ကျွန်တော့်ဖြစ်တည်မှုကို ကျေနပ်တယ်




ကျွန်တော့်ဖြစ်တည်မှုကို ကျေနပ်တယ်

ယနေ့တွင် ကျွန်တော်  ကြည်နူးနှစ်သက်ဖွယ်ကောင်းသည့် မြင်ကွင်းလေးတစ်ခုကို တွေ့ခဲ့ရ သည်။   ရာထူးအရှိန်အဝါကြီးမားသည့် အသိုင်းအဝိုင်းရှိ သမီးတစ်ယောက်၏ဝင်ဆံ့နိုင်မှုနှင့် အရေးပါမှုကို တွေ့ မြင်ခွင့်ရသည့် ဖခင်တစ်ယောက်ရဲ့ပီတိမျက်ဝန်းတစ်စုံကို ဘေးမှာရှိနေသည့် တစ်ဦးတစ်ယောက်အနေနှင့် သိမြင်နေရသောကြောင့် ဖြစ်သည်။ တချို့တွေအတွက် ရာထူးအရှိန်အဝါဆိုသည်က မရှိမဖြစ်လိုအပ်သည်။ တချို့တွေကတော့ ရာထူးဆိုတာ ရူးတာပါကွာဟူ၍ မကြာခဏ မှတ်ချက်ပြုတတ်ကြသည်။ တချို့တချို့တွေက တော့ ဆရာဝန်မဖြစ်လျှင် ဆရာဝန်ကတော်တော့ ဖြစ်ရမည်ဆိုတာမျိုးဖြစ်သည်။ မပြည့်သည့် အိုးကလေးများ ကို ဖြည့်ရင်းသွားခဲ့ရသည့် ခရီးတွေသည်ပင် မိုင်အတော်များများရောက် ခဲ့ပြီဖြစ်ကြောင်း   နောက်ကြောင်း လည်ပြန်ကြည့်မှ သိခဲ့ရသည်။
ခရီးမဆုံးမီ လိုအပ်မည်ထင်သော လိုချင်တာလေးများကို ဆုပ်ကိုင်ကာလျှောက် ခဲ့ကြသူများ ဖြစ်သည်။ ဘဝကို မကျေမနပ်ဖြတ်သန်းရသည် နှင့်   နှိုင်းစာလျှင်   ကျေကျေနပ်နပ်   ဖြတ်သန်းရ သည်ကပို၍နှစ်သက်ဖွယ်ကောင်းသည်မဟုတ်လား။
               ကျွန်တော် မြင်ခဲ့ရသည့် နှစ်သက်ဖွယ်ရာ မြင်ကွင်းလေးကိုလည်း ပြောပြချင်ပါသည်။ ဘုရင်မ မဟုတ်ပေမယ့် မိဖုရားပါဆိုသော အနက်ဆောင်သည့်မျက်ဝန်းများဖြင့် မိမိ၏အရေးပါအရာရောက်ပုံကို ဂုဏ်ယူနေသည့် သမီးငယ်တစ်ယောက်၏ ခံစားချက်ကို သိမြင်ခဲ့ရခြင်းဖြစ်သည်။ ကာယကံရှင်နှစ်ဦး အပြင်   ဘေးမှာရှိနေသည့် တစ်ဦးတစ်ယောက်မှာ ကျွန်တော်ဖြစ်သည်။ သမီးငယ်လေး၏ ခမ်းနားအရေးပါ မှုကြောင့် ဖခင်ကြီးဝမ်းမြောက်ဝမ်းသာဖြစ်နေကြောင်းကို ၎င်းသမီးငယ်လေးက သိသည်။ ထိုသို့ သမီးငယ်လေးသိကြောင်း ကိုလည်း ဖခင်ကြီးမှ သိနေပြန်သည်။ ၎င်းတို့နှစ်ဦး၏ ရင်တွင်းခံစားချက်များကို ဘေးမှသိမြင်နေသူတစ်ဦးမှာ ကျွန်တော်ဖြစ်သည်။ သူတို့နှစ်ဦး၏ ပျော်ရွှင်ကျေနပ်မှုသည် ကျွန်တော့်ထံသို့ပင် ကူးစက်လာကြောင်း ဝန်ခံလိုပါသည်။
နောက်ထပ် မြင်တွေ့ခဲ့ရသည့်ဝမ်းမြောက်ဖွယ်ရာ မြင်ကွင်းလေးအကြောင်းကိုလည်း ပြန်လည်ဝေမျှလိုပါ သေးသည်။ တစ်ခုသော မွေးနေ့ပွဲမှာဖြစ်သည်။ သားတစ်ယောက်၏ အောင်မြင်ထွန်းပေါက် မှုကိုဂုဏ်ယူဝမ်းမြောက်နေ သည့် မိခင်တစ်ဦး၏ ပီတိမျက်နှာဖြစ်သည်။ ဝန်ထမ်းရာကျော်သည့် လုပ်ငန်းကြီးတစ်ခု ကို အောင်မြင်စွာထူထောင်ထားနိုင်သည့် သားတစ်ယောက်၏ အမေအဖြစ် သူဂုဏ်ယူနေကြောင်းကို ကျွန်တော်နားလည်ပါသည်။ သူမလိုက်ပြသည့် လုပ်ငန်းခွင်အတွင်းမှ နေရာများ၊ စက်ကိရိယာများ၊ ပစ္စည်းများ သိုလှောင်သိမ်းဆည်းရာ များစွာသော အဆောက်အဦများ၊ ထိုဝန်းကျင်တစ်လျောက်ရှိ ကျယ်ဝန်းလှသည့် မြောက်များလှစွာသော ဝင်းခြံများ၊ တစ်ခြားတစ်မြို့ရွာမှာရှိသည့် စိုက်ခင်းများ၊ တိုက်ခန်းများအကြောင်း နားထောင်ရင်း ထပ်တူနီးပါး ဝမ်းသာမိပါသည်။ ထပ်တူဟု မဆိုဘဲ ထပ်တူနီးပါးဟု ဆိုရခြင်းမှာ ကျွန်တော်မည်မျှပင် မုဒိတာထားကာ ဝမ်းမြောက်သည်ဆိုစေဦး ကာယကံရှင်၏ ဝမ်းမြောက်ဂုဏ်ယူမှုကို မည်သည့်နည်းနှင့်မျှ မမှီနိုင်သောကြောင့် ဖြစ်သည်။
သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနား ဆိုသည့် စကားပုံအတိုင်း ၎င်းဝန်းကျင်မှ ဆွေမျိုးအားလုံး ဂုဏ်ယူဝမ်းမြောက်နေကြောင်းကိုလည်း ကျွန်တော်တွေ့မြင်နေရသည်။ ၎င်းကိုယ်တိုင်လည်း မည်မျှဂုဏ်ယူနေ ကြောင်းကို ကိုယ်တိုင်တွေ့မြင်နေရသည့် ကျွန်တော်က “ ငါကွ…”ဟု ကြုံးဝါးသံမကြားရသည့်တိုင် တိတ်ဆိတ်သောအသံအဖြစ် ကြားနေရပါသည်။ ကြိုတင်ပြင်ဆင်ခြင်းနှင့် ကြိုးစားအားထုတ်မှုတို့ တိုက်ဆိုင်သွားခြင်းဖြစ်သည်။ ရွေးချယ်ထားသည့်လမ်းကို အကောင်းဆုံးလျှောက် လှမ်း သွားခြင်းဖြစ်သည်။ သူဟာ လူတော်တစ်ယောက်ပဲဟု ကျွန်တော့်အမျိုးသမီးကို ပြောဖြစ်ခဲ့သည်။
“ ပိုက်ဆံချမ်းသာချင်လိုက်တာ…”
အိမ်အပြန်တွင် အမျိုးသမီးထံမှ အားကျသည့် စကားသံတို့ထွက်လာသောအခါ ကျွန်တော်စိတ်မကောင်း ဖြစ်သွားသည်။ စိတ်မကောင်းဖြစ်ရသည့် ကျွန်တော့်ခံစားချက်ကို စေ့ငှကြည့် သည်။ စိတ်ဖြာကြည့်သည်။ ဘာကို စိတ်မကောင်းဖြစ်တာလဲ။ ဘယ်သူ့အတွက် စိတ်မကောင်းဖြစ်တာလဲ။ ချက်ခြင်းပင် အဖြေထုတ်လိုက်နိုင်သည်။ အမျိုးသမီး၏ မပြည့်ဝနိုင်သည့် ဆန္ဒအတွက်ဖြစ်သည်။ သူရွေးချယ်ထားသူသည် မည်သည့်လမ်းကို လျှောက်လှမ်းမည့်သူဟု သူမသိခြင်းကို စိတ်မကောင်းမိခြင်းဖြစ် သည်။
လူတိုင်းတွင် လမ်းကြောင်းကိုယ်စီ၊ ပန်းတိုင်ကိုယ်စီ၊ အိပ်မက်ကိုယ်စီနှင့် မဟုတ်လား။ ကျွန်တော်က ထမင်းငတ်မှာ သိပ်ကြောက်သည်။ ထမင်းမငတ်ရန်အတွက် အလုပ်လေးတစ်ခုကိုလည်း ဖက်တွယ်ထားသည်။ ထို့ကြောင့် ထမင်းငတ်နိုင်ချေနည်းသွားသည်နှင့်အမျှ ချမ်းသာနိုင်သည့် အခွင့်အရေးလည်း နည်းသွားသည်။ ကျွန်တော် ရွေးချယ်ထားသည်က စာအုပ်နှင့် ဘောလ်ပင်ဖြစ်သည်။ စာအုပ်နှင့် ဘောလ်ပင်ကြောင့် ချမ်းသာသွားသည့် အုပ်စုထဲတွင် ကျွန်တော်ဘယ်တော့မှ ပါမည်မဟုတ်ဆိုသည်ကိုလည်း အတတ်သိနေသည်။ ကျွန်တော့်ဆန္ဒမှာ သေဆုံးသွားပြီးနောက် အချိန်ကာလတစ်ခုကြာသည့်တိုင်အောင် ကျွန်တော်ရေးထွင်းထား သည့် အက္ခရာလေးများနှင့်အတူ ရှင်သန်လိုခြင်းဖြစ်သည်။ ထိုအက္ခရာလေးများသည် စံသတ်မှတ်ချက်တစ်ခုဖြင့် အတော်အတန်မြင့်သော အချိန်တံတိုင်းတို့ကို ကျော်ဖြတ်စေချင်သည်။
ကျွန်တော်ရွေးချယ်ခဲ့သည့်လမ်းကို လျှောက်ခဲ့သည်မှာ ခြေတစ်လှမ်းမကတော့ဆိုသည်ကို စာအုပ် စင်တွင် ထပ်ထားသည့် စာအုပ်တချို့ကိုကြည့်၍ သိသည်။ လေလှိုင်းထဲမှ ပျံ့လွင့်လာတတ်သည့် အသံတချို့ ကြောင့်လည်း သိသည်။ ကျွန်တော်တန်ဖိုးထားသည့်အရာကို တစ်ခြားသူတစ်ဦးဦးက ထပ်တူတန်ဖိုးထား ပေးနိုင်ရန်မှာ မတောင့်တကောင်းသောအရာဖြစ်သည်။ အရင်းနှီးဆုံးတစိမ်းတစ်ယောက်အနေနှင့် ကျွန်တော် ဘယ်အရာတွေကို တန်ဖိုးထားကြောင်းကိုတော့ သိထားသင့်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်သည် ဖွင့်ထားသော တံခါးတစ်ချပ်ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ ဝင်လာမည်ဆိုလျှင် တံခါးခေါက်ဖို့မလိုသလို ထွက်သွားမည်ဆိုလျှင်လည်း …။ အားလုံးကို လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ပေးထားသည့် တံခါးတစ်ချပ်ဖြစ်သည်။ ကျွန်တော်က အရာရာကို နားလည်မှုနှင့်တည်ဆောက်ထားသူ ဖြစ်သည်။ ထို့ကြောင့် သူမဘယ်တော့မှ ထွက်ခွာမသွားဘူးဆိုတာကိုလည်း အတတ်သိနေပါသည်။
ကျွန်တော့်ကိုယ် ကျွန်တော် မေးခွန်းထုတ်ကြည့်သည်။
ဖခင်တစ်ယောက်အတွက် ဂုဏ်ယူဖွယ်ရာ သားကောင်းတစ်ယောက်လား။ သို့မဟုတ် ယောက္ခမတစ်ယောက်အတွက် ကျေနပ်လောက်သည့် သားမက်တစ်ယောက်လား။
သားနှစ်ယောက်အတွက် ဖခင်ကောင်းတစ်ယောက်လား။ သို့မဟုတ် ဇနီးတစ်ယောက်အတွက် ခင်ပွန်းကောင်းတစ်ယောက်လား။
ကျန်သည့်မေးခွန်းများကို ခပ်ဝါးဝါးဖြေမိမည်ဖြစ်သော်လည်း သားနှစ်ယောက်အတွက် ဖခင်ကောင်းဖြစ်ဖို့ ကြိုးစားနေသူဖြစ်သည်။ ဆယ့်နှစ်နှစ်ကျော်သောက်ခဲ့သည့် ဆေးလိပ်ကို သားတို့မမွေးမီပင် အချိန်မီဖြတ်ခဲ့သူဖြစ်သည်။ ဘီယာအရက်ကို သောက်ဖို့မကြိုးစားခဲ့သူဖြစ်သည်။ အားလပ်ချိန်များကို မိသားစုနှင့်အတူဖြတ်သန်းနေသူဖြစ်သည်။ မိသားစု၏ လိုအပ်ချက်လေးများကို တတ်နိုင်သမျှဖြည့်စွမ်းပေးနေသူ ဖြစ်သည်။
ကိုယ်ပိုင်ကျောင်းကြီးများတွင် ကျောင်းထားမပေးနိုင်၍၊ ခဲသားရောင်စိန်ပွင့်များ ခန္ဓာကိုယ်ပေါ် မဆင်ယင်ပေးနိုင်၍ ဖခင်ကောင်း၊ ခင်ပွန်းကောင်းဟု သတ်မှတ်ရန်ခက်ခဲနေပါလျှင် သင်နှစ်သက်သည့် နေရာတစ်ခုတွင် ကျွန်တော့်၏အမည်ကို ချိန်ဆွဲပစ်ခဲ့ပါ။
ယခုအချိန်တွင် ကျွန်တော်ပြောလိုသည့် စကားတစ်ခွန်းရှိသည်။ မပြောဘဲနှင့်လည်း သိနေနိုင်သည့် စကားဖြစ်သည်။ ထိုစကားမှာ…
“ ကျွန်တော့်ဖြစ်တည်မှုကို ကျေနပ်တယ်…”

                                                                               ချစ်ခြင်းများဖြင့်
                                                                                                သင့်ရဲ့
                                                                                                        ရှဥ့်ညိုလေး
(၁၃.၄.၂၀၁၆ နေ့လည်၁၂း၄၀မိနစ်)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း