည်။
“ အနုပညာကို ရသမြောက်အောင် ရေးဖွဲ့နိုင်ဖို့ဆိုရင်
ခင်ဗျားရင်ထဲမှာ အဘိဓမ္မာတစ်ရပ်ရှိဖို့လို တယ်ဗျ၊ ခိုင်မာတဲ့ဒဿနတစ်ခုပေါ့။ အဲဒီလိုမှမဟုတ်ဘဲ
အတတ်ပညာကို အဓိကထား ရေးဖွဲ့နေမယ်ဆိုရင်”
“ ကြောက်ပါပြီ အမေရဲ့ သားနောက်မလုပ်တော့ပါဘူးဗျ…အီးဟီးဟီး…”
အောက်ထပ်မှ ပျံ့လွင့်လာသည့် ဘယာနကသံက
သူတို့၏ ဆွေးနွေးငြင်းခုန်သံများကို ထိုးဖောက် လွှမ်းခြုံသွားသည်။
“ ကဗျာဆရာရေ မလွင်မာတော့ ကြိမ်တုတ်ရဲ့
အနုပညာကို ခံစားနေပြီ။ ခင်ဗျားသားလည်း ကြိမ်တုတ်ရဲ့ရသကို အပြည့်အဝ ခံစားမိပြီထင်ရဲ့၊
သွားလိုက်ဦး သွားလိုက်ဦး…”
ထူးအောင်ဝင့်၏ စကားအဆုံး ကိုသစ်က ပြုံးဖြီးဖြီးနှင့်
အောက်ထပ်ဆင်းသွားသည်။ အောက်ထပ်မှ ငိုရှိုက်သံက တစ်ဖြည်းဖြည်းတိုးတိတ်သွားသည်။
“ ကိုဒေါင်း ခင်ဗျားပြောသလိုဆို မလွင်မာက
ရင်ဘတ်ထဲကခံစားချက်တွေကို ကြိမ်တုတ်နဲ့ပေါင်းပြီး အနုပညာပုံဖော်လိုက်တာပေါ့ ဟုတ်လား
ဟား ဟား ဟား…”
“ ဟေ့လူ … တော်ဗျာ တော် တော်…”
ခဏအကြာမှာတော့ ကိုသစ်လင်ဗန်းတစ်ချပ်မလျက်
ပြန်ရောက်လာသည်။ အငွေ့တထောင်း ထောင်း ထနေသည့် ပန်းကန်လုံးလေးများထဲ ကြည့်လိုက်တော့
ကြာဆံဟင်းခါး။
“ ခုနက ဘာဖြစ်တာလဲ ကဗျာဆရာရဲ့၊ မလွင်မာက
ကလေး ရိုက်ခဲပါတယ်…”
“ သားတော်မောင်လေ၊ အိမ်ရှေ့မြောင်းထဲက
ဒေါင်းငါးလေးတွေဖမ်းပြီး အုတ်ကန်ထဲ ထည့်ကစား နေတာ သူ့အမေသိသွားလို့လေ။ ကဲ ပူပူလေး သောက်လိုက်ကြဦး၊
ဟင်းခါးကတော့ ရှယ်ပဲဗျ၊ အိမ်ကဝယ် နေကျလေ။ ဘွားတော်ကြီးက စကားများတာကလွဲလို့ စိတ်ရင်းကောင်းတယ်
…”
သူ သောက်ပြီးသွားသည့် ပန်းကန်ကို လင်ဗန်းထဲပြန်ထည့်ထားလိုက်သည်။
ခံတွင်းချဉ်လာသဖြင့် စီးကရက်တစ်လိပ်ကို မီးညှိရင်း ဝရန်တာဘက်ထွက်လာခဲ့လိုက်သည်။ ကြာဆံဟင်းခါးတစ်ခိုးကြောင့်
ချွေးစို့နေသည့် မျက်နှာကို လေပြေအေးက တိုးဝှေ့သွားသည်။
ရှိုက်သွင်းထားသည့် စီးကရက်မီးခိုးများကို
လေထဲသို့မှုတ်ထုတ်လိုက်ရင်း အိမ်ရှေ့ရေတွင်းဘက် လှမ်းကြည့်လိုက်မိသည်။ တုတ်စာမိထားသည့်
ကလေးက ရေချိုးရင်း အုတ်ကန်ထဲမှ ရေကို လှုပ်၍ဆော့နေ သည်။ အကြည့်က အိမ်ရှေ့မှာရပ်ထားသည့်
တွန်းလှည်းပြာလေးဆီရောက်သွားသည်။
“ ဟိုက် …”
“ ဟဲ ဟဲ အဲဒါ သူ့ထုံးစံဗျ …”
ကိုသစ်၏ စကားအဆုံး သူ့လည်ချောင်းတစ်လျောက်
ပျို့အန်ချင်သလိုဖြစ်လာသည်။ သည်အိမ်က ရေနှစ်ဖလားခန့်ဟာ ခုနစ်အိမ်သာခြားသော သူတို့အိမ်ရှေ့အရောက်မှာ။
သူဆက်မတွေးချင်တော့။ ကဗျာဆရာ၏ သားကတော့ အုတ်ရေကန်မှရေတွေကို မွှေနှောက်ဆော့ကောင်းနေဆဲ။
ကြာဆံဟင်းခါး သောက်နေသည့် သူနှင့် “ စံ ”၏ ပုံရိပ်က အာရုံတွင် ထင်ဟပ်လာသည်။
“ ထွီ …”
ဖြတ်ခနဲ မော့ကြည့်လာသည့် မျက်ဝန်းညိုကြီးများသည်
သူ့မျက်နှာထက်မှ မည်သည့်ပုံရိပ်ကို ဖမ်း ဆုပ်မိသည်မသိ။ လက်ထဲမှာ ကိုင်ထားသည့် ရေဖလားပင်
လွတ်ကျသွားသည်။ ထိုနေ့မှစ၍ သူသည် …။
*** *** ***
“ သားရေ ငိုပါနဲ့ကွာ၊ အို့အိုအေး အိုအေး
…”
“ သားက ပူလို့နေမှာမောင်ရဲ့၊ ခြံထဲဆင်းလျှောက်ကြည့်ပါလား
…”
လျှော်ဖွပ်ပြီးသား အဝတ်တွေကို ခေါက်သိမ်းနေရင်း
ပြောလာသည့် ဇနီးသည်၏ စကားကြောင့် သူခြံထဲသို့ ဆင်းလာခဲ့လိုက်သည်။ တစ်နှစ်သားမပြည့်သေးသည့်
ဖြူဖြူဖွေးဖွေးသားငယ်လေး၏မျက်နှာက နွေအပူကြောင့် ရဲတွတ်နေသည်။ ကဆုန်၊ နယုန် ဆွေ့ဆွေ့ခုန်ဆိုသည့်အတိုင်း
အညာနေက ကမ်းကုန် အောင်ပူသည်။ နွေရာသီ၏အလှကို ဆွတ်ပျံ့ကြည်နူးဖွယ်ရာ ရေးဖွဲ့နိုင်ကြသည့်
စာဆိုရှင်အသီးသီး၏ ပညာစွမ်းကိုတော့ သူအလေးအနက် ဦးညွတ်မိသည်။
ထိုစဉ် လမ်းမမှာ ဖြတ်သွားသည့် တစ်စုံတစ်ရာကို
သူလှမ်းကြည့်လိုက်သည်။ ဖြတ်ခနဲလွှဲဖယ်သွား သည့် ကြာဆံဟင်းခါးသည်ကြီး၏ မျက်ဝန်းညိုကြီးတစ်စုံကို
တွေ့လိုက်ရသည်။ သူမ၏လုပ်ရပ်အတွက် အရှက်သည်းနေတုန်း၊ လိပ်ပြာငယ်နေတုန်းဆိုတာ သေချာသည်။
သူမနှင့်ဆုံတိုင်း သိမ်ငယ်စွာလွှဲဖယ်သွား သည့် မျက်ဝန်းတစ်စုံ၏ အဓိပ္ပါယ်ကို သူပုံဖော်နိုင်ခဲ့ပြီဖြစ်သည်။
သူမ မသိသေးသည်မှာ သူမထက်ပို၍ သိမ်ငယ်ရှက်ရွံ့နေသည့်
မျက်ဝန်းတစ်စုံအကြောင်းဖြစ် သည်။ အစွမ်းထက်သည့် ကလောင်လက်နက်ကိုင်တစ်ဦးက တားမြစ်ရမည့်ကိစ္စ၊
မရိုးသားသည့်အရေးကို မသိကျိုးကျွံပြုကာ လွှဲဖယ်နေခဲ့ခြင်းက ကျူးလွန်သူကာယကံရှင်ထက် အပြစ်ကြီးနေခဲ့သည်။
သူမကိုတွေ့တိုင်း သူ့အဖြစ်က ဆင်ဖြူ့မျက်နှာ
မကြည့်ဝံ့သည့် ဆင်မည်းမဟုတ်ဘဲ ဆင်မည်း မျက်နှာမကြည့်ဝံ့သည့် ဆင်မည်းအဖြစ် ခံစားနေရသည်။
တကယ်တော့သူသည် မလုံသည့် အိုးတစ်လုံးဖြစ် နေခဲ့သည်။ ကမ္ဘာပေါ်မှာ မလုံသည့် အိုးလေးတွေ
အဘယ်မျှ များပြားနေကြသည်မသိ။ လက်ထဲမှာ ပွေ့ချီ ထားသည့် သားငယ်လေး၏ ထွေးထွေးအိအိပါးလေးကို
သူအရှက်ပြေ ငုံ့နမ်းလိုကသည်။
သဘောကျ၍လား၊ လှောင်ပြောင်လို၍လား မဆိုနိုင်
သားငယ်လေး၏ တခစ်ခစ်ရယ်သံက ကျောက်ဆောင်ကျောက်သားကို ဖြိုဖျက်နေသည့် လှိုင်းလုံးများအလား
သူ့နားထဲသို့ တိုး၍တိုး၍ ဝင်လာ ဆဲ… ။
ချစ်ခြင်းများဖြင့်
ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
http:shintnyolay.weebly.com
http:shintnyolay.weebly.com
***** ***** *****
Comments
Post a Comment