ကျွန်တော်နှင့် ရူးသွပ်ခြင်းအနုပညာသည်များ
ကျွန်တော်နှင့် ရူးသွပ်ခြင်းအနုပညာသည်များ
ခုတလော ကျွန်တော်စဉ်းစားမိနေသည်ကအရူးအကြောင်းဖြစ်သည်။ ပညာရှင်များဖွင့်ဆိုထားသည့်
အရူးဆိုသည်ကား … ဆိုသောအဓိပ္ပါယ်ထက် ပို၍သိလိုခြင်းဖြစ်သည်။ လူတချို့၏ “ ရူးချင်တယ်၊
ရူးချင်တယ်” ဆိုသောညည်းသံတချို့ကိုမကြာခဏ ကြားမိလာရချိန်တွင် အရူးအကြောင်းကိုပို၍ စိတ်ဝင်စားလာမိခြင်း
ဖြစ်သည်။
အရူးမှာကောင်းကွက်တစ်ခုခုရှိ၍သာရူးချင်ကြခြင်းဖြစ်မည်။
ထိုကောင်းကွက်ကို ကျွန်တော်ဖော်ထုတ်ချင်သည်။ သို့မဟုတ် ခံစားကြည့်ချင်သည်။
“ တောက် သေချင်ပြီထင်တယ်၊ မူးမူးရူးရူးနဲ့
…”
လမ်းမပေါ်မှာအရက်မူးနေသူကိုကွေ့ရှောင်မောင်းသွားသည့်
သတ္တုရောင်ပြောင်လက်တောက်ပနေသည့် ကားတစ်စီးပေါ်မှ လွင့်ပျံလာသည့် စကားသံနှင့်အတူ ကျွန်တော့်ခေါင်းထဲတွင်
မီးတစ်လုံးလင်းသွားသည်။ ရုပ်ပြကာတွန်းတွေထဲမှာဆိုလျှင် အကြံတစ်ခုခုရသွားသည်နှင့် မီးလုံးလေးလင်းသွားသည်ကိုဆွဲပြတတ်သည်
မဟုတ်လား။ ထားတော့။
ကျွန်တော့်မီးလုံးလေးအကြောင်းပြောပြချင်ပါသည်။
မူးမူးရူးရူးဟုဆိုထားသည် မဟုတ်လား။ မူးလျှင် ရူးမည်။ သို့မဟုတ် အရူးအဖြစ် ခေတ္တအလည်သွားရန်
ဖြတ်လမ်းသည် မူးခြင်းဖြစ်သည်။ ထို့ကြောင့် ကျွန်တော် မူးရန် ဆုံးဖြတ်လိုက်သည်။
သူငယ်ချင်းများဆုံမှသာလျှင် ဝိုင်းဖွဲ့တတ်သော၊
မဆုံလျှင် စုံအောင်လိုက်စုတတ်သောအပေါင်းအသင်းများနှင့် စုစည်းကာဝိုင်းဖွဲ့ပစ်လိုက်သည်။
သူငယ်ချင်းအားလုံးပျော်ကြသည်။ ကျွန်တော် တစ်ယောက်သာငူငူငေါင်ငေါင်နှင့် ဖြစ်သည်။ အမူးသောက်သည်။
မူးသည်။ သို့သော် လိုချင်သည့် အရူးအဆင့်သို့ မရောက်လိုက်ရ။ သူငယ်ချင်းအားလုံးမှောက်သွားသည်။
ကျွန်တော်လည်းမှောက်သည်။ နောက်ဆုံးအချိန်ထိဘယ်အချိန်ရူးမလဲစောင့်ကြည့်ရင်းမှောက်သွားခြင်းဖြစ်သည်။
နောက်ရက်မှာတော့ သံပုရာရည်ညှစ်ထားသည့် ကော်ဖီခါးချဉ်ချဉ်ကြီးကိုရှုံ့မဲ့သောက်ရင်းတကယ့်
အရူးဘဝကိုမဆိုထားဘိခေတ္တအရူးဘဝရောက်ရန်ပင် မလွယ်ကြောင်းသိလိုက်ရသည်။ မရနိုင်သည့်အရာကိုတောင့်တသည့်နည်းတူအရူးဆိုသောခေါင်းစဉ်အောက်တွင်
အတွေးတို့ကိုနယ်ချဲ့မိသည်။
“ သူ့တော့ ပြောမနေနဲ့ အရူးလိုင်စင်
ရထားတာ…”
ထိုစကားရပ်အောက်တွင် အရူးဆိုသည်ကကန့်သတ်မှုတချို့ကိုချိုးဖောက်နိုင်ကြောင်း၊
ချိုးဖောက် ခွင့် ရတတ်ကြောင်းကိုသိလိုက်ရသည်။ အရူးအခွင့်အရေးကိုအသုံးချလိုသူတချို့က
ခေတ္တအရူးဘဝရောက်ချိန် ကျူးလွန်ခဲ့သည့် ပြစ်မှုတချို့အတွက် မူးနေလို့ပါဆိုသောဆင်ခြေမျိုးပေးတတ်ကြသေးသည်။
ဥပဒေကြိမ်လုံးကျောပေါ်တည့်တည့် မကျစေရန်အတွက်
ရှောင်လွှဲသည့် ဆင်ခြေဖြစ်သော်လည်းဥပဒေသည် ဥပဒေသာဖြစ်သည်။ ဒီမိုကရေစီနိုင်ငံများ၌ ဥပဒေအထက်တွင်
မည်သူမျှမရှိဟုဆိုထားသည် မဟုတ်လား။
ဥပဒေအထက်တွင် တစ်စုံတစ်ခုရှိနေသော နိုင်ငံများလည်းရှိသည်။
အာဏာရှင် နိုင်ငံများဖြစ်သည်။ အာဏာရှင်များအတွက်မူဆင်ခြေပေးရန်မလိုသောအခွင့်အရေးကိုပိုင်ဆိုင်ထားသည်။
မည်သည့်နိုင်ငံအတွက် ရည်ရွယ်ပြီးရေးသားထားမှန်းမသိသောစာသားတစ်ခုကိုသတိရမိသေးသည်။
“ ဥပဒေသည် လူဆင်းရဲကိုအနိုင်ကျင့်၍
လူချမ်းသာသည် ၎င်းဥပဒေကိုအနိုင်ကျင့်လေသည် …”
ဆိုသောဂိုလ်းစမစ်၏
စာသားဖြစ်သည်။ မည်သို့ပင်ဆိုစေ ကျွန်တော်တို့အားလုံး နှစ်ဆယ့်သုံးနှစ်ပိုင်းတစ်ပိုင်းဒီဂရီတိမ်းစောင်းကာလည်နေသည့်
ကမ္ဘာကြီးပေါ်မှာနေထိုင်ကြသူများမဟုတ်လား။ တစ်ဦးနှင့်တစ်ဦးအမြင်တွေတူချင်မှလည်းတူမည်။
အမြင်စောင်းနေခြင်းမျိုးလည်း ဖြစ်နေနိုင်ပါသည်။ တူညီသည့်အရာတစ်ခုမှာ ကျွန်တော်တို့အားလုံးသိစိတ်နှင့်
တစ်စိတ်တစ်ပိုင်းရူးသွပ်နေခြင်းမျိုးဖြစ်မည် ထင်သည်။
ပြည်သူများ၏ ရူးသွပ်မှုကို ဖြည့်ဆည်းပေးနိုင်သည့်
ဖြည့်ဆည်းပေးကြသည့် ခေါင်းဆောင်များရှိသလိုရူးသွပ်မှုကိုအခွင့်ကောင်းယူတတ်ကြသည့် ခေါင်းဆောင်များလည်းရှိသည်။
မြန်မာပြည်သူတစ်ရပ် လုံးကလွတ်လပ်ရေးမှ လွတ်လပ်ရေးဆိုကာရူးသွပ်တောင့်တနေချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်
အာဇာနည်များကလွတ်လပ်ရေးကိုအရယူပေးခဲ့ကြသည်။
အမေရိကန်ပြည်သူများကပြောင်းလဲမှုကိုလိုလားနေချိန်
ဘားရက်အိုဘားမားကအားလုံးကိုပြောင်းပစ်မယ်ဆိုသောကြွေးကြော်သံနှင့်အတူ ပြည်သူများ၏ ထောက်ခံမဲကိုယူကာသမ္မတနေရာသို့
တက်လှမ်းသွားသည်။ ၎င်းကြွေးကြော်သလို ပြည်သူများရူးသွပ်စွာတောင့်တနေသည့် ပြောင်းလဲမှုကိုလုပ်ဆောင်ပေးခဲ့နိုင်သလားဆိုသောအဖြေအတွက်မူသမ္မတသက်တမ်းကုန်ဆုံးသည်အထိစောင့်ကြည့်ရ
ပေလိမ့်မည်။
ကြွေးကြော်သံသည် ကြွေးကြော်သံသက်သက်ဖြစ်ကြောင်းကို
နိုင်ငံရေးဟာသပုံပြင်တစ်ပုဒ်တွင် ဖတ်ခဲ့ရဖူးသည်။ အနိုင်ရပြီးတဲ့ နိုင်ငံရေးသမားတွေရဲ့
သက်တမ်းတစ်ဝက်ကသူတို့ကိုထောက်ခံခဲ့တဲ့ ပြည်နယ်တွေ လှည့်လည်ရင်းနဲ့ ကုန်သွားတယ်။ ကျန်သက်တမ်းတစ်ဝက်ကသူတို့ကြွေးကြော်ထားတဲ့
အတိုင်းဘာ့ကြောင့်အကောင်အထည် မဖော်နိုင်ခဲ့သလဲဆိုတဲ့အချက်ကို ပြည်သူတွေရှင်းပြရင်းနဲ့ပဲအချိန်
ကုန်ခဲ့တော့တယ် ဆိုသောပုံပြင်ဖြစ်သည်။
ယခုအချိန်တွင် ပြည်သူတစ်ရပ်လုံးရူးသွပ်စွာတောင့်တနေသည်မှာဒီမိုကရေစီစစ်စစ်ဖြစ်သည်။
သို့သော် ထိုခေါင်းစဉ်အောက်တွင် ပြောင်းလဲလိုသည့်၊
တောင့်တနေသည့် ကဏ္ဍများကများလွန်းလှသည်။ လိုအပ်ချက်များစွာဖြစ်နေသဖြင့် သမ္မတရွေးချယ်ခံမည့်
ပုဂ္ဂိုလ်များသည်ပင် မည်သည့်ဆောင်ပုဒ်ကိုကြွေးကြော်ကာမဲဆွယ်ရမည် မသိလောက်အောင် များလွန်းလှသည်။
ရိုးသားမှုကိုမျက်ကွယ်ပြုလာသည့် လူသားများများပြားလာခြင်းကလည်းဝမ်းနည်းစရာဖြစ်သည်။
“ ကျွန်တော်သာသမ္မတကြီးဖြစ်ခဲ့ရင်
…”
“ ကျွန်မသမ္မတဖြစ်ချင်ပါတယ် …”
ထိုသို့သောစကားသံများအောက်တွင် ရယ်သံတို့ကတိုးတိုးတစ်မျိုး၊
ကျယ်ကျယ်တစ်ဖုံကျယ်လောင်ခဲ့ဖူးသည်။ ကလေးဘဝတွင် ဆရာဝန်ကြီးလုပ်မယ်၊ စစ်ဗိုလ်ကြီးလုပ်မယ်၊
ယုတ်စွအဆုံးပန်းချီဆရာကြီးလုပ်မယ်ဟုဆိုခဲ့လျှင် အားပေးအားမြှောက် ပြုခဲ့ကြသည့် လူကြီးများဖြစ်သည်။
ကလေးတစ်ယောက်၏ ရူးသွပ်မှုတွင် စိတ်ကူးယဉ်မှုကရာနှုန်းပြည့်ဖြစ်သည်။ လူကြီးတစ်ယောက်၏ ရူးသွပ်မှုတွင်
အတွေ့အကြုံ၊ ဗဟုသုတနှင့် စိတ်ကူးယဉ်အိပ်မက်တို့ကိုအချိုးကျရောစပ်ထားသည်ကိုမေ့လျော့နေတတ်ကြသည်။
“ အောင်မာဒီကောင်ကပါတီထောင်ဦးမယ်
…”
လူတစ်ယောက်၏ ကျွမ်းကျင်မှုစကေးနှင့်
ရူးသွပ်မှုကိုလစ်လျူရှုထားသည့် ထိုပုဂ္ဂိုလ်ကြီးသည် နယ်ပယ်တစ်ခုကိုတိုးဝင်နေစဉ်က ၎င်း၏ရူးသွပ်မှုကိုကိုယ်တိုင်မေ့နေခဲ့သည်။
ကျွန်တော်၏ရူးသွပ်မှုကစာဖတ်ခြင်းဖြစ်သည်။
အက်ဆေးလေးများကိုမူပို၍နှစ်သက်သည်။ မီးခိုးရောင်စက်တင်ဘာဆိုသောဆရာမမေဇော်၏ အက်ဆေးလေးကို
နှစ်သက်စွာဖတ်ရှုနေစဉ် တစ်ခုသောစက်တင်ဘာတွင် ရေးခဲ့ဖူးသည့် ကဗျာတစ်ပုဒ်ကိုသတိရလိုက်မိသည်။
ထိုအရာသည် ကဗျာတစ်ပုဒ်အဖြစ် ပုံသဏ္ဍန်ပီပြင်ချင်မှ ပီပြင်ပေလိမ့်မည်။ သို့သော် ခံစားချက်သင်္ကေတတစ်ခု
ဖြစ်ခဲ့သည်ကသေချာသည်။
“ စက်တင်ဘာရဲ့ သန်းခေါင်ညဥ့်နက်
ဆိတ်ငြိမ်တိတ်လျက် အိပ်မောကျချိန်
မင်းအကြောင်းကိုတွေး၊ စာတွေရေးနဲ့
ခံစားချက်ကိုကဗျာအဖြစ်ပြောင်းလဲ
ရင်ဖွင့်မတောင်းရဲတဲ့ …”
ထိုစာစုလေးသူမထံရောက်ပြီးနောက်ပိုင်းသိပ်မကြာသည့်
အချိန်တစ်ခုတွင် အိပ်မက်တစ်ခုကို နှစ်ယောက်အတူမက်ခွင့်ရခဲ့သည်။ ရူးသွပ်မှုခြင်းအချိုးကျတူညီသည့်
သူမနှင့်ကျွန်တော် နှစ်ယောက်တစ်ကမ္ဘာကိုထူထောင်လိုက်ချိန်သည် မာယာများသည့် ကောင်းကင်ကြီးအနည်းငယ်ရူးသွပ်
နေချိန်ဖြစ်သည်။
ကျွန်တော်နေထိုင်သည်ကကျောက်မျက်ရတနာပေါကြွယ်သည့်
ရတနာနိုင်ငံတွင် ဖြစ်သည်။ ထိုစဉ်က ကျွန်တော်၏ပိုင်ဆိုင်မှုမှာအိမ်ရှေ့လမ်းခင်းနေစဉ်
ချေးတွန်းရန်ယူထားမိသည့် ကျောက်ခဲတစ်လုံးသာ ဖြစ်သည်။ သူမကရေချိုးနေစဉ် ဖနောင့်မှာရှိသည့်
ချေးညှော်များကို ကျွန်တော်ပိုင်ဆိုင်သည့် ကျောက်ခဲလေးနှင့်တွန်းရင်း၊ ရေးထားသည့် ကဗျာလေး၊
စာလေးများကိုဖတ်ရင်းကျေနပ်နေသူဖြစ်သည်။
အရောင်ပြောင်လက်သည့်
ကျောက်မျက်များကိုမပူဆာတတ်လောက်အောင် တုံးအ-သူတစ်ဦးလည်း ဖြစ်သည်။ သို့မဟုတ် ကျွန်တော်၏
အရှိတရားကိုအမှန်ကန်ဆုံးသုံးသပ်နိုင်သည့် လည်ဝယ်ထက်မြက်သည့် ဥာဏ်အမြင် ရှိသူလည်း ဖြစ်မည်။
ကျွန်တော်ကတော့ သူမ၏ ညှာတာစာနာမှုကိုလစ်လျူရှုကာရူးချင်ယောင် ဆောင်နေသူဖြစ်သည်။ ကျွန်တော်မရူးဘူးဆိုသည်ကိုလည်းကိုယ်တိုင်သိနေသူတစ်ဦး
ဖြစ်သည်။
ဘုရားရှင်လက်ထက်ကပဋာစာရီဆိုသည့် အမျိုးသမီးသည်
ကံကောင်းထောက်မစွာ၊ သို့မဟုတ် ကံဆိုးစွာရူးသွပ်ဖူးသည်။ နှလုံးသားတွင် ခံစားရသည့် ဒုက္ခဝေဒနာက
ပြင်းထန်လွန်းသည့်အတွက် သာမန် လူအဖြစ်ဖြင့် ရင်ဆိုင်နိုင်စွမ်းမရှိတော့သောကြောင့် အရူးအဖြစ်တစ်ဆင့်နှိမ့်ကာ၊
သို့မဟုတ် အရူးအဖြစ် အဆင့်မြှင့်ကာရင်ဆိုင်ကျော်ဖြတ်ခဲ့ခြင်းကသူမ၏ ကံဆိုးမှုတစ်ရပ်ဖြစ်သည်။
ဘုရားရှင်နှင့်တွေ့ကာဟောကြားလိုက်သည့်တရားကြောင့် ကျွတ်တမ်းဝင်ခဲ့ရခြင်းမှာကံကောင်းခြင်းတစ်ရပ်ဖြစ်သည်။
ထိတွေ့စမ်းသပ်၍ မရနိုင်သည့် နှလုံးအိမ်ထက်မှာသီးပွင့်သည့်
ဝေဒနာအခက်အလက်၊ အစို့အညှောက်တို့ကရပ်တည်ခြင်းငှာမစွမ်းနိုင်လောက်အောင် နှိပ်စက်ညှင်းပမ်းလာသောအခါ၊
သေဖို့ရန် မလိုအပ်သေးသော်လည်းသေသွားသည်ကသက်သာမည်ဟုထင်မြင်ယူဆမိလောက်အောင်ပင် ဆိုးရွားနေသောအခါ၊
တရားတော်များဖြင့် ဝေဒနာသက်သာလာအောင် နှလုံးမသွင်းနိုင်သေးသောအခါမျိုးတွင် အရူးအဖြစ်
ဖြတ်သန်းခြင်းသည် အကောင်းဆုံးမဟုတ်သော်လည်းသင့်တော်သည့် အခြေအနေ ဖြစ်မည်ထင်သည်။
ကျွန်တော့်နှလုံးသားသည် အရူးအဖြစ်ပြောင်းရန်
မလိုအပ်သောအခြေအနေတစ်ခုကိုပိုင်ဆိုင်ထားည်။ ဘဝ၏ ဒုက္ခအချို့ကိုကော်ဖီခါးခါးအဖြစ် မွှေနှောက်ဖျော်ပေးနေသူတစ်ယောက်ကြောင့်
ဖြစ်သည်။ အရူးဆိုသူကိုစိတ်ဝင်တစားဖြင့် ယနေ့ထိတိုင် ရှာဖွေနေဆဲဖြစ်သည်။ ဥစ္စာရူး၊ အာဏာရူး၊
မယားတရူးစသည်ဖြင့် အရူးအမျိုးမျိုးကိုတွေ့ဖူးပြီးဖြစ်သည်။
ကျွန်တော်တွေ့လိုသည့် အရူးတစ်မျိုးကိုခုချိန်မှပင်
တွေ့မိခြင်းဖြစ်သည်။ ထိုအရူးသည် ယခုအချိန်တွင် အရူးတစ်ယောက်ရေးထားသည့် စာကိုဖတ်ရှုနေသူတစ်ဦးဖြစ်သည်။
ထိုအရူးသည် ကျွန်တော်ရှာဖွေနေသည့် အရူးလည်းဖြစ်သည်။
သို့မဟုတ် ကျွန်တော် ချစ်မြတ်နိုးသည့် အရူးလည်း
ဖြစ်သည်။
***** ***** *****
(၈.၅.၂၀၁၅
ည ၉း၀၀ နာရီတိတိ)
ကိုယ်တောင်အရူးဖြစ်သွားပြီ
ReplyDeleteဒါဆို ကျွန်တော် ချစ်တဲ့အရူးပဲ ဖြစ်မှာပါ...
Delete